ငြိမ်းချမ်းအေး – “သေသော်မှတည့် သြော်ကောင်း၏” ခေတ်

“သေသော်မှတည့် သြော်ကောင်း၏” ခေတ်
ငြိမ်းချမ်းအေး
မေ ၃၁၊ ၂၀၁၄


Illustrated by Carlos Latuff
(Source: http://latuff2.deviantart.com/art/War-2-27832944)
==================================================
စစ်ဆိုတာ ပါးစပ်နဲ့ တိုက်ရတာ လွယ်ပါတယ်။  ရုပ်ရှင်ကြည့်ရရင် ကောင်းပါတယ်။  ကလေး အတွေးနဲ့ စိတ်ကူးယဉ်ရင်း စစ်သူရဲကောင်းကြီး တွေ လုပ်ရတာ အားကျစရာပါပဲ။  ဒါပေမယ့် လက်တွေ့မှာတော့ စစ် ဟာ ခင်စရာ မကောင်း၊ နှစ်လိုဖွယ် မရှိ၊ အားကျသင့်တဲ့ အရာမျိုး မဟုတ်ပါ။
==================================================  

ကမ္ဘာမှာ နိုင်ငံတွေ စစ် ဖြစ်ကြရင် “အမှန်တရား” ဟာ ပထမဆုံး သေဆုံးရတယ်။  နှစ်ဖက် စိတ်ဓာတ်စစ်ဆင်ရေး အောက်မှာ “အမှန်တရား” ဟာ စတေး ခံရတယ်။  “မုသားဝါဒ” သာ စစ် ရဲ့ အနိဋ္ဌာရုံ များ နဲ့ အတူ စစ်ကာလ မှာ နေရာယူ ထင်ပေါ်တယ်။

သံတမန် ဆိုတာ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ နိုင်ငံအတွက် အလိမ်၊ အညာတွေကို ယုတ္တိ ရှိအောင် ပြောနိုင်ဖို့ လေ့ကျင်ပေးထားသူတွေကို ခေါ်တယ်။

မီဒီယာ ဟာ နောက်ခံ အမျိုးမျိုး၊ အကျိုးစီးပွား Interest အဖုံဖုံ အပြင် တိုင်းပြည် အလိုက် ဘက်လိုက်ရသူများသာ ဖြစ်တယ်။

ဒီ အချိန်မှာ စစ်လိုလားသူ “War-mongers” များဟာ နိုင်ငံတော် အလံ တွေ၊ သီချင်းတွေ၊ စစ်ချီတေးတွေ နဲ့ မျိုးချစ်စိတ် တွေ ကို တည်ဆောက်ပြကြတယ်။  “သေသော်မှတည့် သြော်.. ကောင်း၏” အော် ပြတတ်ကြတယ်။ ဒီလို “နိုင်ငံတော်”၊ “တိုင်းပြည်”၊ “လူမျိုး” ဆိုတဲ့ လူမှုနိုင်ငံရေး စကားလုံး တည်ဆောက်မှု တွန်းအားများကြားမှာ တကယ် သေရမယ့် သူတွေ၊ ခြေပြတ် လက်ပြတ် ဖြစ်မယ့် သူတွေ ဟာ လူသား ပကတိ စိတ်ခံစားမှု တွေ ပျောက်ကုန်ကြရတယ်၊ လူသားခံစားချက် ကို ဖိနှိပ် ကွယ်ဝှက်ထားရတယ်။

ကြေးစားစစ်သား “Mercenaries” များဟာ အခကြေးငွေ အလို့ငှာ စစ်တိုက်ကြတယ် ဆိုတယ်။  “Soldiers of Fortune” ဥစ္စာအရင်းခံ စစ်တိုက်ကြသူများပေါ့။  ဒါပေမယ့် တကယ်တော့ နိုင်ငံတိုင်းက တပ်မတော်သား တိုင်း ဟာလည်း ကြေးစား စစ်သား များ သာ ဖြစ်တယ်။  ပြည်သူပြည်သား များ ဟာ လည်း ကြေးစားစစ်သား စိတ်ဓာတ် ရှိသူများသာ ဖြစ်တယ်။  သူတို့ ‘စား’ တာက ‘ကြေး’ တော့ မဟုတ်ဘူးပေါ့။  မိမိ မွေးဖွားရာ ကြီးပြင်းရာ တိုင်းပြည် အတွက်၊ မိမိ လူမျိုး အတွက် သတ်ရဲတယ်၊ သေရဲတယ် ဖြစ်ကုန်ကြတော့ မျိုးချစ်စိတ် အရင်းခံ စစ်တိုက်ကြသူများ “Soldiers of Patriotism” ပေါ့။  တိုင်းပြည် အတွက် သေဖို အသင့် ရှိတဲ့ ပြည်သူပြည်သား များကလည်း မျိုးချစ်စိတ် အရင်းခံ စစ်တိုက်ချင်နေသူများပါပဲ။

ဒီ နောက်ခံမှာ မီးခိုးတွေ၊ ယမ်းနံ့ တွေ အပြည့်နဲ့ လေထု ရှိတယ်၊ သွေးစက်တွေ၊ သွေးဗွက်တွေ အိုင်ထွန်းနေတဲ့ မြေကြီး ရှိတယ်။  ပူဆွေးသောကရောက်နေရတဲ့ လင်သေ၊ သားသေ၊ အမိ မဲ့၊ အဖ မဲ့ ငိုကြွေးတပ်ကြီး တတပ်လည်း ရှိတယ်။  ဆုတောင်း မေတ္တာ မနားတမ်း ပို့သနေရတဲ့ ဘုရားရှိခိုး တပ်ကြီး တတပ်လည်း ရှိတယ်။

ဒါဟာ တိုင်းပြည် တိုင်းမှာ မြင်နိုင်တဲ့ စစ်ပွဲ ဆက်စပ် နောက်ခံ မြင်ကွင်း တစိတ်တဒေသ ပါ။

စစ်ဆိုတာ ပါးစပ်နဲ့ တိုက်ရတာ လွယ်ပါတယ်။  ရုပ်ရှင်ကြည့်ရရင် ကောင်းပါတယ်။  ကလေး အတွေးနဲ့ စိတ်ကူးယဉ်ရင်း စစ်သူရဲကောင်းကြီး တွေ လုပ်ရတာ အားကျစရာပါပဲ။  ဒါပေမယ့် လက်တွေ့မှာတော့ စစ် ဟာ ခင်စရာ မကောင်း၊ နှစ်လိုဖွယ် မရှိ၊ အားကျသင့်တဲ့ အရာမျိုး မဟုတ်ပါ။

တကယ့် စစ်ပွဲမှာ ရဲဘော်မသေ၊ သေသော် ငရဲ လား မလား မသိနိုင်ပေမယ့် လူသား အသက် တချောင်း ဟာ တကယ် ထွက် သွား နိုင်တယ်၊ သွေးစိမ်းရှင်ရှင်၊ သွေးသံရဲရဲ ဖြစ်နိုင်တယ်၊ ဗိုက်ဟောင်းလောင်း ပွင့်နိုင်တယ်၊ ခြေတွေ လက်တွေ လွင့်စင် တစစီ ဖြစ်သွားနိုင်တယ်။  ဒါတွေကတော့ တကယ့် အရှိတရား တွေပါ။

အခု ဗမာ့ အနောက်နယ်ခြား မှာ မငြိမ်းချမ်းဖွယ် သတင်းတွေ ကြားလာရတယ်။  အိမ်နီးချင်း တဖက် နိုင်ငံနဲ့ နယ်စပ် တင်းမာမှု ပုံစံတွေ ဖြစ်နေတယ်။  ဒီအချိန်မှာ နှစ်ဖက် တရားဝင် မီဒီယာများ၊ တာဝန် ရှိသူများ၊ သံတမန် ရေးရာ ထုတ်ပြန်မှု များ မှာကိုက သတင်းတွေ ဟာ စစ်ကာလ သဘော အတိုင်းပဲ အမျိုးမျိုး ဖြစ်နေတယ်၊  အမှန်တွေ ပါတယ်၊ အမှန်တဝက်တွေ ပါတယ်၊ ကာကွယ်မှုတွေ ပါတယ်၊ ပုံကြီးချဲ့မှုတွေ ပါတယ်။

ဒါကို အွန်လိုင်းမှာ ကီးဘုတ် နဲ့ မျိုးချစ်စိတ် တက်ကြွနေသူများ က မီးလောင်ရာ လေပင့်နေကြတယ်။  ဓား တသွေးသွေး၊ ဟန်ရေး တပြပြ ပါးစပ် စစ်တိုက်၊ လက်ကမြင်းကြေထနေကြတယ်။  ကျူးကျော်သူ တွေ၊ တရားသောစစ်၊ ခုခံ စစ် စတဲ့ စကားလုံး အလှတွေနဲ့ “စစ်” ကို တန်ဆာဆင်ချင်ကြတယ်။

စကားလုံးတွေနဲ့က လှပါတယ်။  တကယ် စစ်ဖြစ်ကြရင် ကီးဘုတ်တွေကနေ ထွက်ကျလာတဲ့ စကားလုံးတွေလို မဟုတ်ဘဲ လူကို တကယ် သေနိုင်၊ သတ်နိုင်တဲ့ ကျည်ဆံ အစစ်တွေ၊ ဗုံးဆံ အစစ် တွေ ကသာ စစ်မြေပြင် မှာ နေရာယူကြမှာပါ၊ လူ့အသက်တွေကို တကယ် ဇီဝန်ခြွေကြမှာပါ။  ကီးဘုတ် စစ်ဆင်ရေး သမားများက သွေး မဆို နဲ့ အအေးခန်းထဲမှာ ချွေးတောင် ထွက်ချင်မှ ထွက်နိုင်ပေမယ့် တကယ့် စစ်မြေပြင်မှာ စစ်သားလေးတွေဟာ ချွေးလည်းထွက်၊ သွေးလည်းထွက်၊ ဗိုက်ပွင့်ပြီး အူလည်း အခွေလိုက် ထွက် နိုင်ပါတယ်။

“…စစ်.. ဟူသည်.. သွေးတွေရယ်.. ယမ်းငွေ့တွေရယ်.. ငိုသံတွေရယ်.. သင်္ချိုင်းကုနုးရယ်..
ရောယှက်ထားသော..  အနိဋ္ဌာရုံ.. ပန်းချီကား.. တချပ်…”

“စစ်နဲ့ငြိမ်းချမ်းရေး”၊ တေးစာသား – ကိုသန်းဌေး + ကိုဇာလျန်း + ကိုဒေဗီ၊ တေးဆို – ဒါလင်တန်ဒင်၊ နောက်ခံ ဒုတိယ အဆို – ကိုဇာလျန်း၊ နောက်ခံ စကားပြော – တက္ကသိုလ်အေးမောင်၊ တေးဂီတ – ELF (မှင်စာလေးများ)၊ အသံဖမ်း – ဦးဘသိန်း (၁၉၇၂)

Music Video URL: http://youtu.be/NUxmvrodxas

စစ်ပွဲတိုင်းဟာ ပြည်တွင်းစစ်ချည်းပါ၊ အကြောင်းက လူသားတိုင်းဟာ ညီအစ်ကိုချည်းမို့ပါ ဆိုပြီး ငြိမ်းချမ်းရေး စကား ဆိုရင် ဘင်္ဂလား နဲ့ ပေးစားပြီး ဆဲချင်ကြမယ်။

ဒါပေမယ့် စစ်ပွဲဟာ တော်သင့် မှန်ကန် တဲ့ ဖြေရှင်းမှု၊ “အဖြေ” မဟုတ် ဆိုတာကိုတော့ လူအများ နားလည် စေချင်တယ်။

တရားသော စစ် ဆိုတာ တကယ်တော့ မရှိပါ၊ မှန်သော စစ် ဆိုတာလည်း မရှိပါ။  စစ်တိုက်ကောင်းအောင်၊ လူငယ်လေးတွေ မိဝေး၊ ဖဝေး၊ ချစ်သူခင်သူ အဝေး စစ်ပြေပြင်မှာ သေချင်လာအောင် သာ နိုင်ငံတိုင်းက စစ်ဖြစ်ရင် တရားစစ်၊ တော်လှန်စစ်၊ ခုခံစစ် မှန်ကန်တယ် လုပ်ကြရတာပါ။  စစ်ဖြစ်တဲ့ နှစ်ဖက်လုံး က တရားတယ်၊ မှန်တယ် ဆိုမှာ ဖြစ်တဲ့ အတွက် ပကတိ အမှန်တရား၊ တရားမှု ဆိုတာ မဖြစ်တည်နိုင်ပါ။  လူမှု အဆောင်အအုံမှာ တည်ဆောက်ထားတဲ့ နိုင်ငံတော်၊ တိုင်းပြည်၊ မျိုးချစ်စိတ် လိုပဲ စိတ္တဇတရား သက်သက် ရယ်ပါ။

စစ်ပွဲ ဆိုတာ ဟာ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်လိုသူများ အတွက်သာ အဖြေ မှန်ပါ။  သူတို့ အတွက် သာ အကျိုးရှိတဲ့ ဖြေရှင်းမှုပါ။  ပြည်တွင်း၊ ပြည်ပ ရန်တွေ ဝိုင်းနေပြီ ဆိုကာ အာဏာ ကို မလွတ်တမ်း ဆက်လက် ဆုပ်ကိုင်ချင်သူ များ အတွက်သာ စစ် ဟာ မှန်ကန်တဲ့ ဖြေရှင်းမှု၊ နိုင်ငံရေး အောင်လမ်းနည်း လက်နက်ပုန်း ဖြစ်ပါမယ်။  ပြည်သူအများအတွက်ကတော့ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာ၊ ပြည်တွင်းစစ်၊ ပြည်ပစစ်၊ နယ်ခြား စစ် ဘာစစ်ကမှ အကျိုးမရှိနိုင်ပါ။

စစ်ပွဲကနေ လက်နက်ပွဲစား၊ သွေးကုန်ကူးသူ ခရိုနီ သူဌေးကြီးများ ချမ်းသာမယ်။  ပြည်သူထဲက ပြည်သူ့သား စစ်သားငယ်လေးတွေကတော့ သေရမယ်။  အခွန်ထမ်း ပြည်သူမှာတော့ စစ်စရိတ်စက ဝန်ထုပ်ဝန်ပိုး ပိမယ်။

ဘယ်သူသေသေ အမြဲမာ ဖို့ သာ အားစိုက်တဲ့ ငတေတွေ၊ ငရွှေတွေ ချမ်းသာ ရွှင်လန်း ဖို့ရာ ပြည်သူခမျာမှာ သွေးချောင်း အစီးခံရနေတာကိုး မငြိမ်းသေးတဲ့ ပြည်တွင်းစစ်မီး နဲ့တင် သင်ခန်းစာ ယူနိုင်ပါတယ်။  ဒီ စစ်ကြောင့်ပဲ၊ ဒီစစ်မီး ကို မွှေးလျက် စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည် ဂုတ်ခွ စီးနေတာ ရာစုဝက်ကျော်ပါပြီ။  တိုင်းပြည်လည်း စစ်ဒဏ်၊ စစ်နာ ကျ လှပါပြီ။

စစ်ဆိုတာ ဘယ်တိုင်းပြည် အတွက် မဆို လူတစု အတွက်သာ ကောင်းကျိုး ရှိတာမျိုးပါ။  လူတစု စီးပွား၊ အာဏာ အတွက် သက်သက်ရယ် လူအများ က မျိုးချစ်စိတ် ဆိုတဲ့ စွဲအားပြင်းတဲ့ ကော နဲ့ ရော အကပ်ခံ ရ၊ အကျို ခံရ၊ အမွှေခံရတာမျိုးချည်းပါ။

လူတချို့မှာ စစ်ပွဲ လိုအပ်ချက် မေးခွန်းတွေ ပေါ်လာကောင်းပါတယ်။  ဟေ့.. တကယ် ရန်စခံရ၊ ကျူးကျော်ခံရ၊ စော်ကားခံရရင်ကော ကွ..၊ မင်း က ရွှေပြည်အေး တရားချည်း လှိမ့်ဟော နေတာ လက်တွေ့ကျပါ့ မလား မေးချင်ပါမယ်။  တော်သင့် မှန်ကန်တဲ့ အဖြေ ရှိပါတယ်။

ဟိုးအရင် နဝတ စစ်အစိုးရ တက်ခါစ ၉၀ ခုနှစ်များ အစောပိုင်းကာလတွေမှာ ဆရာ ဦးအောင်သင်း တယောက် နိုင်ငံရေး ကို မတို့မထိ ရတော့ လူငယ်ရေးရာ၊ လူငယ်တွေ တိုးတက်စေဖို့ ဆိုပြီး စာပေဟောပြောပွဲတွေ လုပ်တယ်။  အဲ့ဒီမှာ ဆရာ က ဆိုတယ်၊  တိုင်းပြည် ပျက်နေရင် ပညာ ဟာ အမြဲ နေရာမရ၊ နောက်တန်း ရောက်နေသလို ဖြစ်ပေမယ့် တကယ်တော့ ခေတ်သစ် ကမ္ဘာ မှာ ပညာ သာ အခရာ ဖြစ်တယ်၊ ခလုတ် တချက် နှိပ်ရုံနဲ့ အိမ်နံပါတ် ရှာ ဒုံးကျည် က လာမှန်နိုင်တဲ့ ခေတ်သစ်မှာ မင်း တိုင်းပြည် ကာကွယ်ချင်သလား ပညာ သာ တတ်အောင်ကြိုးစားပါ ဆိုပြီး ပညာရေး ဇောင်းပေး ဟောလေ့ ရှိတယ်။

အခုလည်း အလားသူ သဘော ဆိုရပါမယ်။  ဒါပေမယ့် နိုင်ငံရေး ကို တို့ထိလို့ ရတဲ့ ခေတ်မို့ အရင်းခံ အကြောင်းကို ပဲ တိုင်တည် ဆိုပါမယ်။  အပေါ်ယံ အနာရောဂါ လက္ခဏာ ပညာမတတ်၊ မွဲတေ ဆင်းရဲ တိုင်းပြည် ကိုယ်ခံအားနည်း နေခြင်း ရဲ့ အကြောင်းရင်း နိုင်ငံ့စနစ်၊ နိုင်ငံရေး ကို ပြင်ဖို့သာ ကြိုးစားပါ။

နိုင်ငံတကာ အလယ်မှာ၊ အိမ်နီးချင်း နိုင်ငံတွေ ကြားမှာ လူမလေး ခွေးမခန့် ဓားမနောက်ပိတ်ခွေး ဖြစ်နေရခြင်း လက်သည်ဟာ  နိုင်ငံရေး စနစ်ဆိုး စစ်အာဏာရှင် စနစ် နဲ့ စနစ် ကို ပုံဖော် အသက်သွင်း ကိုယ်ကျိုး စီးပွားဖြစ်နေသူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ ပါ။  ဒီစနစ် နဲ့ ဒီလူတစု ကို တိုင်းပြည် မှာ အမှန်တကယ် ကွယ်ပျောက်အောင် လုပ်နိုင်ရင် နိုင်ငံ့ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ သမမျှတ တိုးတက်ဖွံ့ဖြိုးလာပြီး အလိုလို နိုင်ငံတကာမှာ၊ ဒေသတွင်းမှာ ခေါင်းမော့ လာနိုင်မှာပါ။

အဲ့ဒီ အခါ ဘယ်သူ၊ ဘယ် နိုင်ငံ က မှ နားရွက် လာ တံတွေး မစွတ်နိုင်၊ ခေါင်းလာ မပုတ် နိုင်၊ ထိကပါး ရိကပါး လည်း လုပ်နိုင်မှာ မဟုတ်ပါ။  စနစ်သာ မှန်ရန် နယ်ခြားတွေလည်း လုံ၊ တံခါးတွေလည်း ခိုင်မာ နေမှာသာ ဖြစ်တယ်။  စနစ်သာ မှန်ရန် လူတွေ ရဲ့ အကျင့်၊ စာရိတ္တ၊ သီလ ကိုယ်ခံအားတွေလည်း ကောင်းနေလို့ အမျိုး၊ ဘာသာ၊ သာသနာ လည်း ထွန်းကား စည်ပင် နေမှာပါပဲ။

အလားတူပဲ စနစ်သာ မှန်ရန် ကျည်ဆံတွေနဲ့ စစ်ဖြစ်စရာ မလိုဘဲ လူသား အရည်အသွေးတွေ၊ တီထွင် ဖန်တီးမှုတွေ၊ ပညာတွေ နဲ့သာ နိုင်ငံရပ်ခြားကို ယှဉ်ပြိုင်နိုင်၊ အနိုင်ယူနိုင်၊ အမျိုးဂုဏ် ဇာတိဂုဏ်တွေ မြင့်မား ဇာတိ ပုည ဂုဏ်မာန လုပ်လာနိုင်မှာပါ။  အနည်းဆုံး ဘင်္ဂလားဒေ့ရှ် နဲ့ ဘောလုံး ကန်ရင် ဟိုးအရင် လေးပွင့်ဆိုင်တုန်းက ရှုံးခဲ့တဲ့ ရှုံးကြွေး ကို သေချာပေါက် ပြန်ဆပ်နိုင်မှာပါ။

ဆီးဘန်နီ ဆရာတော် ဆိုတဲ့  “ထီးသုဉ်း နန်းသုဉ်း၊ မြို့ သုဉ်း သုည၊ သုဉ်း သုံးဝဖြင့် သုဉ်းရပြန်လစ် သုဉ်းသည့်ခေတ်” ဆိုတာ  အခု လို တံတွေး အစွတ်ခံ၊ ခေါင်း အပုတ် ခံနေရတဲ့ အမျိုး ဂုဏ်၊ ဇာတိ ဂုဏ် နိုင်ငံတကာ အလယ်မှာ ကျွန်ထွက်ခံရင်း ကျပျောက်ကာ မျက်နှာငယ်ငယ် အိမ်ကျယ်သာ ကျယ်နိုင်တဲ့ ခေတ် ကို ပုံဖော်တာပါ။  ဟိုလူ့ ကြောက်ရ၊ ဒီ လူ့ ကြောက်ရ၊ ဟို လူ၊ ဒီလူကတော့ ကျေးဇူးခံ ကျေးဇူးစားမို့ ဆို ပြီး ငဲ့ နေရတဲ့ ခေတ်စနစ်ကြီး ကို ဆိုတာပါ။  ဟိုလူ့ မျက်နာချိုသွေးရ၊ ဒီလူ့ မျက်နှာချိုသွေး ဖြစ်ရတဲ့ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ ခေတ်စနစ်ကြီးကို ဆိုခြင်းပါ။

အဲ့ဒီ ခေတ် စနစ် ကြီးကို မပြင် နိုင်ရင်တော့ ကျနော်တို့တတွေ “သေသော်မှတည့် သြော်ကောင်း၏” တကယ် ကုန်း အော် ရမှာပါ။  အခုလို အမုန်းတရား ပွားလိုသူများ နိုင်ငံရေး အာရုံလွှဲ လိုသူများ အကွက် ရွှေ့ စီမံ ဖန်တီး လမ်းကြောင်း ပေးတဲ့ အတိုင်း ပုံကြီး ချဲ့ ချဲ့ကားမှုနောက်လိုက် မဖြစ် သင့်တဲ့ ရန်မီး၊ စစ်မီး အတွက်တော့ “သေသော်မှတည့် သြော်ကောင်း၏” အော် စရာ မလိုကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး
မေလ ၃၁၊ ၂၀၁၄