ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – ကိုသောင်းမြင့်နှင့် ဆရာကြီးလုပ်နည်းများ

ကိုသောင်းမြင့်နှင့် ဆရာကြီးလုပ်နည်းများ

ဖိုးထက်
ဇွန် ၂၂၊ ၂၀၁၄
 
 

“အသွင်မတူ အိမ်သူမဖြစ်” ဟူသော မြန်မာစကားသည် ယေဘူယျ ဆန်လွန်းသည် ဟု ဆိုရပေမည်။ ခင်ပွန်းဖြစ်သူက စကားနည်းသလောက် ဇနီးဖြစ်သူက အပေါက်အစပ် အလွန်များသော စုံတွဲ တွေ ရှိတတ်ကြသည်။ ဇနီးဖြစ်သူ အေးဆေးတည်ငြိမ်သလောက် ခင်ပွန်းဖြစ်သူက ဆူဆူပူပူ အလွန်လုပ်သော စုံတွဲတွေလဲ မရှား။ သို့ပေသော်လည်း စုံတွဲတွေမှာ တူညီသော စိတ်ထားလေးတွေ၊ သဘောထားလေးတွေ၊ အကြိုက်လေးတွေ ရှိတတ်ကြသည် မဟုတ်ပါလား။ ဥပမာ ထုတ်နှုတ်ပြရသော် ကိုသောင်းမြင့်နှင့် မသူဇာတို့ စုံတွဲတည်း။

၎င်းတို့ လင်မယားတွင်လဲ အလုံးစုံ အသွင်တူညီနေသည်တော့ မဟုတ်။ မသူဇာက ပြတ်သားသလောက် ကိုသောင်းမြင့်က အားနာတတ်သည်။ ကိုသောင်းမြင့်က သူသနားသင့်သည်ဟု ထင်သသော အရာများ (ဥပမာ သူ့အမျိုးအဆွေများ ဒုက္ခရောက်နေလျှင်) သနားသလောက် မသူဇာက စိမ်းကား ရက်စက်နိုင်လွန်းလှသည်။ ဒါတွေက စိတ်ခံစားမှုနှင့် ဆိုင်သော မတူညီသည့် အရာများသာ ဖြစ်သည်။ သူတို့နှစ်ဦး၏ တူညီသော အရာများထဲတွင် စာဖတ်ဝါသနာပါခြင်းသည် တစ်ခု အပါအ၀င် ဖြစ်သည်။ သို့သော် ဒီ စာဖတ်ခြင်းမှာလဲ သူတို့နှစ်ဦးကြားက မတူညီသည့် အကြောင်းခြင်း အရာကြီး တစ်ခု ရှိသေးသည်။ ရှင်းပေအံ့။

မသူဇာက စာတစ်အုပ်ဖတ်လျှင် အချိန်ယူသည်။ သေသေချာချာ စေ့စေ့စပ်စပ် ဖတ်သည်။ မရှင်းမလင်းသော အချက်အလက်များကို “အို..ငါနဲ့ မဆိုင်ပါဘူး” ဆိုသည့် စိတ်ထား မမွေးမြူဘဲ အသေအချာ နားလည်အောင်ကြိုးစားသည်။ သူဘယ်လိုဘဲ ကြိုးစား ကြိုးစား ဘယ်လိုမှ နားမလည်သော စာအုပ်များဆိုလျှင် အချိန်ကုန်ခံပြီး ဖတ်မနေတော့။ ဆိုရလျှင် ဆရာမြသန်းတင့် ဘာသာပြန်သည့် အီလျာရင်ဘတ်၏ “လူများ၊ သက္ကရာဇ်များ၊ ဘ၀” ဆိုသည့် စာအုပ်အတွဲတွေ။ ရှရှားလူမျိုး စာရေးဆရာ အီလျာရင်ဘတ်သိသော သူ့ခေတ်သူ့အခါက ဥရောပမှ ကဗျာဆရာများ၊ ပန်းချီဆရာများ၊ နိုင်ငံရေးသမားများ၊ စာရေးဆရာများသည် မသူဇာအဖို့ အလှမ်းကွာဝေးလွန်းလှသည်။ မသိတဲ့သူတွေများသည်။ ဒီလိုစာအုပ်မျိုးကျတော့ မသူဇာက အချိန်ကုန်မခံတော့ဘဲ နောက် စာအုပ်တစ်အုပ် ဖတ်ဖို့ရှာသည်။ သူ မသိ နားမလည်ကြောင်းကိုလဲ  သူ့ယောင်္ကျား ကိုသောင်းမြင့်ကို ရိုးရိုးသားသာ ဖွင့်ဟ ၀န်ခံရှာသည်။

ကိုသောင်းမြင့်က မသူဇာနဲ့ ဆန့်ကျင်ဘက်။ မသူဇာလိုဘဲ စာဖတ်ဝါသနာပါပေမယ့် စာဖတ်မြန်သည်။ စာအုပ်တစ်အုပ်ကို ကြောင်ပုဇွန်စားသကဲ့သို့ အချိန်ခဏလေးနှင့် အပြီးဖတ်သည်။ အဘယ်ကြောင့် ဒီလောက် မြန်အောင် စာဖတ်နိုင်သနည်းဟု စောကြောလိုက်သော် စာအမြန်ဖတ်နည်း သင်တန်း တက်ထားလို့လဲ မဟုတ်။ ဘုန်းတော်ကြီးတွေ စာပြန်သလို အာ..နံ…နံ…အာ…နံ…နံ ဆိုသည့် ရွတ်ဖတ်တာ မြန်လွန်းလို့ ကြားကြရသော အသံမျိုးနှင့် အသံထွက် စာဖတ်သောကြောင့်လဲ မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူလိုချင်သော အချက်အလက်များ ကိုသာ ရွေးချယ် ဖတ်ရှူသောကြောင့် ဖြစ်သည်။

ဟစ်တလာ၏ အထ္တုပတ္တိ စာအုပ်ကို မသူဇာဖတ်ပြီးတော့ ကိုသောင်းမြင့် ဖတ်သည်။ မသူဇာ၏ ခေါင်းထဲတွင် ဟစ်တလာ ဘာကြောင့်  အာဏာရှင် ဖြစ်လာပြီး ပြောမရ၊ ဆိုမရ ဖြစ်သွားသနည်းဆိုသည့် အကြောင်းကို သူဥာဏ်မှီသလောက် စဉ်းစားသည်။ ဝေဖန်ပိုင်းခြားသည်။ ကိုသောင်းမြင့်က ဟစ်တလာ၏ တစ်သွေး တစ်သံ တစ်မိန့်တွေကို အားကျသည်။ ဟစ်တလာ၏ အပုပ်အစပ်တွေက သူ့ခေါင်းထဲမှာ နေရာပိုယူထားသည်။ ဟစ်တလာ ရည်းစား ဘယ်နှစ်ယောက် ရှိသလဲ ဆိုတာ စာရေးဆရာပြောသလောက် အကုန်ယုံသည်။ ပြီးတော့ သူ့မိန်းမ မသူဇာကို သော်လည်းကောင်း၊ သူ့ သမီးနှစ်ယောက်ကို သော်လည်းကောင်း၊ သူ့ မိတ်ဆွေ အပေါင်းအသင်းများကို သော်လည်းကောင်း ဖတ်ထားသော စာအုပ်တွေထဲက အကြောင်းအရာတွေနှင့် ငါပိုသိတယ်ဆိုသည့် အချိုးမျိုး ချိုးသည်။  ရှိစေတော့။ ဒါက သူတို့နှစ်ယောက်ကြားက အသွင်တူသလိုလို ရှိသော်လည်း အနှစ်သာရ ကွာခြားချက်ကို ထုတ်နှုတ်ပြရခြင်းသာ။

ကိုသောင်းမြင့်၏ စာအုပ် စာပေတွေဖတ်ပြီး ဆရာ့ ဆရာကြီး လုပ်လိုသည့် ၀ါသနာက ပို၍ ပို၍ ဆိုးရွားလာသည်။ လွန်လွန် ကြူးကြူးဖြစ် လာသည်။ သူ၏ ထိုမကောင်းသော အကျင့်ကို ဓာတ်ဆီလောင်း  အားပေး အားမြှောက် ဖြစ်စေသည့် အရာလဲ ရှိနေသည် မဟုတ်ပါလား။ အဘယ်အရာနည်းဟု ဆိုသော် ၂၁ ရာစု၏ နောက်ဆုံးပေါ် နည်းပညာ အင်တာနက်မှ Facebook (၀ါ) စာမျက်နှာများတည်း။

အရင်က ကိုသောင်းမြင့်သည် ကဗျာဆိုလျှင် လှည့်တောင် မကြည့်။ မဂ္ဂဇင်းတစ်အုပ် ကောက်ကိုင်လိုက်လျှင် သူအရင်ဆုံး လှန်သည့် စာမျက်နှာက ကာတွန်းတွေ ရှိသော စာမျက်နှာ။ ပြီးမှ မင်းသား၊ မင်းသမီးတွေ၏ အတင်း၊ အဖျင်း။ ပြီးလျှင် ကြော်ငြာ။ ထို့နောက် ၀တ္ထုတို။ နောက်ဆုံးမှ ၀တ္ထုရှည်တွေကို မဖတ်ချင် ဖတ်ချင်နှင့် ဖတ်သည်။ ကဗျာတွေပါသည့် စာမျက်နှာတွေ ဆိုလျှင် ယောင်လို့တောင် မကြည့်။ မင်းသုဝဏ် ဆိုတာ ဦးသုမဏ အစ်ကိုလားဟု မေးခဲ့သောသူ။ အခုတော့ Facebook ပေါ်လာကတည်းက ဘယ်စာအုပ်ဖတ်ဖတ် ကဗျာကောင်းကောင်းလေးတွေ ရှာဖွေ ဖတ်ရှူပြီး သူ့ Timelines ပေါ်မှာ အပင်ပန်းခံ၊ အချိန်ကုန်ခံပြီး တင်သည်။ ကူးချသည်။ တစ်ခါတစ်ရံ ကဗျာဆရာ၏ နာမည်ကိုတောင် မထည့်ဘဲ ခပ်တည်တည်ဖြင့် သူဘဲ ရေးသလိုလို လုပ်သည်။ အဆင်း မသိ၊ အတွင်း မသိသော သူများက ကိုသောင်းကြီးက တော်လိုက်တာ၊ ခံစားတတ်လိုက်တာဟု အောက်က မှတ်ချက်များ လာရေးလျှင် မဟုတ်ဘူးလို့ တစ်ခွန်း မငြင်းဘဲ ဖရဏာပီတိ ဂွမ်းဆီထိသည့် ရုပ်ကြီးဖြင့် နေတတ်သည်။ အကောင်းဘက်က လှည့်တွေးရလျှင် Facebook ပေါ်လာသောကြောင့်သာ ကဗျာအမိုက်စား၊ အကောင်းစားတွေကို ရှာဖွေ ဖတ်ရှူသည့် ပရိတ်သတ် တစ်ဦးတိုးလာသည်ဟု ဆိုရမည်လော။ ကဗျာဆရာများ မက်ဘက်ဇူကာကို အလွန်ကျေးဇူးတင်သင့်၏။

နိုင်ငံရေးမှာရော ကိုသောင်းမြင့် အသို့ရှိသနည်းဟု လေ့လာရလျှင် Facebook မပေါ်ခင်က ကိုသောင်းမြင့်တစ်ယောက် နိုင်ငံရေး စာအုပ်တွေ ဖတ်ပြီးလျှင် လေကန်သည့် ဒဏ်ခံရသော လူများက လက်ချိုးရေတွက်လို့ရသည်။ အခုတော့ စာအုပ်ကို မဖတ်ခင်ကတည်းက ဓာတ်ပုံရိုက်၊ စာမျက်နှာပေါ် တင်ပြီး “ငှိ..ငှိ…ဖတ်တော့မယ်တွ…” လို့ မပီကလာ ပီကလာ သူ့အသက်အရွယ်ကြီးမှ မထောက်ထားဘဲ လူအထင်ကြီးစေသည်။ ဆရာ့ ဆကာကြီး ထင်စေသည်။ စာအုပ်ကို ဖတ်ပြီးလျှင်လဲ စာအုပ်ကို စောကြောဝေဖန်သည့် သူ့ထင်မြင် ယူဆချက်တွေကို ဘယ်သူကမှ မမေးဘဲ အသားလွတ် ရေးသည်။ ပြောသည်။ သို့သော် တစ်ခါက ထိုကဲ့သို့ ဝေဖန်ရေးကောင်းသောကြောင့် သူ့ကို ရစရာ မရှိအောင် ဝေဖန်တာ ခံလိုက်ရသည်။  အဲဒီတုံးက  “အရှေ့က နေ၀န်းထွက်သည့် ပမာ” စာအုပ်ကို ဖတ်ပြီး “ဆရာသိန်းဖေမြင့် ရဲ့ စာအုပ် ကောင်းတယ်ဆိုလို့ ဖတ်လိုက်တာ ပြီးမှ နိုင်ငံရေးသမားတစ်ယောက် မိန်းမတစ်ယောက်နဲ့ လိုက်အိပ်နေတဲ့ အခန်းတွေ များနေပါလား..ငင်…အဟတ်…အဟတ်” ဟုရေးမိလိုက်သည်။ ရင်းနှီးသော မိတ်ဆွေ တစ်ယောက်က အောက်မှာလာပြီး.. “သြော်…ဒီလောက် စာအုပ် အထူကြီးကို အချိန်ကုန်ခံဖတ်ပြီးမှ ဒါတွေဘဲ ခေါင်းထဲ ကျန်ခဲ့တာလား..ငင်…အဟတ်..အဟတ်” ဆိုသည့် မှတ်ချက်ကြောင့် အလျင်အမြန် Block လိုက်ရဘူးသည်။ မိတ်ပျက်ရဘူးသည်။

အခုတော့ ကိုသောင်းမြင့်တစ်ယောက် ပိုမိုဆိုးရွားလာသည်။ like တွေကို သာယာလာသည်။ ပရိတ်သတ် တယ်အားပေးတဲ့ ငါ ဟု ထင်မြင်ယူဆလာသည်။ နာမည်ကြီး နိုင်ငံရေးသမားတွေကို အပြစ်ရှာပြီး ဝေဖန်သည့် သူ့ကို ဖောက်ထွက်တွေးတယ်၊ အတွေးရဲတယ်ဟု အချွန်နဲ့ မသည့် သူများကြောင့်လဲ ပိုဆိုးလာသည်။ Facebook ပေါ်မှာ ဘယ်လိုမျိုး like ရအောင် ယူရမလဲ ဆိုသည့် ပညာရပ်များလဲ ပိုမို ကြွယ်ဝလာသည်။ နောက်ဆုံး ဘယ်သူ့ကိုမှ ဝေဖန်စရာ မရှိတော့ဘူးဆိုလျှင် “နေပူတော်က စာဖတ်နေသူဂျီးကို ခေါ်ပေးကြပါလား..ငှင်…တေတေချာချာ မေးချင်နွန်းနို့ပါဂျာ” ဆိုသည့် Status မျိုးနှင့် ပွဲဆူစေသည်။

ဒါတွေက ကိုသောင်းမြင့် တစ်ယောက်၏  Facebook ပေါ်က ဘ၀။ မသူဇာကတော့ သူ့လင်တော်မောင် ပျော်ရင်ပြီးရော့လို့ တွေးထားသလားမသိ။ တစ်ရေးနိုးလဲဒါ၊ အိမ်သာတက်လဲ ဒါ၊ ထမင်းစားရင်းလဲ ဒါ၊ အိပ်ခါနီးလဲ ဒါ၊ လမ်းလျှောက်ရင်းလဲဒါ။ သူတို့ နှစ်ဦး သမီးရည်စား ဘ၀တုံးက သူ့ကို စွဲလမ်းသလို  ဖြစ်နေသည့် Facebook ရောဂါကြွမ်းနေသော လင်တော်မောင်ကို သီးခံသည်။ ငြိမ်နေရင် ပြီးရောလို့ စိတ်ထားသည်။ တကယ်ဆိုလျှင် မသူဇာ၏ နားအေး ပြီးရော စိတ်ထားကြောင့် ဒီကိစ္စက ဒီမှာတင်ပြီး ဖို့ ကောင်းသည်။ ကိစ္စက ဒီမှာတင် မပြီးပြတ်။ ကိုသောင်းမြင့်၏ Facebook ဘ၀သည် အပြင်လောက မိသားစု ဘ၀ထဲအထိ ထိုးဖောက် ၀င်ရောက်လာသည်။

အစကတော့ မသူဇာက သတိမထားမိ။ သမီးရည်းစား ဘ၀ကတည်းက အရာရာမှာ ဆရာကြီး လုပ်လိုသည့် ကိုသောင်းမြင့်၏ ၀ါသနာကို လက်ထပ်ပြီးသောအခါ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေးတွေနှင့် လုံးခြာရိုက်နေသော မသူဇာ အတွက် ထူးခြားပြီး အံ့သြမနေနိုင်အား။ သို့သော် အခုတစ်လော ပိုဆိုးလာသည်။ ဆရာလုပ်တာက ရိုးရိုးသားသား မဟုတ်ဘဲ မိသားစုဝင်တွေကို သူကဘဲ ခေါင်းတစ်လုံး ပိုမြင့်နေသလိုလို ပြောသည်။ ဆက်ဆံသည်။ နားမလည်ရကောင်းလား၊ ဒါလေးတောင် မသိရကောင်းလား ဆိုသည့် ပုံစံဖြင့် ငေါက်ဆတ်ဆတ်ဖြင့် ပြောဆို ဆက်ဆံသည်။ မသူဇာက စကားနည်း ရန်စဲ။ ပြန်ပြောနေလို့ အချိန်ကုန်တာဘဲ အဖတ်တင်မှာမို့ ဘာမှ တုဖက်ပြောမနေသောကြောင့် ပြဿနာက ကြီးထွားမလာ။

မနေ့ကတော့ မသူဇာ အဖေဖြစ်သူ ဦးခင်မောင်တစ်ယောက် သမီးအိမ် လာအလည်မှာ သမက်ဖြစ်သူ ကိုသောင်းမြင့်က Facebook ပေါ်က ကိစ္စတစ်ခုနှင့် ပါတ်သက်ပြီး သဘောထား ကွဲလွဲကာ “အသက်ကြီးပြီး…ဘာမှ မသိရင်…ကလေးတစ်ယောက်နဲ့ မခြားဘူးဘဲဗျ အဖေရ” ဟူသော မှတ်ချက်ကြောင့် စိတ်ကြီးသော ဦးခင်မောင် တစ်ယောက် အထုပ်ဆွဲပြီး ညတွင်းချင်း အိမ်ပြန်သွားသည်။ “နင့်ယောင်္ကျား ဘ၀င်ရူး နေသလား သမီးရယ်။ ဒီကောင်လေး အရင်က သိပ်ရိုးရှာပါတယ်။” လို့ စိတ်မကောင်းသော မျက်နှာဖြင့် သမီးဖြစ်သူ မသူဇာကို ပြောသွားပေ မယ့် မသူဇာကတော့ စိတ်မကောင်းမဖြစ်နိုင်ဘဲ ကိုသောင်းမြင့်ကို ပွဲကြမ်းပေးလိုက်သည်။

“ဒီမှာ ကိုသောင်း…ရှင်ဟာ…ကျွန်မလုပ်စာကို အခန့်သားထိုင်စားနေတာ ကျွန်မက သဒ္ဒါတယ်။ ကိုယ်ချစ်တဲ့ ကိုယ့်ယောင်္ကျားကို လုပ်ကျွေး ခွင့်ရတာ နည်းတဲ့ကုသိုလ်လားဆိုတဲ့ စိတ်မျိုးမွေးတယ်။ Facebook ပေါ်မှာ အရည်မရ၊ အဖတ်မရ တွေ့သမျှ တီကောင်တွေ၊ ပိုးဟပ်တွေ၊ သစ်ပင်တွေ၊ တိမ်တွေ ဓာတ်ပုံရိုက်ပြီးတင်။ အနုပညာခံစားမှု အားကောင်းသူကြီးလို့ လူတွေ အထင်ကြီးအောင် လုပ်နေတာလဲ ကျွန်မနဲ့ ဘာဆိုင်တာ မို့လို့လဲ ဆိုတဲ့ စိတ်မျိုး မွေးခဲ့တယ်။ ဖတ်သမျှ စာအုပ်တွေ အဖုံးတောင် လှန်မကြည့်ရသေးခင် သောက်အထင်ကြီးအောင် ဓာတ်ပုံရိုက်ပြီး တင်နေတာလဲ ရှင့် ၀ါသနာပါလေ ဆိုတဲ့ စိတ်ထားတယ်။ တစ်နေ့ ၂၄ နာရီရှိတာမှာ အိပ်ချိန်မှာတောင် အိပ်မက်ယောင်ရင်း Facebook ကို ထ ထ ယောင်နေတာ ကျမက ရှင့်ကို သနားတာဘဲ ရှိတယ်။ အပြစ်မမြင်ဘူး။ အခုတော့ ရှင်က ပိုပိုပြီး ဆိုးလာတယ်။ ရှင့်ကို ရှင် ဆရာကြီး ထင်လာတယ်။ စာတစ်အုပ်ကို ဖတ်ပြီး တစ်မျက်နှာဖတ်လိုက် စာအုပ်ထဲက အကြောင်းအရာတွေကို Status တင်လိုက် နဲ့ ဘာလဲ ရှင်စာဖတ်တာ။ စာဖတ်လို့ ရှင်ရတာဆိုလို့ အဲဒီ အားနာလို့ ပြီး ပြီးရော Click လုပ်လိုက်တဲ့ like တွေဘဲ ရှိတယ်။ ရှင့်ခေါင်းထဲ ဘာကျန်သလဲ။ ဒါလဲ ရသေးတယ်။ ရှင်ပျော်ရင်ပြီးတာဘဲ။ ရှင်က ဒါတင် မရပ်ဘူး။ ကျွန်မကို ဆရာလုပ်တယ်။ သမီးနှစ်ယောက်ကို ကလေးတွေဆိုတာ မေ့ထားပြီး မသိရကောင်းလား အချိုး မျိုး ချိုးတယ်။ နောက်ပြီး အမေသဘောမတူလို့ အမေ့ကို ဆူပူ အတိုက်အခံလုပ်ပြီး ရှင်နဲ့ ကျွန်မကို ပေးစားခဲ့တဲ့ အဖေ့ကို ရှင်က အဲဒီ Facebook က သောက်ချိုးတွေနဲ့ ပြန်ပြောတယ်။ အဲဒါ ကောင်းလား ရှင့်ဘာသာ စဉ်းစား။ အရမ်းလွန်လာရင် ကျွန်မကတော့ သီးခံလိမ့်မယ် မထင်လေနဲ့။ ဒါနောက်ဆုံး ဖြစ်ပါစေ။ မနက်ဖြန်မနက် အဖေ့ကို သွားတောင်းပန်ပါ။ မတောင်းပန်နိုင်ရင် သမီးနှစ်ယောက်ထဲက တစ်ယောက်ခေါ်၊ ကြိုက်တာယူပြီး အိမ်ပေါ်က ဆင်း…ဒါဘဲ” ဟု ပြောကာ မသူဇာက ကိုသောင်းမြင့်ကို ဒိုင်လွှတ်ခါနီး လက်ဝှေ့သမားကဲ့သို့ အသင့်အနေအထားဖြင့် ပြုမူသောအခါ ကိုသောင်းမြင့် က ပြန်ပြောသည်။  “ အေးပါကွာ” တဲ့။ တစ်ခွန်းတည်း။

နောက်ရက် မနက်စောစောမှာ ကိုသောင်းမြင့် သူ့ယောက္ခထီးကြီးဆီကို သွားပြီး “အဖေ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် မဆင် မချင် ပြောမိတာ ခွင့်လွှတ်ပါ” ဟု ထိုင်ကန်တော့သောအခါ အဘိုးကြီးက မြေးတွေ မျက်နှာကြောင့်ထင့်။ “ခွင့်လွှတ်ပါတယ်ကွာ” လို့ ပြော ရှာသည်။

အဘိုးကြီးကို တောင်းပန်ပြီး အိမ်ပြန်ရောက်တော့ မသူဇာ ဈေးကိုထွက်သွားသည်။ ကိုသောင်းမြင့်က သူ့တယ်လီဖုန်းကို ယူ၊ Facebook ဖွင့်၊ Timelines ပေါ်မှာ Status တင်သည်။ “ငှိ…ငှိ…ကိုယ့် ယောက္ခထီးကြီး ကလေးဆန်လို့ စိတ်ချိုးတာ ချော့လိုက်ရဒယ်…အိုကွယ်..ဟိုနေပူတော်က အဘိုးကြီး စိတ်ချိုးရင်သာ တို့က မချော့မှာ…ယောက္ခထီးကိုဒေါ့ တို့က ချော့ဒါပေါ့…ငှိ…ငှိ..ငှိ” ဟု ရေးပြီး တင်သတတ်။ ထို့နောက် နာရီဝက်အတွင်း သူ့ Status အတွက် like ပေါင်း ရာကျော်သွားသည်ဟူ သတတ်။

မည်သို့ပင် ဆိုစေကာမူ ကိုသောင်းမြင့်သည်ကား ဆရာကြီးဖြစ်နေပြီး ဆရာလုပ်နည်းများကိုလဲ ဆရာ့ ဆရာများဆီက သင်ယူလေ့လာ ထားသော ဆရာတစ်ယောက် ဖြစ်နေတော့သည် တကား…..

Like ချူတဲ့ ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖိုးထက် – ကိုသောင်းမြင့်နှင့် ဆရာကြီးလုပ်နည်းများ

Comments are closed.