ရသဆောင်းပါးစုံ

ဇင်လင်း – ပြည်တွင်းစစ်ရပ်စဲရေး ဘာကြောင့် မအောင်မြင်သေးသလဲ?

ပြည်တွင်းစစ်ရပ်စဲရေး ဘာကြောင့် မအောင်မြင်သေးသလဲ?
ဇင်လင်း
ဇူလိုင် ၁၇၊ ၂၀၁၄
 
 

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို၊ ယေဘုယျစိပ်ဖြာကြည့်တဲ့အခါ၊ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်နေပုံအပေါ် သံသယဖြစ်စရာ တွေ တစ်ခုပြီး တစ်ခုတွေ့နေရတယ်။ အထူးသဖြင့် အစိုးရသက်တမ်း(၃)နှစ် ကျော်ခဲ့ပေမယ် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအပိုင်းမှာ ထင်ရှားတဲ့တိုးတက်မှုရယ်လို့ ပြစရာမမြင်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒီလိုပြောရတာက လူထုရဲ့နေ့စဉ် ဘ၀ စားဝတ်နေရေး အခြေအနေတွေ ဆုတ်ယုတ်ပြီးရင်း၊ ဆုတ်ယုတ်ရင်း ဖြစ်နေတာက တစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် သာမန်ပြည်သူလူထုအနေနဲ့ အားကိုးရမယ့် တရားစီရင်ရေးစနစ် အခုထိ ဖေါ်ဆောင်မပေးနိုင်သေးတာလည်း တစ်ကြောင်း၊ နောက်ထပ် ပညာရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး ရေကိစ္စ လျှပ်စစ်မီးကိစ္စ အစစအရာရာမှာ ပြဿနာတွေ အသီးသီး ဖြစ်နေတာကို ကြည့်ရင် လက်ရှိ အစိုးရ လုပ်ဆောင်ချက်တွေ တိုးတက်မှု ရှိ မရှိ သိနိုင်ပါတယ်။ အဆိုးဆုံးကတော့ ပြည်တွင်းစစ် ရပ်စဲရေးမလုပ်နိုင်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးတဲ့ ကိစ္စဖြစ်ပါတယ်။

ဒီလိုဘာကြောင့် လူထုဘ၀ တိုးတက်မှုကို အစိုးရက ဖန်တီးမပေးနိုင် ဖြစ်နေရသလဲ။ အဖြေက ရိုးရှင်းပါတယ်။ တလွဲဆံပင် ကောင်း နေလို့ပါပဲ။ ပြည်တွင်းစစ် ရပ်ရေးကိစ္စကို မလိုအပ်ဘဲ၊ အချိန်ဆွဲနေတယ်။ တရားဥပဒေစိုးမိုးရေးကိစ္စမှာ ကျောသားရင်သားခွဲခြားမှု တွေ ရှိနေတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတယ် ဆိုသော်ငြားလည်း၊ စစ်ဆင်ရေးတွေ ဆက်လုပ်နေတာတွေ့နေရတယ်။ တိုက်ပွဲတွေက တိုင်းရင်းသားနယ်မြေတွေထဲကို အစိုးရတပ်က ၀င်တိုက်လို့ ဖြစ်ရတာ ဖြစ်တယ်။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်မှာ ဘာကြောင့် စစ်ရေးလှုပ်ရှာမှုတွေ ယာယီရပ်မထားနိုင် ရတာလဲ။ စစ်ရေးဖြစ်စဉ်တွေကို ကြည့်ရင် ငြိမ်းချမ်းရေးဆွေနွေးပွဲအပေါ် တိုင်းရင်းသားတွေ ယုံကြည်မှု ပျက်ပြားစရာ ဖြစ်နေပါတယ်။ အစိုးရရဲ့ စေတနာ ရိုးသားရဲ့လား။ ဒါမှမဟုတ် တပ်မတော်ရဲ့ စေတနာကပဲ လမ်းလွဲနေတာလား။ အစိုးရနဲ့ တပ်မတော်အကြား မူဝါဒ သဘောထားတွေ ကွဲလွဲမှု ရှိနေသလား….စသည်ဖြင့် တိုင်းရင်းသားအဖွဲ့တွေဘက်က မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။ ဒီလိုသာ တစ်ဖက်မှာ အစိုးရရဲ့ MPC က ငြိမ်းချမ်းရေး စကားပြော၊ အခြားတစ်ဖက်မှာ တပ်မတော်က စစ်ဆင်ရေးဆက်လုပ်၊ ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ ထပ်တလဲလဲ ဖြစ်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အာဏာတည်မြဲရေး သေနင်္ဂဗျူဟာတွေထဲက နည်းဗျူဟာ တစ်ကွက် လားလို့ မေးခွန်းထုတ်စရာဖြစ်လာမယ် ထင်ပါတယ်။

နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကြောင့်၊  မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသား စစ်ဘေးဒုက္ခသည် သိန်း ဂဏန်းနဲ့ ချီပြီး ဆင်းရဲဒုက္ခခံစားနေရတာကို စစ်ပြုနေကြတဲ့ ခေါင်းဆောင်များ သတိပြုမိကြရဲ့လား။ လူသားချင်း စာနာမှုတရား ရှိကြရဲ့လားလို့ နိုင်ငံရေးအကဲခတ် အ၀န်းအ၀ိုင်းက မေးခွန်းထုတ်နေကြပါတယ်။ ငြိမ်းချမ်းရေးဆီ ဦးတည် ဆောင်ရွက်နေချိန်မှာ  စစ်ဘေးစစ်ဒဏ်က ပုန်းရှောင်နေကြရတဲ့ ဒုက္ခသည် စခန်းတွေမှာ စစ်ဘေးသင့် တိုင်းရင်းသားပြည်သူအရေအတွက် တိုးသည်ထက် တိုးလာနေတာ ဘယ်သူ့မှာ တာဝန်ရှိ ပါသလဲ။ အစိုးရဆိုတာ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့လိုပါတယ်။ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အပါအ၀င် အပြစ်မဲ့ အရပ်သားပြည်သူပြည်သား သိန်းဂဏန်းများစွာဟာ ဒီပြည်တွင်းစစ်ရဲ့ ဆိုးကျိုးမျိုးစုံကို ခါးစည်းခံနေကြရပါတယ်။ အစိုးရက ထိရောက်တဲ့ ကူညီမှု မပေးကြောင်း အစိုးရမဟုတ်တဲ့ အရပ်ဖက်လူမှုရေးအဖွဲ့တွေက ဝေဖန်နေသံလည်း ကြားနေရပါတယ်။

မကြာသေးခင်က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်း ခရိုင် ချင်းဆဲန် မြို့နယ် အတွင်း မဲခေါင်မြစ်ကမ်းပေါ်က ဟိုတယ်တစ်ခုမှာ၊   အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီး ဦးခင်မောင်စိုး၊ မြန်မာငြိမ်းချမ်းရေး စင်တာ MPC မှ အကြီးတန်း အရာရှိများ ပါဝင်တဲ့ အဖွဲ့နဲ့ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်တို့ အလွတ်သဘောဆွေးနွေးခဲ့ ကြကြောင်း သျှမ်းသံတော်ဆင့် သတင်းအရ သိရပါတယ်။ ဆွေနွေးပွဲကို ၂၀၁၄ ဇွန်လ ၁၉ ရက်နေ့ကပြုလုပ်ပါတယ်။ သျှမ်းပြည်တပ်မတော်ဘက်က ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်ပြီး၊ အကြံပေး ပုဂ္ဂိုလ်  စဝ်ခွန်းဆိုင်၊  သျှမ်းပြည်တပ်မတော်၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ပေါင်ခေး၊ အဖွဲ့ဝင်/ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးစိုင်းငင်း နှင့် ဗိုလ်မှူးကြီးစိုင်းလှ တို့ပါဝင်ပါတယ်။

ဆွေးနွေးပွဲမှာ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောစကားတစ်ရပ်ကို အစိုးရနဲ့ တပ်မတော်အနေနဲ့ အလေးထားဖို့ကောင်းပါတယ်။ ဒု ဗိုလ်ချုပ် ကြီးယွက်စစ်က – “တကယ်တော့ အပစ်ရပ်ရေးသဘောတူထားတယ်ဆိုရင် ဘယ်မှာဘဲတွေ့တွေ့ လုံးဝ မပစ်ခတ်သင့် တော့ဘူး။ ပစ်ခတ်ဖို့ လည်း ဘာအကြောင်းပြချက်မှမရှိသင့်တော့ဘူးလေ။ နောက်တခုငြိမ်းချမ်းရေး တည်ဆောက်တယ် ဆိုတာ နိုင်ငံရေးပါတီတွေ ပြည်သူ လူထုတွေလည်း ပါဝင်လာတော့မယ်။ ဆိုတော့ ၁၇/၁ ဥပဒေနဲ့ ပြည်သူလူထု နဲ့ နိုင်ငံရေးပါတီတွေကို လိုက်လံဖမ်းဆီး အပြစ်ပေးနေတာတွေလဲ မရှိသင့်တော့ဘူး ။ ပြီးခဲ့တာတွေ ပြီးပါစေတော့။ ရှေ့ဆက်ထပ်မဖြစ်ဖို့ဘဲအရေးကြီးတယ်။ တွေ့ဆုံ ဆွေးနွေးပြီး ပြဿနာဖြေရှင်းနိုင်တယ် ဆိုပေမယ့်၊ အထက်ပိုင်းက အချင်းချင်းနားလည်မှုရှိကြတယ်ဆိုပေမယ့် အစိုးရအပေါ်  လူထုက သံသယဖြစ်စေမယ်။ ယုံကြည်မှု လျော့ပါး သွားမယ်။ ဒါကြောင့်အခုအချိန်မှာ လူထုဆီကယုံကြည်မှုရအောင် အမြန်ဆုံး ပြန်လုပ်သင့်တယ်”  လို့ သျှမ်းသံတော်ဆင့် သတင်းကို ပြောကြား ခဲ့တာ ကြားရပါတယ်။

၂၀၁၄ မေလ (၆) ရက်နေ့က ကျိုင်းတုံဆက်ဆံရေး ရုံးကို ဝင်ရှာတဲ့ကိစ္စ၊ SNLD ပါတီ ကျေးရွာ အဆင့်ရုံးခွဲ ဥက္ကဌကို ဖမ်းဆီး စွပ်စွဲတဲ့ကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ပုဒ်မ ၁၇(၁)နဲ့  ထပ်မံ အရေးမယူဖို့ ဆွေးနွေးပြောဆိုကြတယ်လို့ လည်းသိရပါတယ်။ SSA တပ်မိသားစု အိုးအိမ်တွေ တည်ဆောက်ပေးဖို့ကိစ္စနဲ့ IDP စစ်ရှောင် ဒုက္ခသည်တွေ နေရာချထားရေးအတွက် အိုးအိမ်တည်ဆောက်ရေးကိစ္စတွေ ဆက်လက်ညှိနှိုင်းသွားဖို့  ဆုံးဖြတ်နိုင်တယ် လို့ သတင်းတွေအရ သိရပါတယ်။ အခြား အရေးကြီးတဲ့ အချက်တွေကတော့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အဆင့် အပစ် အခတ်ရပ်စဲရေးသဘောတူညီထားတဲ့ အချက်တွေ ဆက်လက် အကောင်အထည်ဖော်ရေး၊ အောက်ခြေအဆင့် မှာ ဖြစ်ပွားတဲ့ ပြဿနာတွေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေး ဖြေရှင်းရေး၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အမြန်ဆုံး ဖေါ်ဆောင်ရေး၊ ၂ဝ၁၅ နှစ်ဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးမှု စတင်ကျင်းပနိုင်ရေး…တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီ ဖြစ်ရပ်တွေကို သုံးသပ်ကြည့်ရင် RCSS/SSA နဲ့ ပြည်နယ်အဆင့် အပစ်ရပ်ရေး လက်မှတ်ထိုးထားပြီး ဖြစ်သော်လည်း၊ RCSS/SSA ကျိုင်းတုံရုံးကို ရဲတွေ၊ ထောက်လှမ်းရေးတွေ၊ စစ်သားတွေနဲ့ဝင်ရောက်စီးနင်းတဲ့ လုပ်ရပ်မျိုးကတော့ ယုံကြည်မှု ပျက်ပြားအောင်လုပ်ရာ ကျပါတယ်။ RCSS/SSA ကိုယ်စားလှယ်ရုံးအနေနဲ့ ဘယ်သူမဆို လာရောက်တွေ့ဆုံ ဆွေးနွေးချင်ရင် ဆွေးနွေးနိုင်ဖို့ တံခါးဖွင့်ထားတဲ့ ရုံးလို့ သတင်းတွေအရ သိရပါတယ်။ ရုံးကို စစ်ဆေးချင်ရင်လည်း တရားဝင် အကြောင်းကြားပြီး ကောင်းကောင်းမွန်မွန် စစ်ဆေးရင် ရနိုင်ပါ တယ်။ ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းဘဲ၊ အင်အားသုံး စီးနင်းတာကတော့ အလွန် အရုပ်ဆိုးအကျည်း တန်တဲ့ ကိစ္စလို့ဆိုရပါလိမ့်မယ်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က နိုင်ငံရေးပါတီဆိုတာ နိုင်ငံကောင်းစားရေး ဝိုင်းဝန်းကြိုးပမ်းနေသူတွေဖြစ်တယ်။ အစိုးရစစ်တပ်က ဥပဒေကိုမလေးမစား၊ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း  အကြောင်း မကြားဘဲ အရပ်ဖက် ပါတီအဖွဲ့အစည်းနဲ့ လူထုအပေါ် တံခါးမရှိ ဓါးမရှိ ကျူးကျော်နှိပ်စက်တဲ့ လုပ်ရပ်ဟာ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေ ရုံမက၊ တိုင်းရင်းသားတွေအနေနဲ့အစိုးရအပေါ်ယုံ ကြည်မှုကိုပါ  ပျက်ပြားစေလိမ့်မယ် လို့ သျှမ်းသံတော်ဆင့်ကို ပြောကြားတာ သတိပြုမိပါတယ်။

အထက်ပါ ဆွေးနွေးမှု အခြေအနေကို ကြည့်ရင် အစိုးရကိုယ်စားလှယ် ဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ အရင်တုံးက သဘောတူထားတဲ့ အချက်တွေကိုတောင် ယခုထိ အကောင်အထည်ဖေါ်ပေးနိုင်ခြင်း မရှိတာ တွေ့ရတယ်။ အထူးသဖြင့် အစိုးရနဲ့ သဘောတူညီမှုအရ ဖွင့်ထားတဲ့ RCSS/SSA ကျိုင်းတုံ ဆက်ဆံရေးရုံးကို တပ်ဖက်က ၀င်ရောက်စီးနင်း တာမျိုးက အစိုးရရဲ့အာဏာကို တပ်က မလေးမစားလုပ်ရာ ရောက်နေတာ တွေ့ရတယ်။ ဒီဖြစ်ရပ်က အစိုးရက လက်နဲ့ရေးတာကို တပ်က ခြေနဲ့ဖျက်နေတဲ့သဘော သက်ရောက်တယ်။ အခုလို ဦးနင်း ပဲ့ထောင်ဖြစ်ရပ်မျိုးတွေကြောင့် လက်ရှိ အစိုးရရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေဟာ “ခြင်းကြားကြီးနဲ့ရေကို သယ်” ဆိုသလို အရာမရောက် ဖြစ်နေတယ်လို့ ထင်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတော့ အဆက်မပြတ် လုပ်နေတာပဲ။ တချိန်တည်းမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် တွေထဲမှာ စစ်ရေးခြိမ်းခြောက်မှုတွေလည်း ဆက်တိုက်ဖြစ်နေပြန်တယ်။ ဒီတော့ တစ်ဖက်မှာ MPC က ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေ အဆက်မပြတ်လုပ်နေသော်ငြားလည်း၊ တပ်မတော်က တစ်ဖက်မှာ စဉ်ဆက်မပြတ် စစ်ဆင်ရေးတွေ လုပ်နေတဲ့ အတွက်  ဒီ ဖြစ်စဉ် နှစ်ခုက ဘာကြောင့် ရှေ့နောက်မညီဖြစ်နေရတာလဲ…လို့ ပြည်သူလူထု အနေနဲ့ မေးခွန်းထုတ် ဖို့ ဖြစ်လာပါတယ်။ ဒီလို စစ်ပွဲတွေ မရပ်တဲ့ကိစ္စဟာ၊ တစ်ဖက်မှာ အစိုးရက အဆက်မပြတ်ကြွေးကြော်နေတဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံကိန်းနဲ့ လည်း အတော်ကြီး လွဲချော်နေပြန်တယ်။ စစ်ပွဲတစ်ပွဲ ဆင်နွှဲဖို့အတွက် စစ်သားသား ရာပေါင်းများစွာအတွက်၊ စားနပ်ရိက္ခာ၊ စစ်ဝတ်တန်ဆာပလာ၊ ဆေးဝါးကုသမှု…အစရှိတဲ့ ကုန်ကျစရိတ်တွေဟာ အလွန်ကြီးပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ဆံဖိုး၊ သယ်ယူပို့ဆောင်စရိတ်၊ ဆက်သွယ်ရေးယန္တရားစရိတ်၊ အစရှိတဲ့ ပြည်သူ့ဘဏ္ဍာငွေထဲက ကုန်ကျရတဲ့ စရိတ်တွေဟာ အလွန်တရာ နှမျောစရာကောင်းပါတယ်။ ဒီအထဲကမှ သေကြ ကြေကြ၊ ဒဏ်ရာအနာတရ ရရှိကြပြန်တော့လည်း  ထပ်ဆင့်ပြီး ပြည်သူ့အခွန်ဘဏ္ဍာငွေတွေ အလဟဿ ကုန်ရပြန်တယ်။

ပြည်သူအတွက် အကျိုးတစ်စုံတစ်ရာမရှိတဲ့ စစ်ဆင်ရေးတစ်ခုကို တပ်မတော်က ရပ်ဆိုင်းလိုက်မယ်ဆိုရင်၊ မူလတန်းကျောင်း တစ်ဆောင် (သို့မဟုတ်) တိုက်နယ် ဆေးရုံ အဆောက်အဦးအသစ်တစ်ခု တည်ဆောက်လို့ ရနိုင်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေး နေစဉ် အတောအတွင်းမှာသာ စစ်ပွဲတွေ ရပ်ထားနိုင်ရင်တောင် အဲဒီ စစ်စရိတ်တွေဟာ နိုင်ငံပြန်လည်ထူထောင်ရေးအတွက် အထောက် အပံ့ဖြစ်လာမှာ ဖြစ်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲမှာပဲ၊ စစ်ပွဲတွေ ဆင်နွှဲမှုက အတောမသတ်ဖြစ်နေ တယ်။ စစ်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ များသည်ထက် များလာတာ မြန်မာသိ ကမ္ဘာသိကိစ္စဖြစ်ပါတယ်။ စစ်စရိတ်တွေ ထောင်းလို့ တိုင်းပြည်လူထုမှာ မလိုလားအပ်တဲ့ အခွန်အခတွေ တိုးဆောင်နေရပြန်တယ်။

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများ အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း၊ ဒေသခံ ပြည်သူများ အေးချမ်းစွာ ပြန်လည် နေထိုင် လုပ်ကိုင်စား သောက်နိုင်ရေး အတွက်  တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ဖို့လိုအပ်ကြောင်း၊ ကျားဖြူပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မှိုင်းက ဂျူလိုင် ၁၅ ရက်နေ့ က လွှတ်တော်မှာ အဆိုတင်သွင်း ခဲ့တယ်၊ လို့ သျှမ်းသံတော်ဆင့် သတင်းက ဖေါ်ပြပါတယ်။ နှစ်ဘက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေး၊ တပ်အင်အားဖြည့်တင်းမှုလျှော့ချရေး နဲ့ စစ်ဘေး ရှောင်ဒေသခံတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း အမြန်ဆုံးကူညီဖြေရှင်း အတွက် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းတဲ့ အဆိုတရပ်ကို ၂၀၁၄ ဂျူလိုင် ၁၅ ရက်နေ့ က ကျားဖြူပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မှိုင်းက ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီတော့ ဒီ မတရားတဲ့ စစ်ပွဲတွေဟာ ပြည်သူလူထုကို အကျိုးမပြုတာကတော့ အသေအချာပါပဲ။ ပြည်သူလူထုက မထောက်ခံတာ ကတော့ ပိုသေချာပါသေးတယ်။ ဒါဖြင့်ရင် ဒီစစ်ပွဲတွေက ဘယ်သူ့အကျိုးစီးပွားအတွက် တိုက်နေကြ တာလဲ။ ပြည်သူလူထုအတွက် မဟုတ်တာ သေချာပါတယ်။ လက်တစ်ဆုပ်စာ လူတစ်စု အာဏာတည်မြဲရေးအတွက်ပဲ ဖြစ်ဖို့ များပါတယ်။ အဲဒီ လက်တစ်ဆုပ်စာ လူတစ်စု ဆိုတာလည်း စစ်တပ်ကို ကိုယ်ကျိုးအတွက် အသုံးချနေသူတွေ ဖြစ်မှာ သေချာပါတယ်။ အဲဒီ လက်တစ်ဆုပ်စာ လူတစ်စုကပဲ ငြိမ်းချမ်းရေးလုပ်ပွဲတွေ ဖန်တီးထားတာပဲ။ သူတို့ ဖန်တီး ထားတဲ့ မတရားတဲ့ စစ်ပွဲတွေကို အကာအကွယ်ပေးဖို့ ဟန်ပြ ငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ပွဲတွေ ဖန်တီးနေတာလည်း သူတို့ပါပဲ။ ဒီတော့ ဒီ အကျိုးမဲ့ စစ်ပွဲတွေကို အမြန်ဆုံးရပ်စဲဖို့ လူထုလူတန်းစား အဖွဲ့အစည်းတွေက တောင်းဆိုကြတာကို အစိုးရအနေနဲ့ မသိကျိုးကျွံပြု မနေသင့်ပါ။ ညီနောင်အချင်းချင်း သွေးမြေကျစေတဲ့၊ ဒီ အကျိုးမဲ့ ပြည်တွင်းစစ်ပွဲတွေဟာ ရေရှည်မှာ တိုင်းပြည်တည်ငြိမ်ရေးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရက သဘောထားမှန်မှန်ကန်ကန်ထားပြီး တိုင်းရင်းသားတွေအပေါ် နိုင်ငံရေး စစ်ရေးအရ အမြတ်မထုတ်ဘဲ၊ တစ်ဖက်သတ်အပစ်အခတ် ရပ်စဲသင့်ပါပြီ။ ဒီ စစ်ပွဲတွေနဲ့ နိုင်ငံရေး စစ်ရေး အမြတ်ထုတ်မှုတွေ ဆက်လုပ်နေမယ်ဆိုရင်၊ လူထုရဲ့နေ့စဉ် ဘ၀ စားဝတ်နေရေး အခြေအနေတွေ ဆုတ်ယုတ်ရာကနေ စီးပွားရေး နိုင်ငံရေး မတည်မငြိမ်ဖြစ်လာဖို့ သေချာပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မိမိတပ်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ကွပ်ကဲဖို့ လိုပါတယ်။ လက်ရှိအခြေအနေမှာ  စစ်တပ်က အစိုးရပြုပြင်ပြောင်းလဲရေးလမ်းစဉ်နဲ့ သွေဖည်ခွင့်ရနေတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်ကို တပ်နေရာမှာ မထားတာကြောင့်ပါပဲ။

နိုင်ငံတကာမှာ စစ်တပ်တိုင်းဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုအောက်မှာ ရှိကြပါတယ်။ ကာကွယ်ရေးဦးစီချုပ်ဟာ ကာကွယ်ရေးဝန်ကြီးရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရှိရပါတယ်။ စစ်ပွဲတစ်ပွဲ ဆင်နွှဲဖို့ကိစ္စကို လွှတ်တော်နှစ်ရပ်က သဘောမတူဘဲ၊ သမ္မတက အတည်မပြုဘဲ၊ ကာကွယ်ရေးဝန်ကြီးတစ်ဦးတည်း သဘောနဲ့ဆုံးဖြတ်လို့ မရပါဘူး။ ကာကွယ်ရေးဦးစီးချုပ်က ၀န်ကြီး ရဲ့ အမိန့်မရဘဲ၊ တပ်တွေကို ဆက်လက် အမိန့်ပေးခွင့် မရှိပါဘူး။   မြန်မာပြည်မှာသာ ကပြောင်းကပြန်ဖြစ်ပြီး၊ ကာကွယ်ရေး ၀န်ကြီးဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အစေခံ ဖြစ်နေရပါတယ်။ ဒီ ကိစ္စဟာ မြန်မာပြည်အတွက် အတော် အရေးကြီးပါတယ်။ စစ်တပ်ကို ပါလီမန်နဲ့ သမ္မတက မထိန်းချုပ်နိုင်သရွေ့၊ ဒီနေ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြုးပမ်းမှုတွေဟာ အရာထင်မှာ မဟုတ်ပါလို့ သုံးသပ်မိပါတယ်။

ဒီ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ စစ်တပ်ကို စစ်တန်းလျားပြန်ပို့ဖိုလိုပါလိမ့်မယ်။ အခုလို အာဏာစီးဆင်းမှု ရှေ့နောက်မညီ ဖြစ်နေရတာဟာ၊ စစ်အာဏာဗဟိုပြု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ အားနည်းချက်ကြောင့် ပါပဲ။ လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ Democratic Constitution ဖြစ်မယ်ဆိုရင်၊ (သို့မဟုတ်) မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ဟာ Constitutional Liberalism ကို စံနမူနာထားမယ်ဆိုရင်၊ စစ်တပ်ဟာ ဂုဏ်သိက္ခာရှိစွာ စစ်တန်းလျားမှာ နေပြီး နိုင်ငံ့ကာကွယ်ရေးတာဝန်တွေကို အလေးထား ထမ်းရွက်နေရမှာ ဖြစ်တယ်။ မိမိမကျွမ်းကျင်တဲ့၊ မိမိနဲ့မပတ်သက်တဲ့၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ ၀င်ရောက် တာဝန်ယူစရာ လိုမယ် မဟုတ်ပါဘူး။ မိမိနဲ့မဆိုင်တဲ့ စီးပွားရေးကဏ္ဍမှာလည်း ၀င်ရောက် ဆောင်ရွက် စရာ လိုမယ်မဟုတ်ပါဘူး။ သူ့နေရာနဲ့ သူ၊ အရပ်ဖက်ဝန်ထမ်းတွေရဲ့ တာဝန်ထမ်းရွက်မှုကို စစ်တပ်က လေးစားနားလည်ဖို့ လိုပါတယ်။   နှစ်ပေါင်း (၅၀)ကျော် စစ်တပ်က မိမိနဲ့ မပတ်သက်တဲ့ ကဏ္ဍတွေမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ခြင်းကြောင့် ဒီကနေ့မြန်မာပြည်ဟာ Least Developed Country ဘ၀ကို ရောက်ခဲ့ရခြင်းဖြစ်ပါတယ်။ ဒီအချက်ကို စစ်ခေါင်းဆောင်တွေ မျက်စိမှိတ် ငြင်းနေသမျှ၊ ပြည်တွင်းစစ် သက်ဆိုးရှည်မြဲ ရှည်ပြီး၊ တိုင်းပြည် ဆင်းရဲတွင်းနွံမှာ နစ်မြဲ နစ်နေဦး မှာပါပဲ။        ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts