ဆောင်းယွန်းလ – “အရာရာဟာနောက်ကျခဲ့တယ် ဂျူလီယာ”

“အရာရာဟာနောက်ကျခဲ့တယ် ဂျူလီယာ”

  ဆောင်းယွန်းလ၊ မေ ၂၃၊ ၂၀၁၄

 

ဘ၀မှာ

ကိုယ်ပိုင်ကားမရှိပေမယ့်

လိုရာဒေသကို ဆန္ဒနဲ့စီးပြီး

ခရီးပေါက်အောင် ရောက်နိုင်ပါတယ် ဂျူလီယာ….

 

ဘ၀မှာ

ကိုယ်ပိုင်စာအုပ်မရှိပေမယ့်

ဗဟုသုတနဲ့ နိယာမတရားတွေကို

လောကထဲမှာ ရှာဖွေလို့ရနိုင်ပါတယ် ဂျူလီယာ….

 

ဘ၀မှာ

ကိုယ်ပိုင်အိမ်မရှိပေမယ့်

ကျောတခင်းစာ အိပ်ရာဝင်ဖို့အတွက်

နေ၀င်ချိန်တွေ နောက်ကျတယ်လို့ မရှိခဲ့ပါဘူး ဂျူလီယာ

 

တကိုယ်စာ ပုဂ္ဂလိကဆန္ဒတွေဟာ

သမုဒ္ဒရာထဲက

ရေမှုန်ရေစက်တွေဆန်လွန်းလှပါတယ် ဂျူလီယာ….

 

ကွယ်လွန်သူ

ဗိုလ်ချုပ်ဟောင်းကြီးတဦးကတော့ ပြောခဲ့ဖူးတယ်

ဆန္ဒတွေမစောကြပါနဲ့တဲ့….

 

ငါတို့ ဆန္ဒတွေမစောခဲ့ကြပါဘူး ဂျူလီယာ….

 

ဘ၀ရဲ့နောက်အကျဆုံး နှစ်တွေအထိ

လူလူသူသူနှုတ်ခမ်းဖျားတွေနဲ့ ပေးခဲ့ကြတဲ့

လူလူသူသူ ကတိစကားတွေက

ငါတို့ဘ၀ ငါတို့ကမ္ဘာထဲကို

ယောင်မှားလို့တောင် ရောက်မလာခဲ့ကြပါဘူး ဂျူလီယာ….

န၀င်ချိန်တွေ စောလွန်းပြီး

အရာရာဟာ နောက်ကျနေခဲ့တာများလား ဂျူလီယာ….

 

တကယ်တော့

ငါတို့ဟာ

နောက်ကျနေတဲ့ ခေတ်ထဲကို

စစ်ပွဲတွေနဲ့ ရောက်လာခဲ့သူတွေပေါ့ ဂျူလီယာ…

 

ဘ၀မှာ

အရာရာဟာ နောက်ကျခဲ့ရပါတယ် ဂျူလီယာ…..

 

လူသားဆန်ဆန် မေးခွန်းတွေနဲ့စခဲ့တဲ့

လူ့ဘ၀ ဖြစ်ခြင်းအစကို

လူပီသမှုအဖြေတွေနဲ့ အဆုံးမသတ်နိုင်ခဲ့သေးလို့

ငါတို့ရဲ့အရာရာဟာ

ငါတို့ဘ၀မှာ အကြောင်းကြောင်းတွေနဲ့ နောက်ကျခဲ့ရပါတယ် ဂျူလီယာ…

 

ငါတို့ရဲ့ အဆုံးသတ်ဟာ

အမုန်းရောစပ်ထားတဲ့

လူသတ်လက်နက်တွေထဲမှာ

စံနစ်တကျ နောက်ကျကျန်နေခဲ့ရပါတယ် ဂျူလီယာ…

နာက်ကျခဲ့တယ် ဂျူလီယာ

သံစဉ်စာသားအသစ်နဲ့ ယုံအောင်ချော့သိပ်တဲ့

သီချင်းအဟောင်းတပုဒ်ရဲ့ ကော်ရက်စ်အပိုဒ်မှာ

ငါတို့ရဲ့အရာရာဟာ နောက်ကျခဲ့ပါတယ် ဂျူလီယာ…

 

လူဖြစ်စောသူတွေက သေဖို့နောက်ကျခဲ့ကြပြီး

လူဖြစ်နောက်ကျသူတွေက နေဖို့နောက်ကျခဲ့ကြတယ်….

 

အရာရာဟာ…

နောက်ကျမှုတွေနဲ့ နောက်ကျနေခဲ့ကြပါတယ် ဂျူလီယာ….။