ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ
လှမြင့် (ရန်ကုန်တက္ကသိုလ်) ဇူလိုင် ၁၅၊ ၂၀၀၉
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း)
လှမြင့် (ရန်ကုန်တက္ကသိုလ်) ရဲ့ “ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ” ပြန်ပြောင်း ရှာဖွေ ဖော်ထုတ်မှုကို ချင်းတွင်း၊ မဂ္ဂဇင်း အမှတ် (၄ဝ)၊ ဇူလိုင်လ၊ ၂ဝဝ၉ ခု ထုတ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အာဇာနည် ခေါင်းဆောင်ကြီးများသည် နယ်ချဲ့တို့၏ သွေးခွဲ သပ်လျှိုမှု၊ အသားထဲမှ လောက်တွယ်မှု ဖြစ်ရပ်ဆိုးတို့ကို အရင်းခံလျက် ရေတိမ် နစ်ခဲ့ကြရသည့် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသော ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ သမိုင်းဖြစ်ရပ်ဆိုး အခြေအနေများကို ထိုအချိန်က ထုတ်ဝေခဲ့သော စာနယ်ဇင်းများတွင် သမိုင်းမှတ်တမ်းတင် ရေးသား ဖော်ပြခဲ့ကြ၏။ ထိုသမိုင်းဝင် မှတ်တမ်းသဖွယ် ဖြစ်သော စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများကို လက်လှမ်းမီသမျှ ရှာဖွေဖော်ထုတ် ကောက်နှုတ် တင်ပြလိုပါသည်။
ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ပြီးနောက် တပတ် အကြာတွင် ထုတ်ဝေသော ဂျာနယ်ကျော် (အုပ်တွဲသစ် ၉၊ အမှတ် ၆) ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် စာစောင်တွင် ဂျာနယ်ကျော် မမလေးသည် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသည့် နေ့ရက်နှင့် သူ၏ ခံစားရမှု အထွေထွေကို နှိုင်းယှဉ်၍ ‘လဆန်း ၂ ရက်နေ့’ ဆောင်းပါးကို ဝမ်းနည်း ကြေကွဲစွာ ရေးသား မှတ်တမ်းတင်ခဲ့သည်။
‘လဆန်း ၂ ရက်နေ့’ ဆောင်းပါးတွင်၊ လဆန်း ၂ ရက်နေ့တိုင်း ကျမ တသက်ပန် အဖို့ စိတ်နှလုံး ထိခိုက်သော နေ့ဖြစ်၍ ဤလဆန်း ၂ ရက်နေ့ထက် ဗျာပါမီး တောက်ရသည့်နေ့ကား ကျမ တသက်လုံး မရှိနိုင်။ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဗိုလ်အောင်ကျော်တို့သည် လဆန်း ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့ကြသည် ဟူ၍ အစချီလျက် ၁၉၃ဝ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဗိုလ်ချုပ်တို့ ကျဆုံးမှုအတွက် ဝမ်းနည်းမဆုံး ဖြစ်ရမှုကို …
“မြန်မာပြည် လွတ်လပ်ရေး မရမီ သူ့တို့တတွေ ကွယ်လွန်သည်မှာ အသည်းနာဖို့ အလွန်ကောင်းလေသည်။ သူတို့သည် သူ့တို့ မသေခင် ကျမတို့အား လွတ်လပ်သော လူမျိုးတမျိုး မဖြစ်ကြသေးကြောင်းကို လည်းကောင်း၊ မြန်မာပြည်တွင် ကိုယ်တယောက်တည်း အတွက် သုခရှာ၍ မဖြစ်နိုင်ဘဲ လွတ်လပ်ရေး သုခကြီးကို တမျိုးလုံး တညီတညွတ်တည်း ရှာယူကြဖို့ရာ လည်ကောင်း နှိုးဆော်သင်ကြား လမ်းပြ ပေးသွားကြသည်။”
၁၉၄၉ ခုနှစ်၊ သြဂုတ်လ ၉ ရက် ( ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆုတ် ၈ ရက်)နေ့ထုတ် ဂျာနယ်ကျော်အုပ်တွဲသစ် ၉ အမှတ် ၈ တွင် ဆောင်းပါးရှင် ဂျာနယ်ကျော်အဖွဲ့ဝင် ဦးအုန်းမြင့်သည် ‘သူ့အကြောင်း ကျနော် မှတ်မိ သိရှိရသမျှ’ ဟူသော အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝမှ စတင်ကာ ကျဆုံး အချိန်အထိ ဖြစ်ရပ်များကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။
ဆောင်းပါးရှင် ဦးအုန်းမြင့်သည် သခင် ဘဝကပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြောမနာ၊ ဆိုမနာ မိတ်ဆွေရင်း ဖြစ်သည်။ ဗိုလ်ချုပ် ကိုယ်တိုင်ပင် “ကျုပ်အကြောင်းကို သူတို့ နှစ်ယောက် (ဦးအုန်းမြင့်နှင့် သခင်တင်ဦး) သာ ကောင်းကောင်းသိတယ်” ဟု ပြောဆိုခဲ့ဖူးသည်။ ဦးအုန်းမြင့်၏ ဆောင်းပါးတွင်၊ …
“ဗိုလ်ချုပ် ကွယ်လွန်ပြီဟု ပြောသံကြားရသည်နှင့် တပြိုင်နက် ကျနော်၏ အနီးတွင် ကပ်၍ ဗုံးကျပြီး ပြင်းထန်စွာ မြည်ဟိန်း ပေါက်ကွဲကာ မီးခိုးလုံးတွေ ပိတ်ဖုံး မှောင်မည်း သွားသကဲ့သို့ ထင်မှတ် လိုက်မိတော့သည်။ လျှပ်တပြက်ခန့် လုံးလုံးသတိလစ်ကာ လေဟာပြင်ကြီးကဲ့သို့ ရှိနေရာမှ တဖြည်းဖြည်းပင် တရေးရေး ထင်မြင် ပေါ်ပေါက်လာသည်မှာကား ယခင် နှစ်ပေါင်း အတော်ကြာမှ ယခုအထိ ဗိုလ်ချုပ်နှင့် အတူ နေထိုင် လုပ်ကိုင် စားသောက် သွားလာ ပြောဆိုရပုံများပင် ဖြစ်ပေသည်” စသည်ဖြင့် ရေးသား ဖော်ပြထားသည်။
၁၉၄၇ ခုနှစ်၊ သြဂုတ် ၂၃ ရက်နေ့ထုတ် ဂျာနယ်ကျော် အုပ်တွဲသစ် (၉)၊ အမှတ် (၁ဝ) တွင် သခင်ဗအေး (သူရဲ) သည် ‘ကျနော် သိသော ဗိုလ်ချုပ်’ ဆောင်းပါးကို ရေးသားခဲ့သည်။ သခင်ဗအေးသည် ဗိုလ်ချုပ်နှင့် ကျောင်းသား ဘဝကပင် သိခဲ့သည်။ သခင် ဘဝနှင့် အင်္ဂလိပ်ကို တော်လှန်စဉ် အခါက လည်ကောင်း၊ ဂျပန်ကို တော်လှန်စဉ် အခါက လည်းကောင်း ဗိုလ်ချုပ်ထံ အပါးတော်မြဲ အဖြစ် နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူ၏ ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ရောင့်ရဲတတ်မှု၊ အာရုံဝင်စား ပြင်းထန်မှုတို့ကို …
“စာအလွန်ဖတ်သူ ဖြစ်သည်။ တခါတရံ နောက်ဖေးသွားစဉ် နောက်ဖေးသွားရင်း စာဖတ်နေရာ နာရီဝက်ကျော်ကြာ သဖြင့် ခေါ်ယူရ၏။ ထမင်းကိုလည်း အမှတ်တရ မရှိ၊ စားချိန်တွင် ခေါ်ယူ ကွေ္ဆးရ၏။ မုန့်ပဲသရေစာကို စားရန် ကောင်းစွာ ဂရုမစိုက်။ ရေကိုလည်း အတွင် ချိုးစေရ၏” ဟူ၍ ဖော်ပြထားသည်။
ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ရှုမဝ ရုပ်စုံမဂ္ဂဇင်း စတင် ပေါ်ထွက်စ အချိန် ဖြစ်သည်။ ရှုမဝ ရုပ်စုံ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၃)၊ ၁၉၄၇ ခုနှစ်၊ သြဂုတ်လထုတ်တွင် ဝမ်းနည်းသည့် သဝဏ်လွှာနှင့် ကဗျာများကို ထည့်သွင်း ဖော်ပြခဲ့သည်။ ‘သဝဏ်လွှာ’ တွင် ဝမ်းနည်းသည့် အထိမ်းအမှတ် အဖြစ် အတွဲ (၁)၊ အမှတ် (၃)၊ သြဂုတ်လထုတ် မဂ္ဂဇင်းကို မထုတ်ဝေသင့်ကြောင်းကို၊
“တကယ်ဆိုလျှင် ယခုလ ရှုမဝ မဂ္ဂဇင်း ထုတ်ဝေခြင်းငှာ မသင့်ပါပေ။ အကယ်တည့် လွန်ခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့တွင် ရှုမဝ စာမျက်နှာ ၇ မှ ၁ဝဝ အထိ ရိုက်ပြီးသား မဖြစ်ခဲ့မိလျှင် လည်းကောင်း၊ တတိုင်းပြည်လုံး ယူကျုံးမရ တသဝမ်းနည်း အဖြစ်ကြီး ဖြစ်ရသော နိုင်ငံရေး လုပ်ကြံမှုသည် ဇူလိုင် ၁၉ ရက်ထက် စောလျက် လဆန်းစ ၃၊ ၄ ရက် အတွင်း ဖြစ်ပွားခဲ့ပါလျှင် လည်းကောင်း ရှုမဝ အမှတ် (၃) သည် မည်သည့်နည်းနှင့်မျှ ထုတ်လာနိုင်မည် မဟုတ်ချေ” ဟူ၍ ဖော်ပြခဲ့သည်။
ဆက်လက်၍ ဗိုလ်ချုပ်တို့ ကျဆုံးသည်ဟု ကြားသိရသော အခါ ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှု ခံစားရချက်တို့ကိုလည်း၊
“ဤအချိန်မှာ က္ဆွန်ုပ်တို့ နံနက် ထမင်း စားနေဆဲ ဖြစ်ကြသည်။ ဤသတင်းကို ကြားလျှင်ကြားချင်း အလျဉ်းပင် မယုံကြည်ကြ၊ မယုံနိုင်ကြ၊ ယုံလည်း မယုံချင်ကြ၊ မယုံကြဘူး ဟူ၍သာ ဆိုရသည်။ တဝိုင်းလုံး တုန်လှုပ် ချောက်ချား နေကြသည်။ အံ့သြ ဝမ်းနည်း ယူကျုံးမရကြီး ဖြစ်နေကြသည်။ ထမင်းပင် ဆက်မစားနိုင်ကြ။ ဆေးရုံ ပြေးသူပြေး၊ သတင်းစာတိုက် သွားသူသွား၊ တတိုက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။
ညနေ သတင်းစာများ ထွက်လာသော အခါ၌ကား ကျွန်ုပ်တို့ လက်ခံနိုင်၍လည်း မရ။ မယုံနိုင်၍လည်း မဖြစ်။ ဝမ်းနည်း ဝမ်းနည်း ယူကျုံးမရ ကြီးစွာဖြင့်သာ လက်ခံ ယုံကြည် လိုက်ကြရတော့သည်။ ဗမာတိုင်းလိုလိုပင် ဤနည်းနှင်နှင် ဖြစ်ပျက်ကြမည်ကား မလွဲ။”
၁၉၄၇ ခုနှစ်၊ သြဂုတ်လထုတ် ဒဂုန်မဂ္ဂဇင်း အုပ်တွဲ (၂၁)၊ အမှတ် (၈) တွင် ဒဂုန်ဦးစန်းငွေ၏ ‘ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူး ဆပ်မည်နည်း’၊ မောင်မောင်ကြွက်၏ ‘ကလောင်စက်’၊ ရန်ကုန်ခင်ဆွေ၏ ‘ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးများနှင့်’၊ ‘ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများအတွက် ကုသိုလ်ဆွမ်းသွတ် လွမ်းဆွတ် ကြေကွဲခြင်း လေးချိုးလတ် ငိုချင်း’ စသည်တို့ဖြင့် အမှတ်တရ ထုတ်ဝေခဲ့သည်။
ဒဂုန် ဦးစန်းငွေ၏ ‘ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူးဆပ်မည်နည်း’ ဆောင်းပါးတွင်
“မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဟူသော ဂဏန်းကွက်သည် မြန်မာ တိုင်းရင်းသားတို့ အတွက် စိတ်လက်ညစ်နွမ်း ဝမ်းနည်းမဆုံး ကြိမ်မီးအုံးသကဲ့သို့ ယူကျုံးမရ ဖြစ်စေသော အမင်္ဂလာနေ့ကြီး ဖြစ်ပေသည်။
လူတို့ မည်သည်မှာ မိမိတို့ အားကိုးပြုရာ မေရုမြင်းမိုရ်တောင်ကြီး ပြိုကွဲ ယိုင်လဲရှာခြင်း အတွက် ပွက်ပွက်ဆူမျှ ပူလောင်ကြမြဲ ဖြစ်သော်လည်း ဤသို့ ပူဆွေးလောင်ကျွမ်း ဝမ်းနည်းမပြေ ဖြစ်နေရုံမျှဖြင့် ကွယ်လွန်ရှာသူတို့အား လွမ်းရာကျမည် မဟုတ်။ သူတို့၏ လုပ်ငန်းများကို ဆက်လက် အမွေခံကာ လုပ်ကိုင် ကျင့်ကြံခြင်းသည်သာလျှင် စစ်စစ် လွမ်းရာရောက်မည် ဖြစ်လေသည်။
သို့ဖြစ်၍ ဗိုလ်ချုပ် အမှူးရှိသော ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်ကြေကွဲ ဝမ်းနည်းမဆုံး စိတ်နှလုံး ပူဆွေး နေကြရရုံမျှနှင့် အချိန်မကုန်စေကြကုန်ဘဲ ခေါင်းဆောင်ကြီးများအား တကယ်တမ်း လွမ်းဆွတ်ရာ ရောက်ကြလေအောင် လမ်းပြခဲ့သည့် ခရီးစဉ်ကို ဖြောင့်ဖြောင့်တန်းတန်း လိုက်ကြခြင်းဖြင့် ကွယ်လွန်သူ ခေါင်းဆောင်ကြီးများ၏ ကြီးမားလှသော ကျေးဇူးတရားများကို အသီးသီး ပေးဆပ်တော်မူ နိုင်ကြပါစေသတည်း” ဟူ၍ သတိပေး နှိုးဆော် ရေးသားခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် သတင်းစုံဂျာနယ် အုပ်တွဲ (၂)၊ အမှတ် (၂၃) ၏ ခေါင်းကြီးပိုင်းတွင် ‘မိခင်မျက်မှောက်၊ မြန်ပြည်အောက်မှ၊ ကွယ်ပျောက်ခဲ့ပြီ၊ အာဇာနည်’ ဟူသော ခေါင်းစီးဖြင့် ဗိုလ်ချုပ်တို့၏ ကျဆုံးမှုနှင့် ပြည်သူတို့၏ ခံစားရမှုများကို မှတ်တမ်းတင်ခဲ့သည်။ ‘ဂျူဗလီဟောတွင် ဤသို့ပင်’ ဆောင်းပါးတွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များ ပြင်ဆင်ထားမှုကို
“ဗိုလ်ချုပ် အလောင်းနှင့် ခုတင်ကား ရှေ့ဆုံးတွင် ရှိနေ၏။ စင်မြင့်ပေါ်မှ မြင်ရသည်မှာ လက်ဝဲမှ လက်ယာသို့ ၁) အိုင်စီအက် ဦးအုန်းမောင် (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၂) မိုင်းပွန်စော်ဘွား (အဖြူ၊ အစိမ်း၊ အဝါ၊ အလယ် အဖြူလုံး အမှတ်အသား အလံ လွှမ်းထားသည်)၊ ၃) ဦးဘချို (တောင်လှန်ရေးအလံ လွှမ်းထားသည်)၊ ၄) ဦးဘဝင်း (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၅) သခင်မြ (ဥဒေါင်းရုပ်ပါသည့် ဆိုရှယ်လစ်အလံ)၊ ၆) မန်းဘခိုင် (အဖြူ၊ အပြာရင့်နှင့် အနီပါသောထောင့်၌ ဖားစည်တံဆိပ်နှင့် အလံ)၊ ၇) ဆရာကြီး ဦးရာဇတ် (ခေါင်းအလွတ် စတိသာ ပြင်ထားသည်)၊ ၈) ကိုထွေး (အလောင်းနှင့် ခေါင်းမရှိ ခုတင်သာ ရှိသည်) အားလုံးသော ခေါင်းများပေါ်တွင် ပန်းခွေနှင့် အမည် စာကဒ်ကလေးများရှိလျက် ပန်းရောင် ခေါင်းအုံး တလုံးစီနှင့် သစ္စာပန်းများ တင်ထားသည်” ဟူ၍ မှတ်တမ်းတင်ခဲ့သည်။
အယ်ဒီတာ အာဘော် အခန်းတွင် ခေါင်းဆောင်ကြီးများ မကျဆုံးမီ တရက်အလို ဇူလိုင်လ ၁၈ ရက် သောကြာနေ့တွင် မြန်မာ့အလင်း၊ စီးပွားရေး၊ ဟံသာဝတီရှေ့ဆောင် သတင်းစာတိုက်များမှ အယ်ဒီတာတို့ကို ဒီဒုတ် ဦးဘချို ပြောကြားခဲ့သည့်
“ပထမ ဘရင်းဂန်း ၂ဝဝ၊ ဒုတိယ စတင်းဂန်း ၁,ဝဝဝ၊ ပျောက်ဆုံးတဲ့ လက်နက်တွေဟာ တကယ်တော့ ဖဆပလကို တိုက်ဖျက်ပြီး ကျုပ်တို့တတွေကို သတ်ဖို့ပဲ။ ဒါပေမဲ့ တိုင်းပြည်အတွက် ရိုးရိုးသားသား လုပ်နေတဲ့ ကျုပ်တို့တတွေဟာ အကာအကွယ်တော့ ယူဖို့ မလိုပါဘူး။ သတ်ရင်လည်း သေရုံပေါ့။ ခင်ဗျားတို့ကသာ တိုင်းပြည်ကြီး မမှောက်မှားရအောင် ထိန်းထိန်းအုပ်အုပ် ရေးကြပါ” ဟူသော နောက်ဆုံး စကားဖြင့် လွမ်းဆွတ်ဖွယ် ရေးသားထားသည်။
၁၉၄၇ ခုနှစ်၊ သတင်းစုံဂျာနယ် အတွဲ (၂)၊ အမှတ် (၂၆)၊ အထူးထုတ် သတင်းစုံ အချပ်ပိုတွင် ဗိုလ်ချုပ်အောင်ဆန်းအား တိုင်းရင်းသား တောင်တန်းသားများ၏ ချစ်ခင်မှု၊ လေးစားမှု၊ အားကိုးမှု၊ စေတနာထားမှုများကို ‘လွမ်းစချင့်ဖွယ်၊ တောင်တန်းနယ်က၊ ဘယ်ဝယ်ရော်ရမ်း၊ ဦးအောင်ဆန်း၊ မျှော်မှန်းချင့်တွေး၊ သွေးနှင့်ရေးသည့် သူတို့ပေးစာ၊ သဝဏ်လွှာကား’ ဟူသော ခေါင်းစဉ်ရှည်နှင့် ဝင်းလဲ့ကြည် နတ်မောက်မြို့၏
“တောင်တန်းနယ်သူ၊ နယ်သားများသည် ကျွန်သက်ရှည်ရေး အဖြစ်မှ ကယ်တင်ခဲ့သော ဗိုလ်ချုပ်အား ၎င်း၏ လုပ်ငန်းစဉ်ကို လိုက်ရုံမျှမက ပုဂ္ဂိုလ်စွဲ အားဖြင့်လည်း ခင်မင် နေကြလေ၏။ ယခု ရက်တာရှည်စွာ မနေနိုင်သေးသော်လည်း ဗိုလ်ချုပ်က လွတ်လပ်ရေး ရပြီးနောက် တောင်တန်းနယ်တွင် စိတ်အေးလက်အေး လာ၍ နေပါမည် အကြောင်းနှင့် ပြုံးပြုံးရယ်ရယ် ပြန်ပြောသည့် အခါ ဗိုလ်ချုပ် ပြောသည့် စကားများကို တောင်တန်း နယ်သားများသည် ယခုတိုင် ကြားယောင်လျက် ရှိကြောင်း” စသည်ဖြင့် မှတ်တမ်းတင် ရေးသားခဲ့သည်။
ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ထုတ်ဝေခဲ့သော စာနယ်ဇင်းများမှာ အရေအတွက်အားဖြင့် အမြောက်အမြား ရှိနေသည်။ စာ-နယ်-ဇင်း အားလုံးတွင် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းကို ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ခေါင်းကြီးတို့ဖြင့် ကြေကွဲ ဝမ်းနည်းစွာ မှတ်တမ်းတင် ဖော်ပြခဲ့ကြသည်။ စာ-နယ်-ဇင်းတိုင်း ခေတ်သမိုင်း ဟူသော ဆိုရိုးနှင့် အညီ နယ်ချဲ့တို့၏ ပယောဂ သွေးထိုး သပ်လျှို လှုံ့ဆော်မှုကို နားယောင်၊ နာခံ ဆောင်ရွက်မှုကြောင့် မြန်မာ့ အာဇာနည်များနှင့် မြန်မာနိုင်ငံ၏ ရေတိမ်နစ်ခဲ့ရသော သမိုင်း သင်ခန်းစာ ပေးနေသည့် ဖြစ်ရပ်ကို အသိနှင့် သတိ ယှဉ်နိုင်စေရန် ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က စာ-နယ်-ဇင်း မှတ်တမ်းတင်ခဲ့မှုများမှ လက်လှမ်းမီသမျှ၊ ကြိုးစားရှာဖွေ တင်ပြခြင်း ဖြစ်ပါသည်။
ပုံစာ – ၁၉၄၇ ခု၊ ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနားကို ဂျူဘလီဟော၌ ပြင်ဆင်ထားပုံနှင့် ယနေ့ အာဇာနည်ဗိမာန် (ပေါ်)၊ ၁၉၄၈ မေ ၈ အရုဏ်တက်ချိန်၊ အင်းစိန်ထောင်၌ ယုတ်မာ ညစ်ထေးသည့် အမျိုးသား သစ္စာဖောက် ဂဠုန်စောအား ကြိုးပေးရန် ပြင်နေစဉ်နှင့် မိုက်ရူးရဲ နောက်လိုက်များ (အောက်)။
စာကြွင်း – အီး စာမူအဖြစ် မြန်မာအိုင်အက်စ်ပီက ယူပါတယ်။