ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – သန်းခေါင်ယံ မက်တဲ့ကဗျာ

သန်းခေါင်ယံ မက်တဲ့ကဗျာ
ဆောင်းယွန်းလ
မေ ၁၄၊ ၂၀၁၄

 

illustration by Toni Demuro
အိပ်မက်တွေက
အိပ်မက်ထဲမှာတောင်
တ၀တ်တပျက် အိပ်မက်တွေနဲ့
အိပ်မက်ဟာ အိပ်မက်မဆန်ချင်တော့ဘူး…

အရာရာဟာ
အကြောင်းကြောင်းတွေကြောင့်
ဘာမှ မထူးခြားတော့သလို
ဘာမှလည်း မဆန်းပြားလှတော့ပါဘူး…

လမ်းတွေက ကျဉ်းမြောင်းလွန်းနေတော့
ကိုယ့်ခြေရာဟောင်း ကိုယ်ပြန်ရှာဖို့
လွယ်ကူလိမ့်မယ်လို့ ထင်ခဲ့မိပါရဲ့….

တခါတခါမှာ
ထင်တာတွေ ဖြစ်မလာတတ်ခဲ့သလို
မကြာမကြာမှာ
မထင်တာတွေလည်း ဖြစ်တတ်ခဲ့တယ်…

ရင်လောက် မှန်းထားခဲ့သမျှ
ဖ၀ါးအောက် ကျပျောက်သွားတဲ့အခါ
ကံကြမ္မာဟာ
ယိုးမယ်ဖွဲ့စရာအကောင်းဆုံး
ကုထုံးတခုတဲ့ပဲလား…..

ကိုယ်ပိုင်မေးခွန်းတွေကို ဖြေဆိုဖို့
ကိုယ်ပိုင်အဖြေတွေကို တွေးတောဖို့
ခက်ခဲလွန်းနေခဲ့တဲ့ အချိန်တွေမှာ
ရောထွေးနေတဲ့ ဘ၀ကို
စာမျက်နှာတချို့လောက် ချန်လှပ်ထားခဲ့ပြီး
စာမျက်နှာတ၀တ်လောက် လှန်ဖတ်ခဲ့မိပါတယ်….

အေးရာအေးကြောင်း
ခေါင်းချချိန် နာရီတချို့မှာ
ငါ့မြို့ပျက်ကို
နိုးတ၀တ်အိပ်မက်နဲ့ ပြန်ရှာမမက်ချင်တော့ပါဘူး…

သန်းခေါင်ထက်နက်တဲ့
ညတောအုပ်ထဲမှာတော့
ကဗျာတွေ အပြိုင်းအရိုင်းပွင့်လို့ပေါ့……။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts