Yan Naung (Bo Ta Htaung) သတင်းဆောင်းပါး

ရန်နောင် (ဗိုလ်တထောင်) – မောသမျှပြေခဲ့ရတဲ့ မိုးမခပွဲ

10443436_1429021287362415_6416426998462130434_nမောသမျှပြေခဲ့ရတဲ့ မိုးမခပွဲ

ရန်နောင် (ဗိုလ်တထောင်)၊ ဇွန် ၅၊ ၂၀၁၄

မိုးမခ မဂ္ဂဇင်းထွက်လာခဲ့တာ တတိယအုပ်ရောက်ရှိခဲ့ပါပြီ ။ အခုထက်ထိ မိတ်ဆက်ပွဲ မလုပ်ရသေးဘူး ။ ခေါင်းထဲမှာ ဒါချည်းက အချိန်တိုင်းဖိစီးလို့နေတယ်လေ ။ ကိုယ်မွေးထားတဲ့ သားသမီးကို မွေးနေ့မလုပ်ပေးရသေးသလို ၊နာမည်ပေးကင်ပွန်းတပ်ပွဲမလုပ်ရသေးသလို ဖြစ်နေတာပေါ့ ။

စတင်ထွက်ရှိလာတဲ့အချိန်က ဧပြီလ လယ်ခေါင်ကြီးလေ ။ သင်္ကြန်အတွက်သူများတွေ ပျော်ဖို့၊ရွှင်ဖို့ ၊ခရီးတွေထွက်ဖို့ ပြင်ဆင်နေချိန်မှာ မိုးမခကို ထုတ်လိုက်ရတာ ရိုးရိုးလက်သည်နဲ့ ကလေးမွေးလိုက်ရသလိုပါပဲဗျာ။ လူမသိလိုက်ဖူးပေါ့ ။

အမှတ် (၁)ကို မန္တလေး ပို့တာ အုပ် ၁၅၀ ပါ ။ တဆိုင်ကို ၅၀ နဲ့ သုံးဆိုင်ပေါ့ ။တဆိုင်က ပြန်ပို့လာတယ်။ ၄၃အုပ်တဲ့ ။နောက်တဆိုင်က ပြန်ပို့လာတော့ ၄၇ အုပ် တဲ့ ။မန်နေဂျာ ရူးပေါက်ဗျ ။ ဘာလုပ်ရမှန်းမသိပါဘူးဆိုတဲ့ သူမျိုးကို မဂ္ဂဇင်းထုတ်ခိုင်းချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်မိတယ် ။

ဒီလိုအချိန်မှာပဲဗြုန်းဆို နာယကကြီး ဘဘဦးဝင်းတင်က  ကွယ်လွန်အနိစ္စရောက်သွားပြန်တော့ မိုးမခမိတ်ဆက်ပွဲ နောက်ဆုတ်ပေးလိုက်တာပဲပေါ့ ။ သင်္ကြန်နားနီးနေလို့ မိတ်ဆက်ပွဲ မလုပ်ဖြစ်၊ဘဘ ဆုံးလို့ မိတ်ဆက်ပွဲမလုပ်ဖြစ် နဲ့  မိုးမခ ရဲ့ မိတ်ဆက်ပွဲလေးဟာ အမှတ် (၃ )ကို ရောက်လာခဲ့ပါတယ် ။

အမှတ် (၃ )ကို  ဆရာအောင်ထက် ရဲ့ ဒီဇိုင်းလေးနဲ့ လှတပတ မေလထဲမှာ ထွက်ရှိလို့လာခဲ့ပါတယ် ။ စာအုပ်မိတ်ဆက်ပွဲ ကို အခုလုပ်မယ်၊တော်ကြာလုပ်မယ် လို့ပြောလို့ရတာလဲ ဆရာဦးသူရ ရဲ့ ဟုမ်းရုံးခန်းကြောင့်ပါ ။ ဆရာက ဟုမ်းစာကြည့်တိုက်ကိုကြိုက်သလို အသုံးချခွင့်ပေးထားတာကြောင့်လည်း မိုးမခ ဟာ နေ့ရွှေ့ ၊ညရွှေ့ အလွယ်တကူ လုပ်ခွင့်ရခဲ့တာပါ ။

ခန်းမတာဝန်ခံ ကိုအောင်ထွန်းကို အကို ဒိတ်ယူမယ်ပြောပြီး ပျက်သွားရတာတွေကြောင့် သူ့ကိုလည်းအားနာရပါတယ် ။ ဒါပေမယ့် မိုးမခ ဒိတ်အမှန်တကယ်ယူတော့ ကိုအောင်ထွန်း အံ့အားသင့်ခဲ့ရပါတယ် ။

မိုးမခ ကိုမိတ်ဆက်ပွဲ သီးသန့်မလုပ်ပဲ စာပေစကားဝိုင်းလေးမှာ ထည့်လုပ်မယ်လို့ ဆရာဇာနည် ပြောပြတော့ လှလိုက်တဲ့ အစီအစဉ်လေးဟု စိတ်ကရော၊နှုတ်ကပါ အားတက်သရောပြောခဲ့တာလေ။ ဒုက္ခအများဆုံး ပေးဖြစ်တာက မအေးဖြူအောင်ကိုပါ ။ မအေးဖြူအောင်လက်ရာ ဖိတ်စာတင်မက စာအိတ်ဘယ်မှာဝယ်၊ ဗွီနိုင်းဘယ်မှာရိုက်နှင့် ကူညီ ပေးတာကို ကျေးဇူး အင်မတန်တင်မိပါတယ်ဆိုတာအမှန်ပါ ။

10371735_1429020500695827_2769913769152124134_n

 

အခမ်းအနားမှာ ဘယ်သူတွေပြောမယ်၊ဘယ်သူတွေ ဘယ်လိုထိုင်ဆိုတာကိုတော့ ဆရာဇာနည်က တစ်ရက်လာပြသွားသဖြင့် အဆင်ပြေစွာ ပြင်ဆင်နိုင်ခဲ့ပါသည် ။ အခမ်းအနားပြင်ဆင်ဖို့အတွက် တိုင်ပင်တုန်း ကိုအောင်ထွန်းက စကားပြောခွက်အကြောင်းအနည်းငယ်ရှင်းပြပါတယ် ။ ကျွန်တော်တို့ မိုက်ခရိုဖုန်းက အခုလိုစမ်းရင်ကောင်းနေတာပဲ ၊ဒါပေမယ့် ပွဲနေ့ကျရင် ဂွမ်းချင်ရင်ဂွမ်းတယ် ၊ဒါလည်း စက်ကို လက်ဖက်ပွဲ မတင်လို့ပြောတယ် ဆိုတော့ ဆရာက မင်းပွဲနေ့ကျရင် လက်ဖက်တင်လိုက်တဲ့ ၊၊ဒီကောင်ကလည်း ဟုတ်ကဲ့ ပေါ့ ပြောလိုက်ပါတယ်။

မိုးမခပွဲ မှာသူများတွေ မကျွေးတာကျွေးချင်တယ်ဆိုတော့ မြန်မာမုန့်ကျွေးရင်ကောင်းမလားလို့ပြောမိလိုက်တယ်။  ဘာပြောကောင်းမလည်း ရှာတော့၊ဖွေတော့ ပေါ့ ။ မြန်မာမုန့်က ပြောတော့တာလွယ်တာ ၊နေ့တဓူဝ ကိုယ့်အိမ်ရှေ့ ဖြတ်ရောင်းနေတဲ့ မုန့်သည်တွေ ခေါ်မေးကြည့်တော့ သူတို့တွေဆီမှာ ကိုယ်လိုချင်သလောက်မရ ။ခက်ပြီ။မုန့်သည်များကို တွေ့တာနဲ့ ခေါ် မုန့်ဝယ်စားပြီးမေးကြည့်တိုင်း ဒီစကားအတိုင်းချည်းပြောနေတော့ လူလည်းညစ်လာတယ်။

ဒီကြားထဲမှာ ကျန်းမာရေးက ချို့ယွင်းလိုက်သေးတယ်။သွေးပေါင်တက်သွားတာပေါ့ ။ ညစ်ညစ်နဲ့ လမ်းလျှောက်နေတုန်း မြို့တော်ခန်းမနားမှာ မြန်မာမုန့် အစုံအလင် ရောင်းတဲ့သူတွေ တွေ့လို့ မေးကြည့်တော့ လားလား တိုင်းရက်တဲ့ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့် ဆိုသလိုဖြစ်ခဲ့ပါတယ် ။သူတို့ကို မေးစမ်းကြည့်တော့ ကိုယ်နိုင်သောဝန်ဖြစ်နေတာနဲ့ပဲ နောက်နေ့ ကျိန်းသေရင် စရံလာချပါ့မယ် ဆိုပြီး ပြောခဲ့ရတယ် ။ကိုယ့်ဘက်က ရက်မသေချာသေးဘူးကိုး ။

ဒီလိုနဲ့ ပွဲနေ့ကို ရောက်လာတော့ လူတွေလာပါ့မလား၊ မုန့်တွေလောက်ပါ့မလား နဲ့ စိတ်တထင့်ထင့်နဲ့ ရှိခဲ့ရပါတယ်။ လူကြီးတွေကို ဧည့်ခံတာမပြည့်စုံမှာကိုလည်း စိုးရိမ်မိသေးတယ် ။ မနက် အစောကြီးခေါ်ထားတဲ့ ကိုယ့်လူတွေကလဲ ၁၁ နာရီထိုးလောက်မှရောက်တယ်လေ။ ပစ္စည်းတွေ ငှာပြီး အိမ်ပြန် ၊စာအုပ်တွေသယ်ပြီးခန်းမကို ကားနဲ့ သူတို့ကိုလွှတ်၊မုန့်ဗန်းအလှဆင်ဖို့ လချေးပြားဝယ် ၊ ကပျာကယာ ခန်းမကိုပြေး ၊သို့သော်လည်း မုန့်သမားက မလာသေး ။စိတ်ကတော်တော်တိုလာပြီပေါ။ဇော်မင်းနိုင်ကို စက်ဘီးနဲ့ မြို့တော်ခန်းမကိုပြေးခိုင်း ၊စုံစမ်းတော့ လာပါလိမ့်မယ်တဲ့။ အတော်လေးကြာတော့ မုန့်သမားရောက်လာတယ် ။မှာထားတဲ့ မုန့်တွေက ကပ်ကြေးလေးနဲ့ တချပ်ချပ် ညှပ်ရတာတွေ၊ဒါးလေးနဲ့ လှီးရတာတွေ  မို့လို့ပေါ့ဗျာ။

10441204_1429022734028937_4469823234241729618_n

ကျွေးတဲ့ မုန့်တွေ်ကတော့ မိုးမခရဲ့ နာမည်နဲ့ လိုက်ဖက်စွာ  မိုးတွင်းမှာပေါ်တဲ့ မုန့်တွေကိုအဓိက ထားကျွေးဖြစ်ပါတယ် ။ ထန်းသီးမုန့် ၊ငှက်ပျောသီးမုန့် ၊ကောက်လှိုင်းတီမုန့် ၊မုန့်ဗိုင်းတောင့် ၊ရွှေထမင်း နဲ့ ကျောက်ကျော တို့ ပါပဲ။ လာသမျှ ပရိတ်သတ်ကို လ္ဘက်ရည် ၊ကော်ဖီ ၊ရေနွေးကြမ်းတို့နဲ့ ဧည့်ခံလိုက်တဲ့ အခါမှာတော့  ကောင်းလေစွ ၊ကောင်းလေစွ ဖြစ်သွားကြတော့ မောပန်းသမျှတွေဟာ ပျောက်ကင်းခဲ့ရပါတယ် ။ မိုးမခ ပွဲမှာ သူများပွဲနှင့် မတူသည်ကတော့ မြန်မာဆန်ဆန်  အလျှံပယ်ကျွေးနိုင်ခြင်းကို ဂုဏ်တစ်ခုအနေနဲ့ ယူလိုက်နိုင်ပါတယ် ခင်ဗျား ။ ပိုလျှံသမျှကိုလည်း အိမ်နီးပါးချင်းများ၊ မိတ်ဆွေသင်္ဂဟများ ကို ပါဆယ်ဆွဲ နိုင်စေခြင်းဟာလည်း မည်သည့် စာအုပ်မိတ်ဆက်ပွဲများနှင့်မတူကြောင်း ပြောပြလိုက်ရပါတော့ပါတယ် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရန်နောင် (ဗိုလ်တထောင်) – မောသမျှပြေခဲ့ရတဲ့ မိုးမခပွဲ

Comments are closed.