U Win Tin ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ဟံသာဝတီဦးဝင်းတင် – အမေအသံ ညံညံဟိန်းကြ၊ မိန်းမတံခွန် လူလူထူကြ

အမေအသံ   ညံညံဟိန်းကြ၊  မိန်းမတံခွန်   လူလူထူကြ

ဟံသာဝတီဦးဝင်းတင် (ပြန်လည်ဆန်းသစ်ခြင်း)

မေ ၁၊ ၂၀၁၄

          ဒုတိယကမ္ဘာစစ်ကြီးပြီစပေါ့ဗျာ။ ကျွန်တော်တို့ လူလားမြှောက်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ လူငယ်လူရွယ်တိုင်းလိုလို မဖတ်မဖြစ်ဖတ်ခဲ့ရတဲ့ စာအုပ်ထွက်ခဲ့တယ်။ကျောင်းသားခေါင်းဆောင် စာရေးဆရာသိန်းဖေရေးတဲ့ (တတ်ခေတ်နတ်ဆိုး) ၀တ္ထုစာအုပ်။

တတ်ခေတ်နတ်ဆိုး ကကပ်ရောဂါဆိုးတစ်မျိုးအကြောင်း ရသမြောက်ရေးဖွဲ့ခဲ့သည်။ဆေးဘက်ဝေါဟာရ ဗွီဒီင်္ဆိုတဲ့ ကာလသားရောဂါအကြောင်းဝတ္ထု။ရသမြောက်ရေးဟန်က ၀တ္ထုကိုတဟုန်းထိုး ကျော်ကြားစေခဲ့သည်။ စာရေးဆရာက တတ်ဘုန်းကြီး ဆိုတဲ့ ၀တ္ထုရေးပြန်တယ်။လူကြိုက်များတဲ့စာအုပ်က စာရေးဆရာကို တတ်ဘုန်းကြီးသိန်းဖေရယ်လို့ ကျော်ကြားစေပြန်တယ်။(စစ်ပြီးခေတ်မှာတော့ တတ်ဘုန်းသိန်းဖေဟာ  (သိန်းဖေမြင့်)ဖြစ်လာသည်။ စစ်ပြီးခေတ် နိုင်ငံရေး လောက၊စာပေလောက၊ သတင်းစာလောကရဲ့အကျော်မော် ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ စာရေးဆရာ၊သတင်းစာဆရာ သိန်းဖေမြင့်ပေါ့။)

ဒီအမှာစာမှာကျွန်တော်ရေးချင်တာကဦးသိန်းဖေမြင့်အကြောင်းမဟုတ်ဘူး။ဦးသိန်းဖေမြင့်လိုပဲ ဒီခေတ်မှာဟိုးဟိုးကျော်နေတဲ့ ဖြူဖြူသင်းအကြောင်းပါ။

ဖြူဖြူသင်းကလည်း တက်ဘုန်းကြီးသန်းဖေလိုပဲ ခေတ်နတ်ဆိုးရောဂါတစ်မျိုးကို အလုပ်တွေနဲ့ တိုက်ဖျက်ရင်းထင်ရှားလာတယ်။

အားလုံးသိကြတဲ့ အိပ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် ခေတ်ရောဂါဆိုးက ဗွီဒီကာလသားရောဂါ ထက် အဆရာထောင် ပိုလို့ဆိုးတယ်။ ရောဂါကူးလွယ်တယ်။ ဘ၀ပျက်ရက်စက်တယ်။

ဒီအမှာစာမှာကျနော်ရေးချင်တာက ရောဂါအကြောင်းမဟုတ်ဘူး။ ရောဂါကိုလူဇာတ်သွင်း၊ ဝေဒနာရှင်တွေကိုလူဇာတ်သွင်းပေးတဲ့ နိုင်ငံရေးသမား ‘တော်လှန်-မာန်-ညဏ်-သတ္တိခဲ တစ်ယောက် အကြောင်းဖြစ်တယ်။ ကိုရာဇာတို့ရဲ့ အများခန္ဓာနဲ့ဖျားနာနေတဲ့ကိစ္စ စာအုပ်အကြောင်းဖြစ်ပါတယ်။

အာဏာရှင်ခေတ်လူတွေက ခေတ်ရောဂါကို လူမဆန်အောင်လုပ်တယ် ရောဂါဖြစ်လာရင် သေပေရော့။ ဘ၀ပျက်ပေရော့။ ဒုက္ခကပ်ကြီးဆိုက်ပေရော့။ လူချင်းခွဲခြားဆက်ဆံမှုတွေဖိစီးလာတယ်။ လူချင်း စာနာထောက်ထားမှုတွေ ဆိတ်သုဉ်းလာတယ်။ ပတ်ဝန်းကျင်နဲ့ဝေဒနာရှင်တွေအကြား ကမ္ဘာ ခြားသွားတယ်။

ပတ်ဝန်းကျင်ကဝေဒနာရှင်တွေကိုလူသားလိုမမြင်။ လူသားတရားကိုဆန့်ကျင်တဲ့စိတ်ထားနဲ့ တုန့်ပြန်ကြတယ်၊ ပယ်လှန်ကြတယ်၊ ကန်ထုတ်ကြတယ်။

ဖြူဖြူသင်းကပင်ကိုစိတ်ထား နိုင်ငံရေးသမားဖြစ်တယ်။ လူသားစိတ်ရင့်သန်တယ် စည်းရုံးအား ခိုင်မာတယ်၊ ကွပ်ကဲအားသန်စွမ်းတယ် လူမဆန်တဲ့ရောဂါကို လူစိတ်ပြည့်ဝအောင်သွတ်သွင်းပေးနိုင် တယ်။ ဝေဒနာရှင်တွေကို လူလိုစားလူလိုနေလူလိုရပ်နိုင်အောင်လူဇာတ်ခင်းပေးတယ်။

ဒီနေ့ဖြူဖြူသင်းဟာ ဗမာတစ်ခွင်လုံး ကမ္ဘာတစ်ပြင်လုံးလုံး သိမှတ်လေးစားအားထားရတဲ့ ဂရု ဏာရှင်ဖြစ်နေပြီ။ သူဟာလူတွေရဲ့အသက်ရှင်ခွင့်အတွက်တိုက်ပွဲဝင်နေသူဖြစ်နေပြီ။ ဒီနေ့ပြည်သူတွေ လူနာဖြစ်နေတယ်။ ခေတ်ရောဂါသမားတွေဖြစ်နေတယ်။ လူနာတွေအားလုံးရဲ့အသက်ရှင်ခွင့်တွေကို နိုင်ငံရေးအရသူ တိုက်ပွဲဝင်နေတယ်။ကျန်းမာရေးအရ သူတိုက်ပွဲဝင်နေတယ်။

ဖြူဖြူသင်းလိုသူရဲကောင်းတစ်ယောက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမွေးထုတ်ပေးခဲ့ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကမွေးထုတ်ပေးခဲ့တယ်။ သူဟာလူမှုရေးကိုနိုင်ငံရေးအသိ၊ နိုင်ငံရေး အမြင်၊ နိုင်ငံရေးဇွဲသတ္တိနဲ့လုပ်ခဲ့တယ်။ သူဟာလူမှုရေးမှာရောနိုင်ငံရေးမှာပါ ထွန်းပေါက်အောင်မြင်သူ ဖြစ်နေတယ်။ ဒီချုပ်နိုင်ငံရေး လူမှုရေးလှုပ်ရှားမှုတွေမှာ သူ့လိုလူငယ်မိန်းမသား သူ့လိုလူငယ်အား သစ် သူ့လိုဂရုဏာရှင်ဟာ သူတစ်ယောက်ပဲရှိတယ်။ ဒါဟာအားလုံးအတွက်ဂုဏ်ယူစရာပဲ။

ဒီနေ့ဗမာပြည်အရေးအရာတကာမှာ ဖိုသတ္တ၀ါတွေပဲစိုးမိုးနေတယ်။ စစ်အာဏာရှင်တွေလွှမ်း မိုးခဲ့လို့ ဒီနေ့အထိစစ်အာဏာချိုးကပ်နေတယ်။  မိန်းမသားတွေ တိုင်းရေးပြည်ရေးမှာ အရာမ၀င်ကြ ဘူး။ ထဘီအလံမထူနိုင်ကြသေးဘူး။ လွန်ရောကျွံရော မှူးကတော် ချုပ်ကတော်တို့ရဲ့ ကတော်အလံ တွေပဲ ဆွေအုပ်မျိုးအုပ်နဲ့ လေတိုးလှုပ်နိုင်ရုံလေးဖြစ်နေကြသေးတယ်။

ကမ္ဘာမှာ၊ ဗမာမှာ အမေတွေ၊ နှမတွေရုန်းထလာနေကြပြီ။ လူဦးရေအရအင်အားတွေ တိုးလာ နေကြပြီ။ ပိုင်ခွင့်တွေတောင်းနေကြပြီ။

ကျနော်တို့ ဒီမိုကရေစီလူ့အဖွဲ့အစည်းသစ်တည်ထောင်နေကြတယ်။ ထဘီစော်လောပဲနံတဲ့ ကတော်နိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ အမေသံညံညံဟိန်းတဲ့ မိန်းမသားနိုင်ငံရေး ထွန်းကားအောင် လုပ်နေတာ။

မိန်းမတံခွန်ထူကြ။

အောင်ဆန်းစုကြည်မျိုးသစ်တွေ ပေါက်ဖွားကြ။

ဖြူဖြူသင်းလိုမျိုးဆက်တွေ ထွန်းကားကြ။

အမေတစ်ခေတ်ဆန်း နှမတစ်ခေတ်ဆန်း မိန်းမတံခွန်တစ်ခေတ်ဆန်းကို ကျနော်တို့ လက် မောင်းမြှောက်တန်း လက်သီးဆုပ်ယမ်းပြီး ၀မ်းပန်းတသာကြိုဆိုကြပါစို့။    ။

(ရန်ကုန်ထုတ် အများခန္တာနဲ့ နာဖျားနေတဲ့ကိစ္စ စာအုပ်၏ အမှာစာ ဖြစ်ပါတယ်)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts