ဆောင်းယွန်းလ
မေ ၃၁၊ ၂၀၁၄
ခေတ်အကြောင်းကို
ဘယ်တော့မှ အကောင်းမပြောနိုင်ရှာဘူး…
လူတကာကို ပရောပရီလုပ်နိုင်မှ
တနေရာစာ ရေရာနိုင်တဲ့ ခေတ်ကြီးပဲ …
ကိုဗဒင်ရေ
ခင်ဗျားက
တနေရာစာ ကိုယ်ဦးထားတယ်တဲ့လား
ခပ်စောစော ရောက်သွားတော့လည်း
ခပ်မြန်မြန် ငြိမ်းသွားတာပဲပေါ့…
ဂုဏ်သိက္ခာကို
ဈေးဆစ်ဝယ်လို့ရနိုင်တဲ့ ခေတ်မှာ
မေတ္တာတရားကိုလည်း
ဆန် ဆီ ဆေး ဆား
သကြားနဲ့ လဲစားလို့ရရင် သိပ်ကောင်းမှာပဲ…
ကိုယ့်ဗိုက်ဟောင်းလောင်းထဲမလဲ
အချက်ပေးခေါင်းလောင်းသံတွေက
ဆူညံနေကြေတာ့တာပဲ….
အရှင်းဆုံးကို လင်းရရင်
အသက်ရှူဖို့ မွန်းကြပ်ပြီး
အသက်ထွက်ဖို့ ပေသီးတွက်ရလွန်းတဲ့ ခေတ်က
အနေကြပ် အသေခက် ခေတ်ပျက်ကြီးပဲ….
ဘာပဲပြောပြော
ကိုကျော်သူတို့ကြောင့်
တချို့တော့ အသေဖြောင့်နိုင်ကြသေးတာပေါ့….
ခေတ်က
ဝမ်းနည်းခြင်းပေါ်မှာ အလံတ၀တ်စိုက်ထားရလွန်းလို့
ပျော်ရွှင်မှုကိုလည်း အဖော်မပြုနိုင်ရှာဘူး….
ဟန်မကျပါဘူးလေ
သတ်ပုံ သတ်ညွှန်းမမှန်လို့
အသံထွက်မမှန်တဲ့ ခေတ်မှာ
ကဗျာမဆန်တဲ့ ကဗျာတွေရေးနေရတာကိုက
ခေတ်က ၀တ်ဆင်ပေးလိုက်တဲ့ ၀ဋ်ဒုက္ခတပါးပဲပေါ့….
ခေတ်က
သေနတ်ဖောက်လိုက် လက်မြှောက်လိုက်
ဖိနပ်ပျောက်လိုက် လမ်းဖောက်လိုက်နဲ့
ထက်ထက်မြတ်မြတ် ပြတ်ပြတ်သားသားကို မရှိလှဘူး…..
ကိုအောင်ဝေးစကာား ခဏငှားသုံးရင်း
ခေတ်သီချင်းဆိုရရင်တော့
ခေတ်ကြီးရေ………. ရီးပဲပေါ့
ရီးပဲပေါ့ကွာ…………….. ခေတ်ကြီးရာ…..။
ဆောင်းယွန်းလေရေ
မျက်စိပဲဖွင့်ရမလား နားပဲစွင့်ရမလား ခေတ်သီချင်းသံစဉ်ကတော့ ဖိုးခွားရေလို့တောင်ယာထဲကလှမ်းအော်လိုက်တဲ့အမိုးလားလို့ဗျာ