နေလင်းညီ ရေခြားမြေခြား မြန်မာများ

နေလင်းညီ – စကာင်္ပူ အမှတ်တရ အပိုင်း (၁)

စကာင်္ပူ အမှတ်တရ အပိုင်း (၁)
နေလင်းညီ၊ ဇွန် ၆၊ ၂၀၁၄

ခဲလုံးကိုနင်း – ကျန်းမာခြင်း

စကာင်္ပူရဲ့ ကောင်းကွက် (အားသာချက်) များတွင် အထူးသတိထားမိစရာမှာ နေရာအနှံ့တွင် ပန်းခြံနှင့်အားကစားကွင်းများ ထားရှိခြင်းဖြစ်သည်။ ကလေးကစားကွင်းများကိုလဲ နေရာအနှံ့တွင် ထားရှိပေးသည်။ မည်သူမဆို ဝင်ရောက်အပန်းဖြေ ကစားနိုင်သည်။ ဘာအဖိုးအခမှ မပေးရပါ။

အားကစားကွင်းများတွင် တပ်ဆင်ထားသော ကိရိယာများဖြင့် လေ့ကျင့်နိုင်သလို၊ ကျောက်စရစ်ခဲလုံးလေးများ စီခင်းထားသောလျှောက်လမ်းလေးများကိုလည်း ထားရှိပေးသည်။ လမ်းလျှောက်လေ့ကျင့်နိုင်သလို လက်ကိုင်စတီးပိုက်များကို ကိုင်ထားပြီး ကြွလိုက် ချလိုက်လည်း လုပ်နိုင်သည်။ ခြေဗလာဖြင့် ကျောက်စရစ်ခဲလုံးလေးများကို အသာအယာ ဖြေးဖြေးချင်းနင်းရသည်မှာ လူထွေးအဖို့ အကျိုးကျေးဇူးများစွာ ရပါသည်။

ခြေဖဝါးရှိ အကြောများသည် ဝမ်းတွင်းအင်္ဂါများနှင့်ရော၊ ဦးခေါင်းပိုင်းနှင့်ပါ ဆက်သွယ်မှုရှိသဖြင့် ခဲလုံးလေးများကို နင်းရခြင်းသည် တစ်ကိုယ်လုံး၏အင်္ဂါအစိတ်အပိုင်းများကို ကျန်းမာသန်စွမ်းစေကြောင်း သိရ၏။ အချို့အားကစားကွင်းများတွင် ခြေဖဝါးရှိမည့်သည့်နေရာမှအကြောသည် မည်သည့်အင်္ဂါအစိတ်အပိုင်းနှင့် ဆက်နွယ်မှုရှိသဖြင့်၊ ထိုနေရာတွင် ခဲလုံးများနင်းမိခြင်းကြောင့် ထိုအင်္ဂါကို ကျန်းမာစေကြောင်း ရုပ်ပုံများဖြင့် ပြသထားသည်။ ရှေးဟောင်းတရုတ်ရိုးရာနည်းဟုလဲ ဆိုသည်။

ကျောက်စရစ်ခဲလုံးများကို ဖိနပ်မပါဘဲ ခြေဗလာဖြင့် ဖြေးဖြေးသာသာနင်းလျှောက်လေ့ကျင့်ခြင်းဖြင့် ရောဂါအချို့ ပျောက်ကင်းသက်သာစေကြောင်း စာနယ်ဇင်းအချို့၌ ဖော်ပြကြသည်။

ကျောက်စရစ်ခဲ၌ သံဓါတ်ပါရှိသဖြင့် ခြေဖဝါးမှတဆင့် သံဓါတ်များစီးဝင်ကာ အဆိပ်အတောက်ပြေစေသည်။ ကိုယ်တွင်းကိုယ်ပရောင်ရမ်းနာများကို သက်သာစေသည်။ ဟော်မုန်းကိုမျှတစေသည်။ စိတ်ကျန်းမာရေးကို ဖြစ်စေသည်။ စသဖြင့် ဖော်ပြကြ၏။ နာတာရှည်အိပ်မပျော်သူများကိုလဲ ဤခြေနင်းလေ့ကျင့်ခန်းက အိပ်ပျော်စေပါသတဲ့။

ကိုယ်ခန္ဓာကို မတ်မတ်ထား၍ ဟန်ချက်ညီညီ လမ်းလျှောက်ခြင်းဖြင့် ကြွက်သားနှင့်အရိုးစပ်ကြားရှိ အရွတ်ကြောလုံးများ၊ အရွတ်ပြားများ၊ အရိုးအဆစ်အဆက်များကို ကျန်းမာစေသဖြင့် ဒူးနာ၊ ခါးနာတို့ကို ပျောက်ကင်းစေသည်။ ခြေထောက်ဆိုင်ရာ ယောဂကျင့်စဉ်နှင့်တူသည် ဟုလဲ ဆို၏။

ဖိနပ်မစီးပဲ ခြေဗလာဖြင့် သွားလာခဲ့ကြသော ဇူးလူ လူမျိုးတို့၏ ခြေချောင်းရိုးများမှာ အလွန်သန်မာကြကြောင်း ဖော်ပြကြ၏။

ကမ္ဘာပေါ်တွင် ခြေဖဝါးနှိပ်ပေးသော ကျန်းမာရေးစင်တာများ ဈေးကြီးလှ၏။ ခဲလုံးနင်းလျှောက်မှုသည် ခြေဖဝါးနှိပ်နယ်ခံရသကဲ့သို့ အကျိုးအာနိသင်ရှိ၏။ စိတ်ဓါတ်ကျခြင်း၊ အာရုံပျံ့လွင့်မှုတို့ကို သက်သာစေပြီး စိတ်ဓါတ်တက်ကြွကာ အာရုံစူးစိုက်နိုင်သည်ဟုလဲ ဆို၏။ သွေးတိုးရောဂါရှိသူများ ပုံမှန်နင်းလျှောက်ခြင်းဖြင့် သွေးတိုးကျသွားကြောင်း ၂၀၀၅ ထုတ် The American Geriatrics Society စာစောင်က ဖော်ပြသည်။

စာတွေ့တွေ လျှောက်ရေးနေသဖြင့် လူထွေးကိုယ်တိုင်ကော ကျောက်စရစ်ခဲလုံးနင်းလျှောက်မှုကြောင့် ဘာများကိုယ်တွေ့ခံစားခဲ့ပြီလဲဟု စာဖတ်သူမေးလိုပေမည်။ ဟုတ်ကဲ့၊ ကိုယ်တွေ့ရှိပါသည်။

(၁) လူထွေးမှာ အသက် ၃၅ နှစ်ကျော်သောအခါ လက်ဖက်ရည်ကျကျ၊ ကော်ဖီကျကျ၊ ကိုကာကိုလာ၊ ကျွဲရိုင်းဗူး…ဒါတွေကို နေ့ခင်း ၁၂ နာရီနောက်ပိုင်း သောက်မိလျှင် တစ်ညလုံးအိပ်မပျော်တော့ပါ။ လူက အလွန်အိပ်ချင်နေသည်။ ဘယ်လိုမှ အိပ်လို့မရ။ ကြီးစွာသောဒုက္ခပါပဲ။ ထို့သို့ကြုံသောတစ်ညတွင် ခဲလုံးလေးများကို မိနစ် ၂၀ ခန့်မှန်မှန်လေးသွားနင်းရာ အိပ်ပျော်သွားပါသည်။ ထိုကာဖင်းဓါတ်ပါသော အစားအသောက်များကို သုံးစွဲလျှင် အသက်ရှုမဝသောရောဂါလဲ တွဲလျက်ဖြစ်တတ်ပါသည်။ ခဲလုံးနင်းခြင်းက ဒါတွေကို ပျောက်ကင်းစေပါသည်။

(၂) ညစာကို လိုက်ပွဲမယူပဲ တစ်ပန်းကန်သာ လူထွေးစားရဲတော့သည်။ ဗိုက်တင်းအောင်စားမိလျှင် ကိုယ်လက်လေးလံထိုင်းမှိုင်းပြီး၊ မအီမသာဖြစ်သည်။ မဒမ်လူထွေးက သူမ၏လင်တော်မောင်ကို ဟင်းကောင်းသဖြင့် လိုက်ပွဲထည့်ပေးတတ်ရာ (မင်း, စားစေချင်တာက စေတနာ၊ ဒုက္ခရောက်မှာက ငါ)ဟု ရေရွတ်ရသည်။ တစ်ရံခါတွင် ညစာစားများသွားရာ ခဲလုံးနင်းခြင်းကို ပြုလိုက်သော် လေတွေလည်၊ လေချဉ်တွေ တက်ပြီး နေရထိုင်ရ အဆင်ပြေသွားပါသည်ခင်ဗျား။ အစာမကြေသူများအတွက် အစာကြေဆေးတစ်လက်ပါပဲ။

(၃) ညဖက် ခြေသလုံးတောင့်တင်းပြီး အနေရခက်လှ၏။ ခဲလုံးလေးများ နင်းလိုက်သောအခါ သက်သာသွားတတ်ပါသည်။

တစ်ခုတော့ သတိထားမိပါသည်။ ခဲလုံးအဖြူရောင်များထက် အမဲရောင်ကျောက်စရစ်ခဲများ (ဂရင်းနိုက် ဆိုလား) က ပို၍ ကောင်းသည်။ အေးမြသော အထိအတွေ့ကို ခံစားရပြီး၊ ခန္ဓာကိုယ်မှ အပူဓာတ်များကို စုပ်ယူသွားသလိုဖြစ်ပြီး ပို၍အရသာရှိပါသည်။

လမ်းလျှောက်စရာ ပလက်ဖောင်းလည်းမရှိ၊ အားကစားကွင်းပန်းခြံလည်း နည်းပါးလှသော မဟာရန်ကုန်မြို့ကြီး၌ သင့်တော်၏။ ၃ပေ x ၂ပေ ရှိသောသစ်သားဘောင်၌ကျောက်စရစ်ခဲလုံးများကို မဆလာပေါ်တဝက်မြုတ်အောင် စီခင်း၍ အိမ်ထဲ လေဝင်ကောင်းရာ၌ နင်း၍လေ့ကျင့်ကြပါကုန်။ (အုန်းမှုတ်ခွက်နင်း ရောဂါကင်း) ဟုဆရာ မကွေးဝင်းမြင့်က စာအုပ်ရေးခဲ့သည်။ တော်တော်အမည်ကျော်၍ ရောင်းကောင်းခဲ့သည်။ ခဲလုံးလေးများကတော့ ပို၍ထိရောက်သည်ဟု ထင်ပါသည်။ ခဲလုံးချွန်ချွန်ထက် လုံးလုံးတွေက ပိုကောင်းသည်ဟု ခံစားရ၏။

လူတိုင်းနှင့် အဆင်မပြေသည့်တိုင် လူအများစုနှင့်မူ အဆင်ပြေမည်ဟု ယူဆမိပါသည်။

ဝဋ်ကြွေးလေလား

မြန်မာနိုင်ငံတော်ကြီး၌ ၁၉၈၈ အရေးအခင်းနောက်ပိုင်းတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးလက်ဝါးကြီးအုပ်မှု၊ အလုပ်အကိုင်ရှားပါးမှုများ ကြီးမားလာခဲ့သည်။ ထိုပြဿနာ၏နောက်ဆက်တွဲအဖြစ် အလုပ်လုပ်နိုင်စွမ်းရှိသော လူငယ်၊ လူလတ်များစွာသည် ထိုင်း၊ မလေးရှား၊ စကာင်္ပူစသော ဒေသတွင်းနိုင်ငံများသို့လည်းကောင်း၊ ကာတာ, ယူအေအီး, စသော အရှေ့အလယ်ပိုင်းဒေသများသို့လည်းကောင်း ရရာအလုပ်အကိုင်များကို သွားရောက်လုပ်ကိုင်ကြရသည်။ သခင်မျိုးဟေ့ ဒို့ဗမာဟု ကြွေးကြော်ခဲ့ကြသော လူထွေးတို့ နိုင်ငံသားများသည် ဝမ်းဝ, ခါးလှပါစေခြင်းအလို့ငှာ အောက်ကျခံ၊ အပင်ပန်းခံ၊ အဆင်းရဲခံ၍လုပ်ကိုင်ကြရလေသည်။ မြန်မာ့သမိုင်းတွင် ဤသို့သော အမဲစက်, အမှောင်ခေတ်များကို ကြုံကြရခြင်းမှာ သယံဇာတ၏ကျိန်စာဟု ဆိုကြကုန်၏။ နောင်တွင် စစ်အာဏာရှင်၏ ခြေဖဝါးအောက်၌ ပိပြားပျက်ဆီးရသောအဖြစ်မျိုး ထပ်မံမဖြစ်ပေါ်စေကြောင်း လူထွေးက အကြိမ်တစ်သိန်းမက ဆုတောင်းလေသတည်း။

လူထွေး၏အသိမိတ်ဆွေတစ်ဦးမှာ RIT မှဆင်း၍ မြို့ပြအင်ဂျင်နီယာရာထူးဖြင့် စကာင်္ပူ၌ လုပ်ကိုင်နေသည်မှာ ၁၈ နှစ်ပင်ကျော်ခဲ့လေပြီ။ စကာင်္ပူနိုင်ငံသားတွေလောက် အခွင့်အရေးမရရှိသော်လဲ အတတ်ပညာဖြင့် လုပ်ကိုင်ခွင့်ရသည်။ သင့်တော်သော လစာ ရသဖြင့် တောလက်ကျေးရွားရှိမိဘများကိုလည်း လစာပုံမှန်ထောက်ပံ့ထားနိုင်၏။ သူ့ဇနီး၏ဇာတိမြို့တွင် မြို့လယ်ခေါင်၌ မြေကွက်ကျယ်ဝယ်၍ ၂ထပ်လုံးချင်းတိုက်ကို ဆောက်ထား၏။ လောလောဆယ်၌ အိမ်ငှားတင်ထား၏။ ရန်ကုန်မြို့တွင်လည်း မြို့တွင်းပိုင်း၌ အိမ်တစ်လုံးဝယ်ထား၏။ သူတို့မိသားစု ရန်ကုန်ပြန်လျှင် တည်းခိုနေထိုင်၏။ တူ တူမများကို လောလောဆယ် နေစေ၏။ ထို့အပြင် တိုက်ခန်းတစ်ခန်းကိုလည်း ဝယ်ထားသေး၏။

အတွင်းပစ္စည်း ရွှေငွေများလည်းရှိတန်သလောက် ရှိပေလိမ့်မည်။ နိုင်ငံတော်ကိုလည်း ဆယ်စုနှစ် ၁ စုကျော် အခွန်အခများသွင်းထားသည်မှာ မနည်းလှ။ သူတို့၏တစ်ဦးတည်းသော သမီးလေးကိုလည်း စကာင်္ပူကောလိပ်တစ်ခုတွင် ကျောင်းထား၏။ လူမှုရေးအလှူငွေများလဲထည့်၏။

သူ့အသက်ကား ၅၀ ပြည့်တော့မည်။ ယခုတိုင် မမောနိုင်၊ မပန်းနိုင်၊ အလုပ်ဆင်းနေရဆဲ။ PR ဖြစ်နေတာကြာပြီဖြစ်သော်လည်း စကာင်္ပူနိုင်ငံသားခံယူဖို့ စိတ်မကူးပါ။ ချစ်သော မြန်မာပြည်၌သာ ပြန်လည်အခြေချ၍ အေးအေးချမ်းချမ်းနေလိုသည်။ ထို့ကြောင့် အရစ်ကျဝယ်ယူနိုင်သော HDB တိုက်ခန်းများကိုပင် ဝယ်ယူခြင်းမပြုခဲ့။

JTC အခန်းကိုသာ ငှားရမ်းနေထိုင်ခဲ့၏။ ဘာပရိဘောဂများကိုမှ ထွေထွေထူးထူးမဝယ်ပါ။ အဆင်ပြေသလို နေကြ၏။ သူတို့မြန်မာပြည်၌ ဝယ်ယူထားသော လုံးချင်းတိုက်များ၊ တိုက်ခန်းများကား ခမ်းနားထယ်ဝါလှသော်လည်း သူ့တို့ယခုတိုင်  နေခွင့်မကြုံသေး။ လက်ရှိ သူတို့ နေနေရသည်မှာ ဖြစ်သလိုယာယီသဘောမျိုးပါပေ။ ပိဋကတ်စာပေတွင် ချမ်းသာလှသော သူဌေးကြီးသည် ပိုးဖဲကတ္တီပါများ ရှိပါလျက် မဝတ်ဆင် မပျော်မွေ့ပဲ၊ ကြမ်းတမ်းလှစွာသော ဂုန်နီအိတ်များကိုသာ အမြတ်တနိုးဝတ်ဆင်နေကြောင်းပါရှိ၏။ ယခင်ဘဝက ရဟန္တာအရှင်မြတ်ကို သဒ္ဓါကြည်ဖြူစွာ လှူဒါန်းပူဇော်ပြီးနောက်၊ သဒ္ဓါတရားပျက်ယွင်းကာ ပြန်လည်နှမြောနေ၏။ ဒါနကုသိုလ်၌ မပေးလှူမီဖြစ်သော စေတနာကို ပုဗ္ဗစေတနာဟု ခေါ်သည်။ ပေးလှူဆဲ၌ဖြစ်သော စေတနာကို မုဉ္ဇစေတနာဟုခေါ်သည်။ ပေးလှူပြီးနောက် ဖြစ်သောစေတနာကို အပရစေတနာဟုခေါ်သည်။ ထိုစေတနာသုံးတန်လုံး အားသန်ကောင်းမွန်နေပါမှ အကျိုးပေးသောအခါ၌လည်း အားသန်ကောင်းမွန်သည်။

ထိုမိတ်ဆွေကဲ့သို့ပင် စကာင်္ပူရောက် မြန်မာနိုင်ငံသားအတော်များများလဲ မြန်မာနိုင်ငံ၌ သင့်တင့်သော ဥစ္စာစည်းစိမ်များ တည်ဆောက်ထားကြသော်လည်း၊ မိမိနိုင်ငံသို့ မပြန်ရဲကြသေး။ မရေရာ မသေချာသော စီးပွားရေးကို စိုးရိမ်နေကြသည်။ သူတို့၏ဥစ္စာစည်းစိမ်များကို သူတို့မခံစားနိုင်သေး။ ပိုးဖဲကတ္တီပါကို မဝတ်ပဲ၊ ဂုန်နီအိတ်စုတ်ကို ဝတ်ဆင်ရသော သူဌေးကြီးကဲ့သို့ ဖြစ်နေကြ၏။ သက်သက်မဲ့ ဒုက္ခခံနေကြသည်ဟုလဲ မဆိုရက်ပါ။ ဒုက္ခခံ, ဝဋ်ကြွေးခံနေရတာတော့ အမှန်ပင်ဖြစ်၏။

ဂိုဏ်းသင့်လေသလားဟု ထင်မှတ်ဖွယ် အဖြစ်တစ်ခု

လူထွေး စကာင်္ပူရောက်တော့ သူ့အရင် ရောက်နှင့်နေကြသော မိတ်ဆွေသူငယ်ချင်းများက အဆက်အသွယ်လုပ်ကြသည်။ အလုပ်ပင်ပန်းသော်လည်း၊ ပိတ်ရက် တနင်္ဂနွေတွေ ထိုသူတို့ထံ သွားရောက်လည်ပတ်ရ၊ လေပေါရ၊ အတွေ့အကြုံဖလှယ်ရသည်မှာ ကောင်းလှောင့်တေး၊ ကောင်းလှောင့်တေးဟု ဆိုရမည်။

၂၀၀၀ ပြည့်နှစ်၏ တစ်ခုသောညပိုင်းတွင် လူထွေးထံသို့ ဖုန်းဝင်လာသည်။ လူထွေး၏မိတ်ဆွေတစ်ဦးက ဆက်ခြင်းဖြစ်သည်။

‘ မစ္စတာလူထွေးရေ…၊ ဟိုလူတွေ သွားကုန်ပြီ။ ကျူပ်တို့က အိုးစည်ဗုံမောင်းတွေ တီးမှုတ်ပြီး ပျော်ပျော်ပါးပါး လိုက်ပို့ကြစို့။’

‘လာမဲ့သူကိုသာ တီးမှုတ်ပြီး ကြိုဆိုရတာ မဟုတ်လား။ ဘယ်နှယ့်…သွားမဲ့သူကို လိုက်ပို့ရတယ်လို့။ အစမရှိ၊ အဆုံးမရှိ။’

ထိုအခါကျမှ ထိုသူက ဖြစ်ကြောင်းရယ်ကုန်စင်ကို ပြောပြပါလေသည်။ နိုင်ငံတော်တွင် တာဝန်ကြီးကြီး ယူထားသူအချို့ ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးသွားကြသော သတင်းဖြစ်၏။ စစ်တပ်က အာဏာသိမ်း၍ ထင်ရာစိုင်းအုပ်ချုပ်နေကြောင်း၊ ၁၉၉၀ ပြည့်ရွေးကောက်ပွဲအရ ထောက်ခံရွေးချယ်ထားသောပါတီကို အာဏာမလွှဲပဲ သိက္ခာမဲ့စွာ ရပ်တည်နေကြောင်း၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အလုပ်အကိုင် အခွင့်အလမ်း အဖက်ဖက်တွင် ယိုယွင်းဆုတ်ယုတ်နေကြောင်း ထိုမိတ်ဆွေက သုံးသပ်ဝေဖန်လေ့ရှိသည်။ ထို့ကြောင့် သေသူတို့၏အသုဘကို ဝမ်းမြောက်ဝမ်းသာလိုက်ပို့မည်ဟု ဆိုခြင်းပေတည်း။

လူထွေးသည် အမှတ် (၁) စက်မှုဝန်ကြီးဌာနတွင် ၇ နှစ်တိုင်တိုင် အမှုထမ်းခဲ့ဖူးသူဖြစ်သည်။ လှည်းကူးမြို့နယ်၊ ဖောင်ကြီးရှိ ဝန်ထမ်းသင်တန်းသို့ ၁၉၈၉ တွင် တက်ရောက်ခဲ့ဖူးသည်။ သင်တန်းဖွင့်ပွဲသို့ ယခု ရဟတ်ယာဉ် မတော်တဆမှု၌ ပါဝင်သူများအနက် ရာထူးအကြီးဆုံးဖြစ်သူက အဖွင့်မိန့်ခွန်းလာရောက်ပြောကြားသည်။

‘ဗိုလ်ချုပ်အောင်ဆန်း, ဗိုလ်ချုပ်အောင်ဆန်း လို့ တမ်းတနေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့လဲ ရှိတဲ့သူက ဖြစ်အောင်လုပ်သွားတာပဲ။ ဘာလွမ်းနေစရာ လိုလဲ။’ ဟု ထည့်သွင်းပြောကြားသွားသည်။

အချို့က ဤစကားကို မကျေနပ်ကြပါ။ မြန်မာ့တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အလေးအမြတ်ပြု စံနမူနာယူရမည့်အစား ပစ်ပယ်ချောင်ထိုးလိုသောစကားဟု သုံးသပ်ကြသည်။ ဗိုလ်ချုပ်သမီးကို မကြိုက်ရုံနှင့် ဗိုလ်ချုပ်အောင်ဆန်းကို ထိုသို့ မပုတ်ခတ်သင့်ဟု အချို့က ဝေဖန်သည်။ (နောက်ပိုင်း စစ်အုပ်ချုပ်ရေးကာလများ၌ကား စာနယ်ဇင်းများ၌ ဗိုလ်ချုပ်အောင်ဆန်းအမည်နှင့် မိန့်ခွန်းများ၊ ဆောင်ရွက်ချက်များကိုပင် ထည့်သွင်းခွင့်မရလောက်အောင် ဖြစ်သွားခဲ့ရဖူးသည်။)

တပ်မတော်၏ဖခင်ကြီးကို စော်ကားလျှင် ဂိုဏ်းသင့်မည်ဟု အချို့က ဟောကိန်းထုတ်သည်။ ထိုမိန့်ခွန်းပြောပြီးနောက် ၁၀ နှစ်အကြာတွင် ယခုကဲ့သို့ ရဟတ်ယာဉ်ပျက်ကျ၍ သေဆုံးသွားသည်။ ဂိုဏ်းသင့်ခြင်းဖြစ်သည်ဟု အချို့က ယူဆ၏။ တပ်မတော်ထိပ်ပိုင်းအရာရှိကြီးက တပ်မတော်၏ဖခင်ကြီးကို ပစ်ပယ်ချောင်ထိုးလိုခြင်းမှာ ဂိုဏ်းသင့်စေမည့်ပစ်မှားမှုဟု ယူဆကြသည်။

‘ရှိတဲ့လူက ဖြစ်အောင်လုပ်သွားတာတော့ မှန်ပါတယ်။ ဘာဖြစ်သွားသလဲဆိုတော့ စုတ်ပြတ်ဆင်းရဲသွားပြီး၊ ဟိုလူ့ကိုမျက်နှာချိုသွေးရ၊ ဒီလူ့ကိုမျက်နှာချိုသွေးရနဲ့ –ာ နိုင်ငံဖြစ်သွားတာလေ’ ဟုပြောသော မိတ်ဆွေတစ်ဦး၏ စကားကိုလဲ၊ လူထွေး ကြားယောင်နေမိသည်။

စကာင်္ပူတက္ကသိုလ် ကျောင်းဆောင်တစ်ခုသို့ အလည်ရောက်ခြင်း

၂၀၀၀ ပြည့်နှစ်ကုန်ပိုင်း၏ တစ်ခုသော စနေနေ့ညနေပိုင်းတွင် လူထွေးတက်ကြွနေသည်။ အလုပ်သိမ်းပြီးနောက်၊ ရေမိုးချိုး အဝတ်အစားလဲကာ အဆာပြေ ခေါက်ဆွဲဗူးစားသည်။ ထို့နောက် NSU ဟု အတိုကောက်ခေါ်သော စကာင်္ပူအမျိုးသားတက္ကသိုလ် National University of Singapore သို့ ချီတက်သွားလေသည်။ ထိုတက္ကသိုလ်၌ ကျောင်းအိပ်ကျောင်းစား တက်ရောက်နေသော ကိုဝင်းမြင့်ထံ သွားရောက်လည်ပတ်ခြင်းဖြစ်သည်။

လူထွေးသည် GTI ကျောင်းပြီးပြီးနောက်၊ စက်မှု (၁) တွင် ဌာနစိတ်မှူးရာထူးဖြင့် အလုပ်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် RIT မှ B.E ဘွဲ့ရလာသူ ကိုဝင်းမြင့်သည် ဌာနခွဲမှူး (အရာရှိ) ဖြင့် အလုပ်ဝင်ရောက်သည်။ စာပေဝါသနာ တူကြရုံမက ဗဟုသုတရှာဖွေလိုကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လိုလားကြသူများဖြစ်ကြခြင်း ကြောင့် သူတို့နှစ်ဦးသား ခင်မင်ရင်းနှီးသွားကြ၏။ လေပေါ၍လည်း မဆုံးကြပေ။

ကိုဝင်းမြင့်သည် လူထွေးထက် ၃ နှစ်ခန့်စော၍ စကာင်္ပူသို့ ရောက်နေပုံရ၏။ သူသည် စကာင်္ပူတွင် အဆင့်မြင့်မြင့် ရေရှည်ရပ်တည်ခွင့် ရလိုလျှင်၊ စကာင်္ပူတက္ကသိုလ်တစ်ခုခုမှ ဘွဲ့လွန်အင်ဂျင်နီယာဘွဲ့ရရန် လိုသည်ဟု သဘောပေါက်ထားသူဖြစ်သည်။

ထို့ကြောင့် အလုပ်လုပ်စဉ်က စုမိထားသောငွေအချို့ကို ရင်းနှီး၍ M.Sc မဟာအင်ဂျင်နီယာတန်းကို တက်နေခြင်းဖြစ်သည်။ သူတို့ကို နေခွင့်ပေးထားသည်မှာ ၆ ထပ် အဆောက်အဦးကျောင်းဆောင်ဖြစ်သည်ဟု လူထွေးမှတ်မိနေသည်။ အလယ်တွင် လျှောက်လမ်းရှိ၍ ၁၀ ပေ x ၈ ပေ အိပ်ခန်းများကို ဘေး ၂ ဖက်တွင် ဖွဲ့စည်းထားသည်။ အိမ်သာရေချိုးခန်းများကတော့ ဘုံသုံးရသည်။ တစ်ခန်းတွင် ကျောင်းသား ၂ ဦး (သို့) ကျောင်းသူ ၂ ဦးကို နေစေသည်။

အဆောက်အဦးတစ်ခုတည်းတွင် ကျောင်းသူအိပ်ခန်းများနှင့် ကျောင်းသားအိပ်ခန်းများ ရောနှောထားရှိသဖြင့် လူထွေးအဖို့ ထူးထူးဆန်းဆန်းဖြစ်နေသည်။ အိပ်ခန်းတစ်ခန်းတည်းတွင် ကျောင်းသား ၂ ဦး (သို့) ကျောင်းသူ ၂ ဦးကိုသာ နေစေသည် မှန်သော်လည်း၊ အထပ်တစ်ထပ်တွင် မိန်းကလေးတွေ နေသောအခန်းနှင့် ယောကျာင်္းလေးတွေ နေသောအခန်းများမှာ ဘေးချင်းကပ်တွေ ဖြစ်နေသည်။ မိမိအိပ်ခန်းမှ ထွက်လာလျှင် လျှေက်လမ်းကော်ရစ်တာ၌ ကျောင်းသူ ကျောင်းသားများ သွားဆုံကြသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းဆောင်များနှင့်တော့ တခြားစီဖြစ်သည်။ ယောကျာင်္းလေးတွေနေသော ကျောင်းဆောင်တွင် မိန်းကလေးများကို မထားသလို၊ မိန်းကလေးတွေနေသော ကျောင်းဆောင်၌ ယောကျာင်္းလေးများကို မထားပါ။ ဧည့်သည်အဖြစ်တွေ့လိုလျှင် ဧည့်ခန်း၌ထိုင်စောင့်ရသည်။ ဧည့်ချိန်လွန်သွားလျှင် ပြန်ရသည်။ အထူးသဖြင့် မိန်းကလေးဆောင်များ၏ဂိတ်ဝင်းလုံခြုံရေးကို အလေးထားသည်။

‘ကျား နှင့် မ တွေကို အဆောက်အဦးတစ်ခုထဲမှာ ရောနှောထားတော့ မီးမပွင့်ကုန်ဘူးလား’ ဟု လူထွေးက မေးသည်။

စည်းကမ်းမရှိသူအချို့ကလွဲလျှင် အများစုကတော့ မီးမပွင့်ပါဟု ကိုဝင်းမြင့်ကဖြေသည်။ ငွေကြေးအတိုင်းအတာတစ်ခုထိ ရင်းရပြီး ဦးနှောက်အပူခံ၍ မဟာဘွဲ့ကို ရဖို့ ရည်မှန်းခဲ့ကြကြောင်း၊ ခပ်ပွေပွေ ခပ်တေတေ လုပ်နေလျှင် ရည်မှန်းချက်ပျက်ဆီး၍ နောက်ဆုံးတော့ မိမိအကျိုးစီးပွားသာ ထိခိုက်မည်ဖြစ်ကြောင်း၊ ကျောင်းပြီးမှ ဘွဲ့ရမှ ပွေလျှင် ပြဿနာမကြီးမားကြောင်း၊ လူတွေမှာ လိုဘမက်လုံး (Incentive) ကိုယ်စီဖြစ်၍ မိမိကိုယ်မိမိ ထိန်းကြပါကြောင်း ကိုဝင်းမြင့်က ဖြေသည်။

မိန်းကလေးတစ်ယောက် သူ့အခန်းထဲ ဝင်ခွင့်တောင်းပြီး၊ ရင်းနှီးမှုရအောင် အလ္လာပ, သလ္လာပ လာပြောတတ်ကြောင်း၊ စာကျက်ပျက်သဖြင့် မလာဖို့ပြောလိုက်ရာ မလာတော့ကြောင်း ဆက်၍ ပြောပြသည်။

သြော်… ဂလိုကိုး ဟု လူထွေးလဲ အံ့သြမှတ်သားလိုက်ရပေသည်တမုံ့။

ဝတ်ကောင်းစားလှ သူဌေးသား အညစ်အကြေးပေခြင်း

စကာင်္ပူဆိုတာ ကမ္ဘာမြေပုံတွင် အစက်အပြောက်လေးတစ်ခုသာ ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှုကြောင့် လျှမ်းလျှမ်းတောက် အမည်ကျော်နေပေသည်။ အမေရိကန်၏ နည်းပညာကို အမိအရ အသုံးချနိုင်ပြီး၊  အမေရိကန်၏ထီးရိပ်အောက်တွင် အကာအကွယ်ယူနိုင်မှုကြောင့် ဝန်းကျင်နိုင်ငံများက ခန့်ညားရသော အခြေအနေသို့ ရောက်ခဲ့ရခြင်းဖြစ်၏။

နိုင်ငံထူထောင်ကာစ ၁၉၆၅ ဝန်းကျင်မှ ၁၉၈၀ ထိကာလများတွင် သူ့အပေါ်သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ခြိမ်းခြောက်မှုများက ရှိနေခဲ့သည်။ ရေပေးနေသော မလေးရှားကလဲ ရေနှင့်ပတ်သတ်၍ မလိုလျှင် မလိုသလို ပြောတတ်သည်။ ကျွန်းပေါင်းများစွာ လူဦးရေများစွာ ရှိနေသော အင်ဒိုနီးရှားနှင့်လည်း တခါတရံ မပြေလည်တတ်ချေ။

လူထွေးတို့ရောက်ခဲ့သော ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင်မူ စကာင်္ပူက အဖက်ဖက်၌ အောင်ပွဲခံ၍ အောင်ပန်း ပန်နေချေပြီ။

သို့သော် စကာင်္ပူတစ်ကျွန်းလုံး မြူများအုံ့ဆိုင်းနေပြီး၊ ရှုခင်းမကောင်းသောကာလများလည်း နှစ်တိုင်းလိုလို ကြုံရသည်။ အကြောင်းကတော့ အင်ဒိုနီးရှားဖက်တွင် တောင်ယာခုတ်သူများက  တောင်ယာမီးရှို့ရာမှ တောမီးကူးစက်လောင်ကျွမ်းပြီး မီးခိုးမြူများ စကာင်္ပူကောင်းကင်၌ အုံ့ဆိုင်းနေခြင်းဖြစ်သည်။ ထိုဖြစ်ရပ်များကြောင့် စကာင်္ပူနှင့် အင်ဒိုနီးရှား, အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေး အဖုအထစ်တွေ ဖြစ်လေ့ရှိသည်။

ဤစာရေးသော ၂၀၁၃ ဇွန်လတွင်လည်း လူထွေး စကာင်္ပူတွင် ရှိနေသည်။ ဇွန်လ ၁၇ ရက် နေ့လောက်မှစ၍ မီးခိုးမြူများ အုံ့ဆိုင်းနေရာ ဇွန်လ ၂၁ ရက်နေ့အထိ ဆိုးဝါးနေဆဲ ဖြစ်၏။ စကာင်္ပူသည် ဥယာဉ်မြို့တော် တည်ဆောက်၍ အများပြည်သူနှင့်ဆိုင်သော နေရာများတွင်  ဆေးလိပ်သောက်ခွင့်တားမြစ်ထားသည်။ ကျူးလွန်လျှင် ကြီးလေးသော ပြစ်ဒဏ်ကို ပေးသည်။ လေထု သန့်ရှင်းရေးကို ဂရုစိုက်သည်။ သို့ပါလျက် အခြားနိုင်ငံကြောင့် လေထုညစ်ညမ်းရခြင်းကို အဘယ်မှာ လိုလားနှစ်သက်ပါမည်နည်း။ ခရီးသွားလုပ်ငန်းလဲ ထိခိုက်နိုင်၏။

အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီကလည်း သူ၏ ဝက်ဆိုက်တွင် နာရီအလိုက် လေထုညစ်ညမ်းမှုကို ဖော်ပြပေးနေသည်။ လေထုညစ်ညမ်းမှု အညွှန်းကိန်း PSI 50 ထိ Good (ကောင်းသောအခြေအနေ) ဟုဆိုသည်။ PSI 51 မှ 100 ထိ Moderate (စောင့်ကြည့်ရမည့်အခြေအနေ၊ ကျန်းမာရေးမထိခိုက်သောအခြေအနေ) ဟုဆိုသည်။

PSI 101 မှ 200 ထိကို Unhealthy (ကျန်းမာရေးထိခိုက်သောအခြေအနေ) ဟုဆိုသည်။ PSI 201 မှ 300 ထိကို Very Unhealthy (အလွန်ပင် ကျန်းမာရေးထိခိုက်သောအခြေအနေ) ဟုဆို၏။ PSI 300 အထက်ဆိုလျှင် Hazardous ဘေးအန္တရာယ်ရှိသောအခြေအနေ) ဟုဆို၏။

၂၁-၆-၂၀၁၃ နေ့လည် ၁၂ နာရီတွင် PSI 400 ထိပင် ဖြစ်သွားသည်။ အထပ်မြင့်တိုက်များတွင် မီးခိုးမြူများကြောင့် မြင်ကွင်းမရှင်းလင်းတော့ချေ။ ယခုနှစ်တွင် အိမ်နီးချင်းနှစ်နိုင်ငံအကြား၌ သံတမန်ပိုင်းဆိုင်ရာ တင်းမာမှုများအထိ ဖြစ်ပွားခဲ့၏။

စကာင်္ပူသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး ဗီဗီယမ်ဘားလိတ်ကရစ်ရှ်နန် Vivian Balakrishnam ကမီးခိုးမြူ ပြဿနာကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းပေးရန်တောင်းဆိုလိုက်၏။ အင်ဒိုနီးရှားဖက်ကမူ သူတို့နိုင်ငံရှိတောင်သူများကို ပညာပေးမှုလုပ်ဆောင်နေကြောင်း၊ ဟိုတိုင် ဒီတိုင် ကလေးလို မပြုမူသင့်ကြောင်း တုန့်ပြန်ချေပခဲ့သည်။

ဝတ်ကောင်းစားလှ သူဌေးသားကို ရွံ့တွေ အညစ်အကြေးတွေပေလာတဲ့ဆင်းရဲသားက  သွားတိုက်မိသလိုမျိုးလားဟု လူထွေးစဉ်းစားသည်။ သူဌေးသားက စိတ်ဆိုးမည်။ ဆင်းရဲသားကလဲ ဒါလေးများ စိတ်ဆိုးစရာလားဟု ချေပမည်။

လေထုညစ်ညမ်းသော ပီကင်း၌ အောက်ဆီဂျင် ရှုနိုင်သော အငှားခန်းမများရှိသည်ဆို၏။ စကာင်္ပူမှာလဲ ရေကောင်းရေသန့်ကိုသာမက လေကောင်းလေသန့်ကိုပါ ဝယ်သုံးရတော့မည်ထင်၏။ လူထွေး မလေးရှားမှာ အလုပ်လုပ်ခဲ့စဉ်ကလည်း အင်ဒိုနီးရှားတောမီးကြောင့် မီးခိုးမြူများ အုံ့ဆိုင်းနေတတ်ပါသည်။

နေလင်းညီ

Photo credit – http://img.insing.com/events/images/Singapore%20Night%20Fest%202013/04.jpg


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “နေလင်းညီ – စကာင်္ပူ အမှတ်တရ အပိုင်း (၁)
  1. Not everyone should walk on the stones especially if they have diabetes. It s not the cure for everything

Comments are closed.