ဖိုးထက် – အပြောနဲ့ အလုပ် ထပ်တူကျဖို့ ရဲရင့်ကြပါစို့…

အပြောနဲ့ အလုပ် ထပ်တူကျဖို့ ရဲရင့်ကြပါစို့…
ဖိုးထက်၊ မေ ၂၈၊ ၂၀၁၄

ကျွန်တော်တို့ရဲ့ အစိုးရမင်းများ စကားပြောလိုက်ရင် မှတ်သားစရာတွေချည်းပါဘဲ။ ၂၀၀၀ ကျပ်၊ ဖယောင်းတိုင်၊ ပိုလျှံလျှပ်စစ်၊ ပါးရိုက်မယ်…အို….များလွန်းလို့ အကုန်တောင် မမှတ်မိပါဘူး။ သူတို့စကားနဲ့ သူတို့ ပြည်သူလူထုက စုတ်ပြတ်သတ်နေအောင် ပြန်ပြောတာလဲ ဒီလူကြီးတွေ သိမှ သိပါလေစ လို့ သံသယ၀င်တယ်။ မြန်မာလူမျိုးဆိုတာ လူကြီးနား ကပ်နေရရင် ပါးစပ်က အဘ ကလေ… အဘ က…အဘ က ဆိုပြီး စိတ်တော်သိ၊ ဗောင်းတော်ငြိမ့် လူတွေ ချည်းပါဘဲလို့ ပြောရင် လွန်မယ် မထင်ဘူး။ မြန်မာလူမျိုးရဲ့ စိတ်ဆိုတာ ငါ့ဆွေ၊ ငါ့မျိုးက ဘယ်နေရာက ဘယ်သူ၊ ဘယ်ဝါပေါ့ဆိုတဲ့ ကြွားနည်းမျိုးကလဲ သူသူ၊ ကိုယ်ကိုယ် ရှိတတ်ချင်ကြသေးတာ။

ဟိုးတုံးကဆိုရင် လူကြီးနဲ့ အတူတူ အလှူငွေလှူစဉ်မှာဘဲ ဖြစ်ဖြစ်၊ ပွဲတစ်ခုခုမှာ တစ်ချက်လေး ရီပြီးနှုတ်ဆက် နေတဲ့ ပုံလေးဖြစ်ဖြစ် ဓာတ်ပုံ မရ၊ အရ ရိုက်ယူကြတယ်။ ပြီးရင် ဆိုဒ်ကြီး၊ ပုံကြီးတွေ ချဲ့ပြီး ဧည့်ခန်းမှာ တစ်ခမ်း တစ်နား ချိတ်ထားကြ။ ဂုဏ်ယူကြ။ အပေါ်စီးယူကြ သိပ်လုပ်ကြတယ်။ အဲဒီခေတ်ကများ လူမပြောနဲ့ ဘုန်းတော်ကြီး တစ်ချို့တောင် အဲဒီလို လုပ်တာ တွေ့ဘူးတယ်။ အခုလဲ သူတို့ပြောတဲ့ စကားတွေကို ပြည်သူလူထုတွေက ပြင်းပြင်းထန်ထန်တုံ့ပြန်တယ်ဆိုတဲ့ အမှာစကားကို ဘေးကနေ လက်အုပ်ချီနေတဲ့ အမျိုးကောင်း သား၊ သမီးများက ပြန်ပြောမယ် မထင်ပါဘူး။ ရှိစေတော့။ စိတ်၊ အမူအကျင့်ဆိုတာ ပြင်ရ သိပ်ခက်တယ်ဆိုတာ ကျွန်တော်က ကိုယ်တွေ့ပေါ့။

အခုခေတ် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတဲ့ ခေတ်၊ Facebook ဆိုတဲ့ ခေတ်ကြီး ရောက်လာတော့ ကျွန်တော့် မျက်လုံးနဲ့ သိပ်မတည့်တဲ့ အွန်လိုင်း ရဲရဲတောက် ဒီမိုကရေစီ ဘက်တော်သား တစ်ချို့ (တစ်ချို့) တွေ့ဘူးတယ်။ အွန်လိုင်းပေါ်မှာတော့ သူတို့ထက် ဒီဘောင်းဘီချွတ်၊ စစ်အစိုးရကို မုန်းတဲ့သူ ရှိမှ ရှိပါလေစလို့ တွေးမိလောက်အောင် အစိုးရကို စုတ်ပြတ်သတ်နေအောင် ရေးတတ်၊ ပြောတတ်လိုက်ကြတာများ အားရတယ်။ ဂုဏ်ယူတယ်။ ချီးကျူးတယ်။ ဒါပေမယ့်…ဒီ ဒါပေမယ့်က တစ်ယောက်လောက် တွေ့ဘူးယုံနဲ့ “ဒါပေမမယ့်” ချင်ပါဘူး။ အခုတော့ ကျွန်တော်တို့ရဲ့ ကိုယ်တိုင် သတိမထားမိတဲ့ အမူအကျင့်တွေကို ထောက်ပြချင်သာရယ်။ ဓားခုတ်ရာ ဇက်ဝင်လျှိုနေတယ်လို့ ကျွန်တော်သိပါတယ်။ ကျွန်တော့်ကို မအဘူးလို့ မထင်ပါနဲ့။

အများစု ဖြစ်ကြတဲ့ ကိစ္စတစ်ခုဆိုပါတော့။ ပါတ်စ်ပို့ သက်တမ်းတိုးရင် အခွန်ဆောင်ရမယ့် ကိစ္စ။ ကိုယ့်ချွေးနဲစာ၊ အဆူခံ ၊ အဆဲခံ၊ ဖိအားတွေ အများကြီးနဲ့ စိတ်မပါလဲ အလုပ်သွား၊ နေမကောင်းလဲ အလုပ် လုပ်ရာကနေ ရလာတဲ ပိုက်ဆံကို ဒီလို အစိုးရလက်ထဲ ဘယ်သူက ကြည်ကြည်ဖြူဖြူပေးချင်မလဲ။ ကိုယ်တွေ ပေးတဲ့ ပိုက်ဆံ ဘယ်ရောက်လို့ ဘယ်ပေါက် မှန်းမသိကြတော့ အခွန်ပေးရမယ်ဆိုရင် အတတ်နိုင်ဆုံး လျှော့ပေးချင်တယ်။ မပေးပြန်ရင်လဲ မဖြစ်။ ဒီတော့ ဆိုင်ရာ ၊ ပိုင်ရာတွေနဲ့ ၀င်ပြီးတော့ ကိစ္စပြီးအောင် အားထုတ်ကြတဲ့ သူတွေ များပါတယ်။ ဒါက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးဆိုတာ နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်း သိကြပါတယ်။

ဒီလို လူတွေထဲမှာ Facebook ရဲရဲတောက် ဒီမိုဘက်တော်သား တစ်ယောက် ကျွန်တော် တွေ့ဘူးတယ်။ သူတစ်ယောက်တည်းအတွက်တောင် မကဘဲ အဲဒီ ပါ့စပို့စ် ရုံးက ဘယ်သူ၊ ဘယ်ဝါက သူ့အမျိုးဆိုပြီး ညွှန်းနေတာတွေ တွေ့ရတော့ စိတ်ထဲ မကောင်းဘူးလို့ ပြောရင် ယုံပါဗျ။ သူများနိုင်ငံတွေလိုမျိုး အင်တာနက်ကနေ အကုန်ပြီးစီးအောင် လုပ်လို့ရတဲ့ စနစ်တွေ မရှိတဲ့ အစိုးရယန္တယားတစ်ခုကြောင့်လို့ ပြောမလား။ အချိန်လောက်ငှအောင်ယူပြီး သွားသင့်သွားထိုက်တဲ့ လမ်းကနေ သွားမလား။ သက်ဆိုင်ရာ အစိုးရမင်းများကို မေးခွန်းတွေ မေးပြီး၊ အရစ်ခံပြီး ပေးသင့်ပေးထိုက်တဲ့ ပိုက်ဆံ အကုန်ခံပြီး လုပ်ကြမလား။ စဉ်းစားကြဖို့ ကောင်းတယ်မဟုတ်ဘူးလား။ အွန်လိုင်းပေါ်မှာ သူ့အပြင် အစိုးရကို ချက်ကျ လက်ကျ ထောက်ပြနိုင်သူ နှစ်ယောက်မရှိ။ အစိုးရရဲ့ အကျင့်ဆိုး စနစ်တစ်ခုကို ကိုယ်နဲ့ ကိုယ့်အပေါင်းအသင်း အဆင်ပြေစေဖို့ ရေစုံမျောလိုက်နေတဲ့ စိတ်အမူ အကျင့်တွေကရော အစိုးရ၀န်ကြီးမင်း လူရွှင်တော်တွေနဲ့ ဘာထူးသလဲ။

နောက်ပြီး ထပ်ပြီးတော့ ကျွန်တော်က အမုန်းခံအုံးမှာရယ်။ မြန်မာအစိုးရနဲ့ လက်ရှိ ခေတ်စနစ်ကြီးဟာ တကယ့် ဘူးရှစ်ကြီးပါလို့ ခဏ ခဏပြောနေတတ်တဲ့ လူတစ်ယောက်ဟာ နယ်ဘက်မှာ သူဝယ်တဲ့ မြေတစ်ကွက် နာမည်ပေါက်ရဖို့ ခြောက်ပုံး၊ ခုနှစ်ပုံး လောင်းလိုက်ရဆိုလား သိလိုက်ရရဲ့။ တစ်ယောက်ကတော့ သွင်းကုန်ပါမစ်တစ်ခုရဖို့ အဆက်အသွယ် အတော်ရှာလိုက်ရတယ်တဲ့ ။ အဲဒီလူက ဒီမိုကရေစီဆိုရင် ရွှေတောင် ဘောင်မကွပ်နဲ့။ ခပ်သန့်သန့်မှ လိုချင်တယ်ဆိုတဲ့ လူ။ ခက်ပါရောလား။

နောက်တစ်ယောက်ကျတော့ နိုင်ငံခြားက ပြန်ပြီး နယ်ဘက်မှာ ဟော်တယ်သေးသေးလေးနဲ့ လုပ်ငန်းစနေတဲ့ သူ။ တစ်လောက လူတစ်ယောက်ကို သူပြောပြနေလို့ ကျွန်တော် သိလိုက်ရတယ်။ နယ်ပိုင် ရဲစခန်းက ဆက်ကျေးကောက်သလို လစဉ် ငွေလာတောင်းနေလို့ ပေးနေရတယ်တဲ့။ တိုင်ချင်ရာတိုင်၊ လုပ်ချင်ရာလုပ်၊ ဥပဒေဘောင်အတွင်းမှာ နေမယ်၊ မဆိုင်တာ မပေးနိုင်ဘူးလို့ တင်းခံရမယ့် စိတ်ထားမျိုး ကျွန်တော်တွေးမိသလို တွေးမိမယ့် လူတွေ အများကြီးပါ။ ၀မ်းနည်းစရာကောင်းတာက အခုထိ အဲဒီရဲစခန်းရဲ့ ဆက်ကြေးကို ပေးနေရဆဲတဲ့လေ။ သူလဲ ဒီမိုကရေစီ လိုချင်တယ်။ ခေတ်စနစ်ကြီးကို ပြောင်းချင်တယ်တဲ့။ စိတ်ကုန်တယ်တဲ့။

ဒီအကြောင်းတွေ တွေးမိပြီး ဆရာသော်တာဆွေ ရဲ့ “မှန်ကန်ခြင်း နဲ့ ရဲရင့်ခြင်း” ဆိုတဲ့ ဆိုတဲ့ ၀တ္ထုကို သတိရမိတယ်။ တစ်နယ်လုံးက ကြောက်ရတဲ့ သူကြီးဟာ သူများ မိန်းမ လိုချင်တာနဲ့ ယောက်င်္ကျားဖြစ်သူကို ဘိန်းပြစ်ဖမ်းတယ်။ အဲဒီ ဘိန်းပြစ်အဖမ်းခံရတဲ့ လူရဲ့ အမေဖြစ်သူ အမယ်အိုကြီးဟာ သန်သန်မာမာ အာဏာရှိတဲ့ သူကြီးကို အိမ်အရှေ့ထိ လာပြီး စိန်ခေါ်တယ်။ နောက်တော့ သူကြီးလဲ ရွာပြောင်ပြေးရပြီး မထင်မရှားနဲ့ ဘ၀သေသွားတယ်လို့ ဆရာသော်တာဆွေက သိပ်ပြီး လှအောင် ၊ ရသပြည့်အောင် ရေးထားခဲ့တာ စာဖတ်သူ အများစု သိပါတယ်။ လူဆိုတာ မှန်တဲ့ ဘက်မှာသာ ရပ်။ ဘယ်သူ့ ဘယ်သူ့ကိုမှ မော်ကြည့်စရာမလို၊ ငုံ့ကြည့်စရာ မလိုဘူး မို့လား။

ဗိုလ်ချုပ်က သူ့လိပ်ပြာသူ သိပ်လုံတဲ့ လူဆိုတော့ ထောင်သောင်းချီနေတဲ့ ပရိတ်သတ်ကို ခင်ဗျားတို့ေxာက်ကျင့်တွေ ပြင်ရမယ်လို့ကို ခပ်ရိုင်းရိုင်းပြောခဲ့တယ်။ စေတနာအပြင် ကိုယ်ကျင့်တရားက သိပ်ကောင်းတော့ ပြည်သူလူထုကြီးက…ပြည်သူလူထုကြီးကလို့ ပြောမနေတော့ဘဲ အသုံးမကျတာကို အသုံးမကျကြောင်း ဒဲ့ ဝေဖန်ထောက်ပြခဲ့တယ်။

တစ်လောက လက်ပန်းတောင်တောင်ကိစ္စမှာ ၀န်ကြီးမင်း တစ်ပါးက “ကျွန်တော်တို့က တရုတ်ကို ကြောက်ရပါတယ်” လို့ ၀န်ခံရှာတယ်။ ဒီစကားကို တစ်ချို့က ဟာသအဖြစ်မြင်ကြတယ် ထင်ပါရဲ့။ ကျွန်တော့်အတွက်ကတော့ ဟာသ မဟုတ်ပါဘူး။ အမှန်တရားပါ။ သူပြောတဲ့ ကျွန်တော်တို့ ဆိုတာ မြန်မာပြည်သူလူထုကို ပြောတာမဟုတ်ပါဘူး။ တရုတ်အစိုးရဆီက အထောက်အပံ့တွေကို တိုးတိုး၊ ကျယ်ကျယ် ယူထားခဲ့ကြတဲ့ လူတွေဆိုတော့ ကြောက်တာ သဘာဝကျတယ်မို့လား။ သနားဖို့တောင် အလွန်ကောင်းပါတယ်။

ကျွန်တော်ကရော….ကျွန်တော်ကြောက်ရတဲ့ လူတစ်ချို့ရှိတယ်။ ဥပမာ အမေဆိုပါတော့။ သူ့ကျေးဇူး ကို ပြန်ဆပ်ဖို့ မပြောနဲ့ ကျေးဇူး မကန်းမိအောင်တောင် မနည်းနေရတဲ့ ကောင်ဆိုတော့ အခုအသက်အရွယ်မှာ အမေနဲ့ တွေ့ရင် လိပ်ပြာငယ်တယ်။ မလုံဘူး။ နောက်ပြီး ကျွန်တော့်ကို ကွယ်ရာမှာ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်ပြီး မလုံခြုံတဲ့ စိတ်နဲ့ ရန်သူလို နေသွားကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေလဲ ရှိတာဘဲ။ ကျွန်တော့်ဘက်ကလဲ ရှိတာပါဘဲ။

ဒီမိုကရေစီ ဘက်တော်သားတွေကရော….ဆရာသော်တာဆွေရဲ့ ၀တ္ထုထဲက သူကြီးလို ဖြစ်နေကြတဲ့ လူကြီးမင်းတွေကို အမယ်အိုကြီးလို ဓားကြိမ်းကြိမ်းလို့ရတယ်။ ပြစ်တင်ဝေဖန် မာန်မဲလို့ ရမယ်။ ဒါပေမယ့် ခင်ဗျားတို့က ဒီလူကြီးတွေကို ဝေဖန်နေရုံနဲ့ မပြီးဘဲ ခေတ်ကြီး စနစ်ကြီးပေါ်မှာ ခပ်တင်းတင်းရင်းရင်း ရပ်ဖို့ မှန်ကန်ဖို့ ပိုလိုတာပေါ့။ မဟုတ်တဲ့ စနစ်တွေ၊ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်တဲ့ အမူအကျင့်တွေကို ပုန်ကန်ဖို့ ရဲရင့်ဖို့ လိုတာပေါ့။ ကျွန်တော်တို့မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ဦးအောင်ဆန်းလို မှန်ကန်ရဲရင့်ဖို့ သိပ်ခက်ပါတယ်။ ဒီမိုကရေစီရေးရာ၊ အစိုးရမင်းများ ကိစ္စတွေမှာတော့ ကျွန်တော်တို့ အများကြီး သတ္တိရှိဖို့ လိုပါသေးတယ်လို့ ဆိုရင် ကျွန်တော့် စေတနာကို နားလည်ပါ။

ဖိုးထက်

One thought on “ဖိုးထက် – အပြောနဲ့ အလုပ် ထပ်တူကျဖို့ ရဲရင့်ကြပါစို့…

Comments are closed.