ဖိုးထက် – ကိုသောင်းမြင့် နှင့် ၇ နှစ်အထက် လူများ

ကိုသောင်းမြင့် နှင့် ၇ နှစ်အထက် လူများ
ဖိုးထက်၊ ဇွန် ၁၅၊ ၂၀၁၄

“လင်နှင့် မယား လျှာနှင့်သွား” ဆိုသည့် မြန်မာစကားရှိသည်။ သို့ဆိုလျှင် ကိုသောင်းမြင့်ဆိုသော သွားသည် အထက် နှင့် အောက် ကံကိုက်မကျ Alignment လွဲချော်နေသော သွားဖြစ်အံ့။ မသူဇာ ဆိုသော လျှာသည် အထက်သွားနှင့် အောက်သွား ကိုက်၊ ၀ါး၊ ကျိတ်ခြေ ရာတွင် ၀င်ရောက် ပါဝင်ချင်သော လျှာ သာ ဖြစ်၏ ဟု ဆိုရမည်ပင်။

ယခုလဲ မသူဇာနှင့် ကိုသောင်းမြင့်တို့ စကား ကတောက်ကဆ ဖြစ်ရပြန်လေပြီ။ ဖြစ်ရတဲ့ ကိစ္စကလဲ စီးပွားရေး အဆင်မပြေလို့ မဟုတ်။ နှစ်ဘက်ဆွေမျိုး မိဘတွေကြောင့် မဟုတ်။ အချစ်စမ်းကြသည့် သဘောလဲ မဟုတ်။ ဒီလိုဆို ဘာဖြစ်ရမလဲ။ ကိုသောင်းမြင့်၏ မသူဇာအရှေ့တွင် မဆင်မချင် နိုင်ငံရေး၊ အထူးသဖြင့် မသူဇာ အသဲစွဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ပြစ်နှစ်နှစ် ဝေဖန်မိသောကြောင့်သာ။

“ဟ…မသူဇာ..မင်း အမေစုက လူတွေကို လမ်းပေါ်ထွက်ခိုင်းနေ ပြန်ပါရောလားကွ..ဟေ။ နောက်ပြီး သူ့အဆင့်က ဟိုတပ်ကုန်းက လူကြီးနဲ့ တုဖက်ပြီး စကားနိုင်လုစရာလားကွ ဟေ…ဟား ..ဟား …ကောင်းကွာ..”

ကိုသောင်းမြင့်၏ ဆိုင်းမဆင့် ဗုံမဆင့် တိုက်ပွဲခေါ်သံကို မသူဇာ ကောင်းကောင်းကြား၏။ မသူဇာ၏ ညာဘက် ဆိုဖာပေါ်တွင် ထိုင်ပြီး ပြောလိုက်သော သူ့လင်တော်မောင်၏ စကားသံတွေသည် အရင်လို ညာဘက်နားက ၀င်ပြီး ဘယ်ဘက်နားက ထွက်မသွားနိုင်တော့။ စကားသံတွေက အထက်ရှိ ဦးဏှောက်သို့လဲ ဆန်တက်သည်။ အောက်ဘက်ရှိ နှလုံးသားဆီသို့လဲ စီးဆင်းသွား၏။ ထို့နောက် နှလုံးခုန်သံ တဆတ်ဆတ်ခုန်လာသည်။ နှလုံးအလုပ်လုပ်ပုံမြန်လာသောကြောင့် ကိုယ်ခန္ဓာတစ်လျှောက် သွေးများလဲ ပွက်ပွက်ဆူလာသည်။ တစ်ချိန်တည်းမှာပင် ဦးဏှောက်ကလဲ အတွေးများစွာ၊ အလုပ်များစွာ လုပ်နေသည်။ လုပ်လက်စ စာရင်းအင်း အလုပ်ကိုတောင် ဆက်မလုပ်နိုင်ဘဲ ကိုသောင်းမြင့်ရှိရာသို့ မျက်နှာမူလိုက်တော့သည်။

“ဒီမှာ ကိုသောင်းမြင့်..ရှင်ပြောတဲ့ စကား ရှင်နားလည်ရဲ့လား။ ရှင် ဘာပြောလိုက်တယ်ဆိုတာကော သိကော သိရဲ့လား”

“ဟား ဟား ဖြေးဖြေးပြောပါ။ ဒေါသထိန်းပါကွ။ ဘယ်လိုဖြစ်တာလဲ။”

“ကျွန်မ ဒေါသထိန်းလို့ အခုလို ပြောနိုင်တာ။ ရှင်ပြောတဲ့ စကားကို ကျမ ပြောစရာ နှစ်ချက်ရှိတယ်။ ပထမအချက်က ရှင်လို ပညာတတ်၊ ဘွဲ့ရ၊ ခိုးဝှက်နေတဲ့ ရေပေါ်ဆီ စစ်ဗိုလ်အသိုင်းအ၀ိုင်းလဲ မဟုတ်တဲ့ လူတွေရဲ့ စိတ်အခြေအနေကို ပြောချင်တာ။”

“ဟ ဆိုလှချည်လား။ မင်းစကားက။ ဆိုစမ်းပါအုံး။ ဟဲ ဟဲ”

ကိုသောင်းမြင့်ကလဲ သူသေ၊ ကိုယ်သေ “ကျား” ထိုး တက်တိုက်တော့မည်လို့ ဆုံးဖြတ်လိုက်သည်လား မသိ။ မသူဇာကို မခန့်လေးစား၊ မင်း နားမလည်ပါဘူး ဆိုသည့် မျက်နှာပေး ပြီတီတီ ပြုံးတုံ့တုံ့ဖြင့် တုန့်ပြန်လိုက်သည်။

“ရှင့်ကို ကျွန်မပြောထားမယ်။ ကျွန်မဒေါသကို မဆွနဲ့။ ရှင်တို့လို တစ်ချို့ပညာတတ်တွေက ဂဏန်းလို လူတွေ။ စာလဲ ဖတ်ပါရဲ့။ ပညာလဲ တတ်ပါရဲ့။ နိုင်ငံရေးနဲ့လဲ မဝေးအောင် နေကြပါရဲ့။ ဒါနဲ့များကို မေစုရဲ့ သဘောထားကို ဘယ်တော့မှ နားမလည်ဘူး။ တစ်ချိန်လုံး NLD ကို အပျက်သဘော ဝေဖန်မယ်။ သောက်ပြစ်တွေ လိုက်ပြောမယ်။ ကိုင်…ဒီလိုဆို..ရှင်တို့ဝင်ပါပြီး ကောင်းအောင်၊ တော်တည့်အောင် လုပ်ပါဆိုတော့လဲ ဝေါနဲ့ ပင့်ရမယ့် အပေါက်မျိုး ချိုးတယ်။”

“ဟ ငါတို့ ဘယ်မှာ အဲဒီလို ပြောလို့လဲ။ အဝေဖန်မခံနိုင်ရင် နိုင်ငံရေးမလုပ်နဲ့ပေါ့။ ဝေဖန်တာနဲ့ဘဲ ငါတို့က ဘေးထိုင်၊ ဘုပြော ဖြစ်ရသလား..ဟင်”

“ ဘယ်မှာ ပြောသလဲ ဟုတ်လား။ အခု ပြောတယ်လေ။ ဒေါ်စုက လူတွေကို လမ်းပေါ်တက်အောင် လုပ်နေတယ်ဆို။ ဒေါ်စုက အကျယ်၊ အကျယ်မဖြစ်ချင်လို့ လေးပွင့်ဆိုင် ဆွေးနွေးမယ်၊ စကားပြောမယ်ဆိုတော့ ရှင့် ပထွေးတွေက ခေါင်းနာသလိုလို၊ ဖင်နာသလိုလို၊ နှမ လင်နောက် လိုက်သွားသလိုလို လုပ်နေတယ်လေ။”

“ မသူဇာ မင်း စကားပြောဆင်ချင်ကွာ။ မ မိုက်ရိုင်းနဲ့။ မင်း ငါ့အမေကို မထိနဲ့”

“ အိုကေ…ဆောရီး..ထားတော့။ ဒေါ်စုက လေးပွင့်ဆိုင်တွေ့မယ်၊ စကားပြောကြမယ်။ ညှိကြမယ်။ အေးအေးဆေးဆေး သွားရအောင်ဆိုတော့ ရှင့်လူတွေက တုတ်တုတ်မလှုပ်ဘူး။ နားထိုင်းကြီးတွေလို နေကြတယ်လေ။”

“ဟေ့..ငါ့လူတွေ မဟုတ်ဘူးကွ။ ငါလဲ ဒီလူတွေကို သဘောမကျတာ မင်းလဲ အသိဘဲ”

ဒါတော့ ဟုတ်သည်။ ကိုသောင်းမြင့်တို့က ဒေါ်စုကို ဝေဖန်လို့ မိန်းမထမိန်ဝတ် လက်ရှိ အစိုးရကို ထောက်ခံသလားဆိုတော့လဲ မဟုတ်။ အင်္ဂလို အဆင့်မြင့်မြင့်ပြောရလျှင်။ Third Party။ အစိုးရလဲ သဘောမကျ။ ဒေါ်စုလဲ မစွံ့။ ကိုယ်တိုင်လဲ ၀င်မလုပ်။ ဝေဖန်ရမှ စားဝင်အိပ်ပျော်၊ လေလည်နိုင်ကြသော အဖွဲ့။

“ဟုတ်ပြီလေ။ သူတို့ကို သဘောမကျဘူးဆိုရင် သူတို့အသုံးမကျ လုပ်တာကို အရင်ပြောလေ။ ရှင်က လာအုံးမယ်။ သူ့အပြစ်၊ကိုယ့်အပြစ် ထောက်ပြနေကြတာနဲ့ ဘာညာဆိုပြီး ငြိမ်းချမ်းရေး တရားရှင်ကြီး။ ဂန္ဒီကြီးတောင် အဘပြန်ခေါ်ရမယ့် လေသံတွေနဲ့ တရားဟောအုံးမယ်။ အမေစုက ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်လို့ အေးအေးဆေးဆေးပြောတော့လဲ မရဘူး။ သူအားကိုးတဲ့၊ သူ့ကို ချစ်တဲ့ ပြည်သူတွေကို သူက အားကိုးပြန်တော့ ရှင်တို့က လမ်းပေါ်ထွက်အောင် လုပ်တယ်တဲ့။ လမ်းပေါ်မထွက်စေချင်ရင်၊ ဆူဆူပူပူ မဖြစ်စေချင်ရင် ဘယ်လို လုပ်ရမယ်ဆိုတာ ဘာပညာတတ်ကြီး ဖြစ်ဖို့မှ မလိုဘူး။ လူတိုင်းသိတယ်။ ရှင် ဒါကို လက်ခံတယ်မို့လား။”

“အေးလေ လက်ခံပါတယ်။ ဒါပေမယ့် ဟိုကလက်မခံတာနဲ့ ရှစ်ဆယ့်ရှစ်လို ထပ်ဖြစ်ချင်လို့ ရမလားကွ။”

“နေစမ်းပါအုံး။ ရှစ်ဆယ့်ရှစ်လိုထပ်ဖြစ်ကြမယ်လို့ ဘယ်သူပြောနေသလဲ။ လူတွေ လမ်းပေါ်မှာ ဆန္ဒပြတာနဲ့ ရှစ်ဆယ့်ရှစ်လို ဖြစ်ပြီလို့ ပြောလို့ရသလား။ အဲဒီ သောက်စစ်တပ် ထိပ်ပိုင်းက လူတွေဘဲ ရှစ်ဆယ့်ရှစ်လို ထပ်လုပ်ချင်၊ ထပ်ဖြစ်ချင်နေကြတာလေ။ သူတို့ဘဲ သေနတ်ကြီး တကားကားနဲ့ လူတွေကို ပြစ်သတ်ဖို့ ချောင်းနေတာလေ။”

“အေး အဲဒီလို စစ်တပ်ကို အမုန်းစကားတွေ များများသွားပြော။ စစ်တပ်က ကြာလေ ပြည်သူတွေနဲ့ ဝေးလေဖြစ်မှာဘဲ။”

“ဟား…ဟား…ရီလိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျောလို့သာ လူရွှင်တော်တွေ ပျက်သလိုဘဲ ကျွန်မက ပြောချင်လှရဲ့။ စစ်တပ်ကို မေစုက ကျွန်မဖေဖေ တည်ထောင်ခဲ့တဲ့ စစ်တပ်။ မမုန်းပါဘူး။ စစ်သားတွေလဲ ပြည်သူလူထုပါ။ စစ်တပ်ကို တကယ့် ပရော်ဖယ်လ်ရှင်နယ်လ် ဖြစ်စေချင်ပါတယ်လို့ ကောင်းကောင်းမွန်မွန် လက်ကမ်းတော့လဲ မရဘူး။ ကိုင်း..အခု မေစုက စစ်တပ်ကို စစ်တပ်နေရာ နေဖို့ ကြိုးစားပါ လို့ ခပ်မာမာ ထန်ထန်ပြောတော့လဲ စစ်တပ်ကို ဒေါသထွက်အောင် သွားမစနဲ့တဲ့။ ဒါအမှန်တရားလေ။ စစ်တပ်က သူ့နေရာ သူမနေဘဲ ဟိုပါချင် ၊ ဒီပါချင် လုပ်နေမှတော့ ပြောစရာရှိလို့ ပြောတာ။ နာစရာလား။”

ကိုသောင်းမြင့်တစ်ယောက် သူကသော ဇာတ်ကို သူမနိုင်တော့။ မျက်စိ မျက်နှာတွေ ပျက်နေပြီ။ တယ်…ဒီမိန်းမ ထထုလိုက်ရ ပုတော့မယ်လို့ စိတ်ထဲက တွေးနေပေမယ့် ဟိုက ပြန်ထုရုံသာ မဟုတ်။ ကိုင်ပါ ကိုင်ပေါက်မှာ သိနေတော့လဲ ဟဲဟဲ…ဟဲဟဲ…အေးပေါ့ကွ..ဟား..ဟား ဆိုပြီး လုပ်နေရသည်။

“နေအုံး ဒါက ကျွန်မပြောချင်တဲ့ ပထမအချက်။ လူတွေကို လမ်းပေါ်မထုတ်နဲ့ ဆိုတဲ့ ရှင့်လို နိုင်ငံရေး ဂုရုတွေကို ချေပတာ။ နောက် ဒုတိယ အချက်က တပ်ကုန်းက ဟိုလူကြီး ဒေါ်စုကို ပြောလို့ ဒေါ်စုက ပြန်ပြောတဲ့ ကိစ္စ။ စကားနိုင်လုတယ်တဲ့လား။ သူ့အဆင့်နဲ့ အဲဒီလို ပြန်ပြောဖို့ မလိုဘူးတဲ့လား။”

“အေးလေ..သူ့လို ကမ္ဘာသိ နိုဘယ်ဆုရှင်ကြီးက ကလေးတွေ စကားနိုင်လုသလို ပြောတာ ကောင်းသလား၊ မကောင်းသလား မင်း ရိုးရိုးသားသား ဖြေစမ်းပါ”

“ကျွန်မ ရိုးရိုးသားသားဖြေမယ်။ ကျွန်မလဲ မကြိုက်ဘူး။ အမေစုလို အဆင့်က ဒီလို ငါ့စကားနွားရ။ နွားတင်မက ဆိတ်ရ၊ ခွေးရ အကုန်ရအောင် ပြောမယ့် လူနဲ့ တုဖက်ပြောဖို့ မတန်ဘူး။ မကောင်းဘူး။ ကျွန်မ ၀န်ခံတယ်။ ဒါပေမယ့်..”

“ ဒါပေမယ့်..လုပ်စမ်းပါအုံး..မင်းရဲ့ ဒါပေမယ့် ဟဲ ဟဲ ဟဲ”

“ကိုသောင်းမြင့် ကျွန်မဒေါသကို ရှင်ကောင်းကောင်းသိတယ်နော်။ ကျွန်မဒေါသကို မဆွနဲ့နော်။ ရှင် ကောင်းကောင်း နားထောင်။ ကျွန်မပြောမယ့် ဒါပေမယ့်ဆိုတာ ရှင်တို့ ခဏ၊ ခဏပြောနေတဲ့ ဒေါ်စုသည် ဘုရား၊ ရဟန္တာမဟုတ်ဆိုတဲ့ စကားလေ။ ဟုတ်တယ်လေ။ ဒေါ်စုက လူရှင့် ။ လူ။ သူ့မှာ ဒေါသထွက်တာရှိမယ်။ ၀မ်းနည်းတာ ရှိမယ်။ မခံချင်တာ ရှိမယ်။ ယူကျုံး မရတာ ရှိမယ်။”

“ဟား ဟား ငါ့မိန်းမ စာဖတ်များလာဟန်တူတယ်။ စာသံ ပေသံ အတော်မြိုင်လာပြီဘဲကွ။ ဟဲ..ဟဲ”

ကိုသောင်းမြင့်က မသူဇာ တည်တည်တံ့တံ့ပြောနေချိန်မှာ ပြောင်စပ်စပ် သွားလုပ်နေသည်။

“ကိုင်း…ထားပါတော့။ ရှင့်ညီမ သူ့ဘာသာ သူ့စိတ်နဲ့ သူ သူ့ရည်းစားနောက် လိုက်ပြေးတာကို ခင်ဗျားညီမ အခု ကလေးရပြီး ဆင်းဆင်းရဲရဲဖြစ်နေတာ ခင်ဗျား အပြစ်။ ခင်ဗျား အဖေ၊ အမေ မဆုံးမလို့ ဖြစ်တာလို့ လာပြောရင် ရှင် ကြိုက်မလား…ဟဲ ဟဲ ဟဲ”

ကိုသောင်းမြင့်တစ်ယောက် လက်ထဲမှာ ကိုင်ထားသော စာအုပ်ကို ၀ုန်း ခနဲ့ စားပွဲပေါ် ဆောင့်ချလိုက်သည်။ စိတ်ဆိုးသည်။ ဒါတော့ အတော်ကြီး လွန်လာပြီ။ မိန်းမနဲ့ ယောင်္ကျား ငါထလုပ်လိုက်ရ ဒင်းဘဲ နာတော့မယ်လို့ တွေးမိသောကြောင့် မတ်တပ်ထရပ်လိုက်ကာ လက်သီးတွေကို ကြစ်ကြစ်ပါအောင် ဆုပ်လိုက်သည်။

မသူဇာက ပါးနပ်သည်။ ယောင်္ကျားဖြစ်သူ ဒေါသထွက်လျှင် ဘယ်တော့မှ ထိပ်တိုက်မတိုး။ အခုလဲ..

“ဘာလဲ ရှင်က ကျွန်မကို လက်သီးနဲ့ ထိုးချင်လို့လား။ ရှင်လက်ပါလဲ ကျွန်မက မိန်းမ။ ရှင်လောက် အားမရှိတော့ ခံရမှာဘဲ။ ဒါပေမယ့် ရှင်သိထားဖို့က မိန်းမတွေကို လက်ပါချင်တဲ့ အောက်တန်းကျတဲ့ ယောင်္ကျားတွေထဲမှာ ရှင်မပါဘူးဆိုတာ ယုံလို့ ရှင့်ကို ချစ်ပြီး လက်ထပ်ခဲ့တာ…ဟွန်း..”

ကိုသောင်းမြင့် ၀ုန်းခနဲ့ ဆိုဖာပေါ်သို့ ဖင်ပြန်ထိုင်သွားသည်။ ဆုပ်ထားသော လက်သီးတွေက လက်ဝါးအဖြစ်ပြောင်းကာ သူ့ကိုယ်ခန္ဓာကြီး မယိမ်း မယိုင်အောင် ထောက်ပံ့သည့် အရာတွေ အဖြစ် ပြောင်းလဲသွားသည်။

“ စိတ်မဆိုးပါနဲ့။ ကျွန်မက သဘောအဖြစ်ပြောတာ။ အခု ရှင့်ညီမ ဒုက္ခတွေ့ပြီး ဆင်းဆင်းရဲရဲဖြစ်လို့ ရှင်တို့ ကျွန်မတို့ ပြန်ကြည့်နေရတာ သူ့အပြစ်လား၊ ရှင့်အပြစ်လား။ ကျွန်မ ယောက်က္ခမတွေ အပြစ်လား။ သူ့အပြစ်လေ။ သူ့ဘာသာ စိတ်အလို လိုက်ပြီး ပညာဆုံးအောင် မသင်ဘဲ လုပ်ချင်ရာ လုပ်လို့ ဖြစ်နေတဲ့ ကိစ္စကို လူပုံအလယ်မှာ မဆိုင်တာ လာပြောရင် ရှင်ဆိုရင် ဘယ်လို တုံ့ပြန်မလဲ။ အခု ဗိုလ်ချုပ်အောင်ဆန်းလုပ်လို့ သူ့အဖေ သေရပါတယ်ဆိုတဲ့ မဆီမဆိုင် ကိုယ့်မိဘကို စော်ကား မော်ကား ပြောလာတဲ့ စကားကြောင့် ခဏတာ ဖြစ်သွားတဲ့ ဒေါသလေ။ ဒါပေမယ့် မေစုက ချက်ချင်း ပြန်ထိန်းတယ်လေ။ ရှင်တို့ ကျွန်မတို့သာဆိုရင် လုံချည်စလွယ်သိုင်းပြီး ဖက်လုံးချင် လုံးမိနေအုံးမှာ..ဟုတ်ဘူးလား..”

“ကိုင်း..ကိုင်း…တော်တော့ ..တော်တော့..မင်း ဆိုင် သွားရအုံးမှာ နောက်ကျမယ်။ သွားတော့”

“ သွားမှာပါ။ စကားလေးတော့ ဆုံးအောင် ပြောပါရစေ။ အခု ဒီအစိုးရက ကြောင်ချီးရှင့်။ ရှင့်သမီးအကြီးလို ပြန်မပြော နားမထောင် ပေကတ်ကြီးတွေရယ်။ ရှင်တို့ ပြောသလို ရှစ်ဆယ့်ရှစ်လို ပြန်ဖြစ်လာတယ်ဘဲ ထားပါတော့။ ဖြစ်သမျှ ပြဿနာ တာဝန်ယူရမှာ သူတို့ဘဲ။ ဒီလိုပြန် မဖြစ်စေချင်နေလို့ တော်လိုက်တာ…ယုံတယ်..သိလား…အားပေးရမှာပေါ့..ဟုတ်တာပေါ့လို့ လူတွေက ပြောခဲ့ကြပြီးပြီလေ။ အခု တကယ်လိုအပ်တဲ့ အရာတွေကို ပြင်ဖို့ တကယ်လဲ လုပ်ရော ရူးသလိုလို နှမ်းသလိုလို ရွှေပျောက်သလိုလို လုပ်နေလို့ ခပ်တင်းတင်းပြောရတာလေ။ လိုအပ်လို့ ပြောရတာလေ။ ရှင် လက်ခံလိုက်စမ်းဘာ… လက်ခံလိုက်စမ်းဘာ ကိုပညာတတ်ကြီးရယ်..ဟဲ..ဟဲ..ကိုင်း..ဈေးသွားတော့မယ်။ နေ့ခင်း ဆိုင်လိုက်ခဲ့။ ကျွန်မ မြို့ထဲ သွားစရာရှိတယ်။ ကျွန်မကိုကားလိုက် မောင်းပို့အုံး။ ပြီးတော့ ရှင်ကြိုက်တဲ့ လမ်း ၅၀ ထဲက တရုတ်ဆိုင်မှာ ထမင်းစားမယ်။ ရှင်ဖတ်ဖို့ စာအုပ်တွေလဲ ၀င်ဝယ်ကြမယ်လေ” ဟုဆိုကာ မသူဇာ ထထွက်သွားသည်။

“တောက်..ဒီမိန်းမ..ငါ့အညှာကို သိနေတာ တောက်” လို့ ကိုသောင်းမြင့် တစ်ယောက် စိတ်ထဲက တောက် ခေါက်မိပေမယ့် မျက်နှာကတော့ ပြုံးပြုံးကြီးဖြစ်နေခဲ့သည်။ အချိန်အားတုံး စာဖတ်အုံးမှပါလေလို့ တွေးမိပြီး ဖတ်လက်စ စာအုပ်ဖြစ်သော ဂျူးရဲ့ “ဆုံ နေရက်နဲ့ လွမ်းလေခြင်း” ကို ကောက်လှန်လိုက်တော့ စာကြောင်းလေး တစ်ခု ကို သူဖတ်မိသည်။

“ကလေးတစ်ယောက်ကို မွေးစကနေ အသက်ခုနှစ်နှစ် အထိ ငါ့ကို ပေးထားပါ။ ငါက ဒီကလေးကို လူကောင်းတစ်ယောက် ဖြစ်လာအောင် လုပ်ပေးနိုင်ပါတယ်” တဲ့။ အပျိုကြီး စာရေးဆရာမပီပီ အပျိုကြီးတွေလို ဝေ့လည်ဝေ့လည် ကြောင်ကြောင်ပတ်ပတ် ရေးထားသော ဂျူးရဲ့ ဒီစာအုပ်ကို မကြိုက်ပေမယ့် ဒီစာသားလေးကိုတော့ သူသဘောကျသည်။ ဖြစ်နိုင်ရင် လက်ရှိ နိုင်ငံရေးက လူတွေကို မွေးစကနေ ခုနှစ်နှစ် အတွင်းက လူတွေဖြစ်ရင် သိပ်ကောင်းမှာဘဲလို့ ကိုသောင်းမြင့်တစ်ယောက် ကြောင်တောင်တောင် တွေးမိသည်။ အခုတော့ သူဖတ်ဘူးသော ဆရာမြသန်းတင့် ဘာသာပြန်သည့် အီလျာလျင်ဘတ်၏ စာတစ်ကြောင်းကို သတိရလာသည်။

“ တိုင်းပြည်တစ်ပြည်၏ အုပ်ချုပ်ရေး စနစ်ကို ပြောင်းရသည်ထက် လူကို ပြောင်းအောင် လုပ်ရသည်က ပို၍ခက်ကြောင်းကို ကျွန်တော်တို့ နားမလည်ကြသေးပါ။” ဟူသည့် အဆို။

ဘာတွေမှန်းမသိ။ ကိုသောင်းမြင့် စိတ်ရှုပ်လာသည်။ ကာလနာ တိုက်နေသော နိုင်ငံကြီးအကြောင်း အာပေါင်အာရင်းသန်သန် ငြင်းခုန်ဆွေးနွေးဖို့ လ္ဘက်ရည်ကို ထွက်လာခဲ့သည်။ အဲဒီမှာ သူလိုမျိုး နိုင်ငံရေး ဂုရုသုခမိန်ကြီးတွေ ရှိနေတယ်မို့လား။ မသူဇာက အသက်က လေးဆယ်ကျော်ခါနီးပြီ။ သူ့ကို ပြင်မနေနဲ့တော့။ မရနိုင်။ မဖြစ်နိုင်တော့။ တိုင်းပြည်အုပ်ချုပ်ရေးဆိုသည့် လွယ်ကူသည့်အရာကို အရင်ဆုံး ပြောင်းရမှာဘဲလို့ တွေးရင်း လမ်းထိပ်သို့ ချီတက်လာခဲ့တော့သည်။

ဖိုးထက်