ငြိမ်းချမ်းအေး – ကျွန်ခေတ်မှာ လူရာမဝင်ချင်ခဲ့သူ

ကျွန်ခေတ်မှာ လူရာမဝင်ချင်ခဲ့သူ

ငြိမ်းချမ်းအေး။ မိုးမခ။ ဧပြီ ၂၇၊ ၂၀၁၄

Photo by James Mackay (Note: Edited)

Copyright © James Mackay / enigmaimages.net

 

ဆရာ ဦးဝင်းတင် အကြောင်း ကို ခင်မင်၊ ရင်းနှီး ပေါင်းသင်းခဲ့သူ၊ သိမီ ခဲ့သူ လူကြီး စာရေးဆရာကြီးများ ရေးကြ၊ ပြောကြတာ တန်ဖိုးရှိလှတယ်။  ကျနော် ကတော့ သူ့ကို သူ့ စာတွေ နဲ့ ပဲ သိရတယ်၊ သူ့ ဘဝ ဇာတ်ကြောင်း သူ ပြန်ပြောတာတွေ၊ သူတပါးရေးတာတွေကို နားထောင်ရင်း၊ ဖတ်ရင်း နဲ့ပဲ လေ့လာ မှတ်သားရတယ်။  သူ့ အလုပ်၊ သူ့ သမိုင်းကို ကြည့်ပြီး သူ့ အကြောင်း သုံးသပ် ရတယ်။  သူ့ အကြောင်း အရင်လည်း စာတွေ ရေးဖူးခဲ့တယ်။  အခု ဦးဝင်းတင် ဆုံးချိန်မှာ သူ့ ဘဝတခုလုံးကို ပီပီပြင်ပြင် ခြုံငုံ မြင်ကြည့် သုံးသပ်နိုင်ပြီ ဖြစ်တယ်။

 

ဆိုလေ့ ရှိကြတယ်၊ လူတယောက်ကို သေမှ ချီးကျူးပါ တဲ့။  မသေခင် မှာ တချိန်က ဘာတွေပဲ ကောင်းတာ၊ ဆိုးတာ လုပ်ခဲ့ လုပ်ခဲ့ လူ့ သဘော ဆိုတာ အသက်အရွယ် အလိုက်၊ ခေတ် အခြေအနေ အလိုက် ပြောင်းလဲ တတ်တာကြောင့် မသေခင်မှာ ချီးမွမ်း၊ ကဲ့ရဲ့ ကောက်ချက်မဆွဲသာ၊ အလုံးစုံ သဘော မဖြစ်နိုင်တာကို ဆိုလိုဟန် ရှိတယ်။  ဒါပေမယ့် ဦးဝင်းတင် လို ပုဂ္ဂိုလ်မျိုး အတွက်တော့ မသေခင်လည်း ချီးကျူး နိုင်တယ်၊ သေ အပြီး မှာလည်း ပိုလို့ ချီးမွမ်းနိုင်တယ်။

 

ဦးဝင်းတင် ဟာ ဘုန်းတော်ဘွဲ့ ဖွဲ့ ထိုက်သူပေမယ့် သူ့ အတွက် တကယ်တော့ ဘုန်းတော်ဘွဲ့ တွေ မလိုဘူး။  အကြောင်းက သူ့ သမိုင်းကို သူ ကိုယ်တိုင် ရေးခဲ့ပြီး ဖြစ်တယ်၊ သူ့ ဘုန်းတော် ကို သူ ကိုယ်တိုင် အလုပ်နဲ့ ဖွဲ့ခဲ့ပြီး ဖြစ်တယ်။  သူ့ အကြောင်းကို သူတပါး အနေနဲ့ အလုပ်ထိုက်ဆုံးတခုတော့ ရှိတယ်၊ ဒါက စနစ်တကျ သေချာ သုတေသနပြု အတ္ထုပ္ပတ္တိ ပြုစုခြင်းပါ။  စာ တစောင်၊ ပေ တဖွဲ့ မက ကျမ်းတစောင် ပြုထိုက်သူ ဖြစ်လို့ပါ။  ဒီအလုပ်ကို လုပ်နိုင်သူများ လုပ်စေချင်တယ်။

 

ဒီ စာစု မှာတော့ ကျနော် မြင်ရတဲ့ ဦးဝင်းတင် ရုပ်ပုံလွှာ၊ ပုံရိပ်ကို စာစီ ရေးခြစ်ချင်တယ်။  အထူးသဖြင့် လူတချို့ရဲ့ အသိ၊ အမြင်မှာ ဦးဝင်းတင်နဲ့ ပတ်သက်လို့ လွဲနေသလို ဖြစ်နေတာလေးတွေကို ချေဖျက်ချင်တယ်။

 

၁) ဦးဝင်းတင် ရဲ့ လူလေးစားခံ ဘဝ နဲ့ အောင်မြင်မှု ဟာ နိုင်ငံရေး လောကထဲ လုံးလုံးရောက်တဲ့ ၁၉၈၈ ကျမှ စတာ မဟုတ်ဘူး။

 

ဦးဝင်းတင် ကို နိုင်ငံတကာ မှာ လူသိများ၊ အလေး ထားလာမှုဟာ နှစ်ရှည် (၁၉) နှစ်ကြာ နိုင်ငံရေး အကျဉ်းသား ဖြစ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လေးစား အားထားခြင်း ခံရသူ ဒီချုပ် တည်ထောင်သူ နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်ခြင်း ဆိုတာတွေကြောင့် ဆိုတာမှန်ပေမယ့် သူ့ ရဲ့ လူလေးစာခံ ဘဝ၊ လူချစ်လူခင် ပေါမှု နဲ့ ဘဝ အောင်မြင်မှုတွေဟာ ၈၈ မတိုင်မီ ကတည်းက ဖြစ်တယ်။  ကြေးမုံ အစောပိုင်း ကာလ လူငယ် သတင်းစာ အယ်ဒီတာ ဘဝ မှာကတည်းက စာပေ၊ စာနယ်ဇင်း အသိုင်းအဝန်းမှာ ဦးဝင်းတင် ဟာ သူ့ နာမည် နဲ့ ပုံရိပ် ကို အလုပ်ကောင်းတွေ နဲ့ တည်ဆောက်ခဲ့ပြီး ဖြစ်တယ်။

 

၂) ဦးဝင်းတင် ရဲ့ သတင်းစာဆရာ ဘဝ အောင်မြင်မှု၊ လူလေးစား အသိအမှတ်ပြုခံရမှု ဟာ မန္တလေး ဟံသာဝတီ ခေတ်ကျမှ ရခဲ့တာလည်း မဟုတ်ဘူး။

 

သူ့ရဲ့ သတင်းစာလောက အောင်မြင်မှု အထွတ်အထိပ် ဟာ မန္တလေး ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် ဘဝ (၁၉၆၉-၇၈) မှာ ရခဲ့တာ မှန်တယ်။  ဒါပေမယ့် သူ့ရဲ့ သတင်းစာ အယ်ဒီတာ လုပ်ငန်း အရည်အသွေး နဲ့ လုပ်ရည်ကိုင်ရည် ကို ဦးဝင်းတင် ဟာ သူ တာဝန်ခံအယ်ဒီတာ အနေနဲ့ တာဝန်ယူ လုပ်ကိုင်ခဲ့တဲ့ သတင်းစာ တိုင်းမှာ ပြနိုင်ခဲ့တာကြောင့် လူလေးစားခံရမှု ဟာ မန္တလေး ဟံသာဝတီ ခေတ် မတိုင်ခင်ကတည်းက ရပြီး ဖြစ်တယ်။

 

ဥပမာ – ဆရာကြီး ဇဝန အမှူး ပြုပြီး ကြေးမုံ ဦးသောင်း (အောင်ဗလ)၊ ဦးဝင်းတင်၊ (ဦး) စိန်ခင်မောင်ရီ တို့ အတူ တည်ထောင် လုပ်ကိုင်ခဲ့တဲ့ မူလ ပုဂ္ဂလိက ကြေးမုံ မှာ ကတည်းက ဦးဝင်းတင် ရဲ့ အယ်ဒီတာ အရည်အချင်း ဟာ မှတ်ကျောက်တင်ခံပြီး ဖြစ်တယ်။

 

ဒါ့အပြင် ကြေးမုံ ပထမ အကြိမ် အပိတ်ခံရစဉ် စစ်တပ် အိမ်စောင့် အစိုးရခေတ် (၁၉၅၈-၆၀) မှာ ဗမာပြည် ရဲ့ သတင်းစာဘုရား တဦးဖြစ်သူ အိုးဝေဦးညိုမြ က သူ့ရဲ့ အိုးဝေ ကို ဦးဝင်းတင် (အသက် သုံးဆယ် မကျော်သေးဘူး) လက်ထဲ ဝကွက်အပ် တာဝန်ယူခိုင်းခဲ့တာကို ကြည့်ရင် ဦးဝင်းတင် ရဲ့ လူငယ်ဘဝမှာပဲ တည်ဆောက် ယူနိုင်ခဲ့တဲ့ နာမည် နဲ့ အရည်အချင်း ကို မြင်နိုင်မှာပါ။

 

၃) နိုင်ငံရေး အရ ဆိုရင်လည်း ဦးဝင်းတင် ဟာ ၁၉၈၈ ရောက်မှ လူထု အရေးတော်ပုံ နဲ့ အတူ ခါတော်မီ ဒီမိုကရေစီ အသံကောင်းဟစ်ခဲ့သူ တဦး မဟုတ်ဘူး။

 

၁၉၈၈ အရေးတော်ပုံကြီး မှာ လူထု လူတန်းစား အလွှာ အသီးသီး ပါခဲ့တယ်၊ အဲ့ဒီထဲမှာ ခါတော်မီတွေလည်း အများကြီး ပါတယ်။  ခါတော်မီ ဖြစ်ကြောင်းကို သူတို့တွေရဲ့ မဆလ အာဏာရှင် စော်နံတဲ့ အတိတ် သမိုင်း က ဖော်ပြသလို ၁၉၈၈ အပြီးမှာ စစ်အာဏာရှင် နဝတ၊ နအဖ ဗိုလ်ချုပ်ကြီးများ ရဲ့ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာ ပြန်လုပ်ကြတဲ့ ဖြစ်စဉ် က သက်သေပြုတယ်။

 

ဦးဝင်းတင် က တော့ မဆလ ရဲ့ ပြန်ကြားရေး ဌာန လက်အောက် နိုင်ငံပိုင် သတင်းစာ တစောင် ရဲ့ အကြီးဆုံး ရာထူး ယူခဲ့သူ ဖြစ်ပေမယ့် မဆလ တပါတီ အာဏာရှင်စော် တခါမှ မနံခဲ့ဖူးဘူး။  အာဏာရှင် အစိုးရ သတင်းစာ အယ်ဒီတာ ဘဝမှာ သူ အစွမ်းရှိသလောက် လုပ်ပိုင်ခွင့် ဘောင်၊ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် ဘောင်ကို ချဲ့ယူ၊ တိုက်ယူခဲ့တယ်။  သူတလျှောက်လုံး ကိုင်ဆွဲ ရေးသား၊ ပြောဆို လာခဲ့တာဟာ ပါတီစုံ စနစ်၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီ လမ်းကြောင်း သာ ဖြစ်တယ်။  (ဒီ့အတွက် ဦးဝင်းတင် ရဲ့ ခေတ်အဆက် ဆက် မပြောင်းလဲခဲ့တဲ့ ရပ်တည်ချက်၊ ခိုင်မာ မှန်ကန်ခဲ့တဲံ အာဘော် အရေးအသားများ ကို လေ့လာကြည့်ပါ။)

 

၎) ဦးဝင်းတင် ဟာ မာန်မာန၊ မောက်ကြွား ထောင်လွှားမှု လုံးဝ ကင်းသူ တဦး ဖြစ်တယ်။

 

“သူလိုလူ” ကြောင့် ဂျာနယ်ကျော် ဦးချစ်မောင် ရဲ့ စံနမူနာပြုဖွယ် သတင်းစာသမား ဘဝ ကို လျှောက်လှမ်းဖို့ စတင်ကြိုးစားခဲ့တယ် ဆိုတဲ့ ဦးဝင်းတင် ဟာ ဦးချစ်မောင်လိုပဲ ရိုးဂုဏ်ကိုသာ တန်ဖိုးထားတတ်သူ ဖြစ်ကြောင်း သူ့ ရဲ့ ရိုးရှင်းလှတဲ့ နေထိုင်မှု ဘဝ ပုံစံ၊ အနေအထိုင်၊ သူ့ ဘဝ၊ သူ့ အလုပ် တွေက သက်သေပြုတယ်။  ဦးဝင်းတင် ဟာ သူ နဲ့ တခေတ်တည်း ခေတ်ပြိုင် စာပေ သမား သူငယ်ချင်း မိတ်ဆွေများ၊ စာပေလောက က ပုဂ္ဂိုလ်များ အကြောင်းကို ပြန်လည် သုံးသပ် ပြောဆိုရာမှာ မိမိ ကိုယ် မိမိ အင်မတန် နှိမ့်ချ အရိုးခံ အတိုင်း ဆိုခဲ့တာကိုလည်း တွေ့ရတယ်။

 

ဥပမာ – ဦးဝင်းတင် ဟာ သူ့ ရဲ့ ကဗျာ ဝါသနာ၊ ကဗျာ ဆရာဘဝ ကို သုံးသပ်ရာမှာ သူ့ သူငယ်ချင်း မင်းယုဝေ ကို ကြည့်ပြီး ကဗျာဆရာ ဆိုတာ ဒီလိုပါ့လား၊ ဒီလို ဖွဲ့ရတာပါ့လား ဆိုကာ အမွှမ်းတင်တယ်၊ သူ့ဘာသာကျ နှိမ့်ချပြီး မင်းယုဝေ လို ကဗျာ အပေါ် မရူးသွပ်၊ မစူးနစ် နိုင်ရင် ငါ ကဗျာဆရာ မဖြစ်နိုင်လို့ ငယ်ငယ်ရွယ်ရွယ် တက္ကသိုလ်ကျောင်းသား ဘဝ မှာကတည်းက သုံးသပ်ခဲ့တယ်။

 

သူ့ ရဲ့ စာပေဗိမာန် ဘာသာပြန် အလုပ်ကို ပြန်လည် သုံးသပ်ရာမှာလည်း သူ့ သူငယ်ချင်း တဦး ဖြစ်သူ မြသန်းတင့် ရဲ့ ဘာသာပြန်လက်ရာမျိုး တွေလို မဖြစ်နိုင်၊ သူ့ ဟာ က ခွေးကူးကူးတဲ့ အဆင့် ပဲ ရှိတယ် ဆိုပြီး နှိမ့်ချ သုံးသပ်ခဲ့တယ်။

 

တကယ်တော့ ဦးဝင်းတင် ဟာ ကဗျာ ဆရာ အဖြစ် မဂ္ဂဇင်းကြီးများမှာ စတင် ဖော်ပြခံခဲ့ရတာက မင်းယုဝေ ထက် စော ခဲ့သလို၊ သူ ဘာသာပြန်ခဲ့တဲ့ နာမည်ကျော် ဘာသာပြန် စာအုပ် တွေလည်း မြန်မာ့စာပေလောက မှာ ထင်ကျန်ခဲ့တယ်။

 

ဒါတွေ အပြင် သူ့ ရဲ့ နိုင်ငံရေး သမား ဘဝ ကို ပြန်လည် သုံးသပ် ရာမှာလည်း ငါ လုပ်ခဲ့၊ ငါ အနစ်နာခံ ဆိုတဲ့ စိတ်မျိုး၊ အပြောမျိုးတွေ လုံးဝ ကင်းခဲ့တယ်။

 

၅) ရှစ်လေးလုံး ကာလ၊ နိုင်ငံရေး သမား ဘဝ နဲ့ နိုင်ငံရေးအကျဉ်းသား ဖြစ်စဉ် က ဦးဝင်းတင် ကို ‘ကျားရဲ’ အဖြစ် ပြောင်းသွားစေတယ် ဆိုတာ လုံးဝ မဟုတ်ဘူး။

 

ဦးဝင်းတင် ရဲ့ ကျားရဲ စိတ် ကျားရဲ မာန် အမှန်တရား အတွက် ရဲရဲဝံ့ဝံ့ မကြောက်တရား ဆိုရဲမှု ဟာ သူ့ ရဲ့ ပင်ကိုယ်စရိုက် နဲ့ သတင်းစာဆရာ ဉာဉ် ဖြစ်တယ်။  သူ့ ရဲ့ မှန်တာကို ဆိုဝံ့တဲ့ သတင်းစာသမား စိတ်ဓာတ် ကို ဖဆပလ၊ အိမ်စောင့်အစိုးရ၊ ပထစ၊ တော်လှန်ရေးကောင်စီ၊ မဆလ ခေတ်အဆက်ဆက်မှာ ပြခဲ့တယ်။

 

ဥပမာ အချိန်မရွေး ထောင်ထဲရောက် တကျွန်း ပို့ ခံထိနိုင်တဲ့ စစ်တပ်ကြီးစိုးရာ တော်လှန်ရေးကောင်စီ ခေတ်မှာ ဗိုလ်နေဝင်း နားကို တမ်းပေါက်နိုင်တဲ့ တော်လှန်ရေးကောင်စီဝင် ဝန်ကြီး၊ ဗိုလ်ချုပ် နဲ့  စစ်ဗိုလ်ငယ် အပေါင်းကို ရှေ့ထားပြီး သတင်းစာလွတ်လပ်ခွင့် ကို ရဲရဲတောက်တောက် ဆိုဝံ့တာဟာ ဦးဝင်းတင်ရဲ့ မူလ ပင်ကိုယ် သတ္တိ နဲ့ သတင်းစာဆရာ အလုပ် သတ္တိပဲဖြစ်တယ်။  (စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် ဆောင်းပါးဟောင်း ကို ရှုပါ။)

 

 

၆) စစ်အစိုးရ ရဲ့ (၁၉) နှစ်ကြာ မတရား ထောင်သွင်း အကျဉ်းချ ဖိနှိပ် ညှဉ်းပန်း နှိပ်စက်မှုတွေက ဦးဝင်းတင် ကို ‘ကျားရဲ’ ကနေ ‘ကျားနာကြီး’ အဖြစ် ပြောင်းသွားစေတယ် ဆိုတာလည်း လုံးဝ (လုံးဝ) မဟုတ်ဘူး။

 

ဒီအချက် ကို လူအများစု (ဒါမှမဟုတ်) တချို့ တကယ့် ကို ယူဆနေကြတယ်လို့ ထင်တယ်။  လုံးဝ မှားတယ်။

 

ဦးဝင်းတင် ဟာ ထောင် က ထွက်လာချိန်မှာ “ဘာလဲဟေ့ လူ့ငရဲ” လို ထောင် စာအုပ် မှာ နိုင်ငံရေး အကျဉ်းသားတွေ၊ အခြား ရာဇဝတ် အကျဉ်းသားတွေရဲ့ လူလို မနေရတဲ့ ဘဝကို လူအများ စာနာ ကရုဏာ ထားနိုင်အောင် အနုပညာ ရသ ကလောင်စွမ်းနဲ့ မာမာထန်ထန် ဟန် ပြု ရေးဖွဲ့ခဲ့တာတွေ ရှိတယ်။  နောက်ပိုင်း တလျှောက်လည်း နိုင်ငံရေး ခံယူချက်၊ မူဝါဒ ပိုင်းဆိုင်ရာတွေ အတွက် ခပ်မာမာ ပြောဆို၊ ရေးသားမှု တွေ တွေ့ရတယ်။

 

ဒါပေမယ့် ဒါတွေ အားလုံးဟာ အာဃာတ တရား ဗဟိုပြု ကျားနာ နာ ကျားနာခဲ ခဲ နေခြင်းမျိုး လုံးဝ (လုံးဝ) မဟုတ်ဘူး။

 

တကယ်တော့ သူဟာ ဗိုလ်နေဝင်းရဲ့ အရာချခြင်းခံရချိန်၊ ဗိုလ်ခင်ညွန့်၊ စစ်ထောက်လှမ်းရေး နဲ့ စစ်အာဏာရှင် တသိုက် ရဲ့ အပြင်းထန်ဆုံး ဖိနှိပ် ရက်စက်မှုတွေ ကြုံတွေ ချိန်တွေကို နာကြည်း ချက် မပါ သမိုင်း ကို အာဃာတ တရားမရှိ အမုန်းတရား မပါ သမာသမတ်ကျကျ နောက်ပိုင်းမှာ ပြန်လည် သုံးသပ်နိုင်စွမ်း ရှိသူ ဖြစ်တယ်။

 

ဒီသဘောကို သူ့ ရဲ့ ကိုယ်တိုင်ပြော ဘဝဇာတ်ကြောင်း RFA ရေဒီယို အစီအစဉ် “ခေတ်ဝန်ကို ထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း” ကို အစအဆုံး သေချာ စိတ်ဝင်တစား နားထောင်ခဲ့ဖူးရင် သိနိုင်မယ်။

 

သူ ဟာ သူ့ ဘဝ ဖြစ်စဉ်တွေ၊ သမိုင်း ဖြစ်ရပ်တွေ၊ သူကြုံတွေ့ခဲ့ရတဲ့ လူ ပုဂ္ဂိုလ်တွေ၊ သူ့ကို အရာချခဲ့၊ ဖိနှိပ်ခဲ့၊ နှိပ်စက်ခဲ့တဲ့ စနစ် အဖွဲ့အစည်း လူ တွေ အားလုံးကို သတင်းစာဆရာ ပီပီ အကျိုး၊ အကြောင်း၊ အဆိုး၊ အကောင်း ဘက်ပေါင်းစုံ ကနေ မျှမျှတတ ပြန်လည် သုံးသပ် နိုင်စွမ်းအောင် ရင်ဘတ်နှလုံးသားကြီး၊ ဦးနှောက် အမြင်ကျယ်သူ တဦး ဖြစ်တယ်ဆိုတာကို သူ့ ရဲ့ ပြောစကားတွေက နေ အထင်အရှား တွေ့ခဲ့ရတယ်။

 

၇) ဆရာဦးဝင်းတင် ဟာ မြှောက်တိုင်းလည်း မမြောက်သူ၊ ခြောက်တိုင်းလည်း မကြောက်သူ တဦး ဖြစ်တယ်။

 

ဦးဝင်းတင် ဟာ မဆလ ခေတ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ရဲ့ ပစားပေး ချီးမြှောက်မှု Blessing ကို အများကြီး ရခဲ့၊ ခင်မင်လေးစားမှုကို ခံခဲ့ရတယ်။  ဒါကြောင့် မဆလ ပါတီ၊ ကောင်စီလူကြီး နဲ့ တိုင်းမှူး စစ်ဗိုလ်ချုပ်တွေရဲ့ ရိုသေ လေးစားခြင်းကို အလိုအလျောက်ခံခဲ့ရတယ်။  နိုင်ငံပိုင် သတင်းစာကြီး တစောင်ရဲ့ အယ်ဒီတာချုပ် ဆိုတဲ့ အထိုက်အလျောက် သြဇာကြီးတဲ့ ရာထူးကြီး တခုကလည်း လက်ကိုင် ရှိခဲ့တယ်။  (စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် ဆောင်းပါးဟောင်း ကို ရှုပါ။)

 

ဒါပေမယ့် ဆရာဦးဝင်းတင် ဟာ ဒါတွေကို အသုံးချ ကိုယ်ကျိုးမရှာခဲ့ဘူး၊ အာဏာ မပြခဲ့ဖူးဘူး၊ ဒီလို လူတွေနဲ့ ပတ်သက်တယ် ဆိုခံရတာကိုတောင် သူ့မှာ နာ တယ် ထင်တတ်ခဲ့တယ်။  အာဏာရှင် မြှောက်ပေးတိုင်း ဂွေးတက်အောင် မကခဲ့ဘူး၊ သူ့ မိတ်ဆွေ တချို့ ဗိုလ်နေဝင်း ရဲ့ မြှောက်စားခြင်းခံရတော့ တမ်း အရောင် ပြောင်းသွားသလိုမျိုး ဦးဝင်းတင် မဖြစ်ခဲ့ဘူး။

 

ဥပမာ ဖြစ်စဉ် တခု ပြရရင် တရက် ဦးဝင်းတင် အစည်းအဝေး တခု တက်စရာ ရှိလို့ မိတ်ဆွေ တယောက် နဲ့ အတူ ကားမောင်းရင်း မန္တလေး က နေ ရန်ကုန် ဆင်းတယ်။  လမ်းမှာ အဆိုပါ မိတ်ဆွေ နဲ့ အတူ မဆလ ရဲ့ မတရားမှု၊ မကောင်းကြောင်းတွေ ဆွေးနွေးလာတယ်၊ နောက် ရန်ကုန်ရောက်တော့ အစည်းအဝေး မှာ မိတ်ဆွေ က မဆလ အတိုင်ပင်ခံ ကောင်စီ လူကြီး အဖြစ် အရွေးခံရတယ်။  အဲ့ဒီ နောက်ပိုင်း မိတ်ဆွေ ဆီက မဆလ မကောင်းကြောင်း တခွန်းမှ မကြားရတော့ဘူး၊ ဝင်ဒါမီယာ မှာ တိုက်ကြီးဆောက်တာပဲ သိ မြင်ရတော့တယ်။

 

ဒါ့အပြင် ထောင်က ပြန်ထွက်လာပြီး နောက်ပိုင်းလည်း ဦးဝင်းတင် ရဲ့ သြဇာ ဟာ ဗမာ့ နိုင်ငံရေး အသိုင်းအဝန်း မှာ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် အကြီးကျယ်ဆုံး၊ အကျယ်ပြန့် ဆုံး ဖြစ်တယ်။  ဒါပေမယ့် ဒီ သြဇာ အပေါ် အခြေပြုပြီး အာဏာ မတည်ဆောက်ခဲ့ဘူး၊ အလွဲသုံးစား ကိုယ်ကျိုး မပြုခဲ့ဖူးဘူး။

 

အာဏာရှင် ခြောက်တိုင်း မကြောက်ခဲ့ခြင်းကိုတော့ သူ့ရဲ့ ဗိုလ်နေဝင်း အငြိုအငြင်ခံ အယ်ဒီတာချုပ်ပြုတ် ဘဝက အစ နောက်ပိုင်း (၁၉) နှစ် ကြာ နှစ်ရှည် ယုံကြည်ချက် အကျဉ်းသား ဘဝ နဲ့ နောက်ဆုံး သေသည့်တိုင် ရပ်တည်ခဲ့မှု၊ ဖြစ်တည်မှု သမိုင်းက သက်သေပြုပြီး ဖြစ်တယ်။

 

သူ သေတဲ့ အချိန် မှာ နေစရာ ကိုယ်ပိုင် အိမ်မရှိ၊ အင်္ကျီကလေး သုံးလေးငါးထည်၊ စာအုပ်ကလေး လက်တဆုပ် နဲ့ မိတ်ဆွေ ခြံထဲက အခန်းငယ်ကလေး ပုံရိပ်ကို ကြည့်ရင် ဦးဝင်းတင် ရဲ့ ဘဝ နေထိုင် ဖြတ်သန်း၊ ရပ်တည်ခဲ့မှု ဘယ်လောက် ခိုင်မာ၊ မှန်ကန်ခဲ့ကြောင်း ကို မြင်ကြည့်နိုင်တယ်။

 

လူတွေ မွေးလာတယ်၊ နေထိုင်တယ်၊ နောက် သေသွားတယ်။  မွေးခြင်း သေခြင်း ကြားက ဘယ်လို နေထိုင် ရပ်တည် ခဲ့တယ် ဆိုတဲ့ လူသား ဖြစ်တည်မှု က လူတဦး ရဲ့ သမိုင်း ဖြစ်တယ်။  ဦးဝင်းတင် အနေနဲ့ ဒီ သမိုင်းကို လူသာမန် လူသားတဦး ပြုနိုင်ခဲတဲ့ အမြင့်ဆုံး စွမ်းဆောင်မှုတွေ၊ အနစ်နာခံမှုတွေ၊ ခြိုးခြံ မှုတွေ နဲ့ တည်ဆောက်ကာ စံနမူနာ ပြ နေထိုင်သွားခဲ့နိုင်တယ်။  ဦးဝင်းတင် ဟာ လူသားတဦး သာ ဖြစ်တဲ့ အတွက် အားနည်းချက်၊ ချို့ယွင်းချက်၊ အမှား တွေ ရှိကောင်း ရှိနိုင်ပါတယ်။  ဒါပေမယ့် သူ့ ရဲ့ အလုပ်ကောင်း၊ သမိုင်းကောင်းနဲ့တော့ ဘယ်လိုမှ မနှိုင်းယှဉ်သာပါ။

 

နိဂုံးချုပ်ရရင် ဆိုခဲ့တဲ့ အချက် (၇) ချက် မှာ ကျနော့် အနေနဲ့ ဦးဝင်းတင် အပေါ် လေးစားမှု အဖြစ်စေဆုံး အချက်ကတော့ နံပါတ် (၇) အချက်ပါ။  လူတိုင်းလိုလို၊ အထူးသဖြင့် နိုင်ငံရေးသမား၊ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတိုင်းလိုလို ဖိနှိပ်မှု ဒဏ်ကို ခံနိုင်ကြတာ များပါတယ်။  ခြောက်တာကို ခံနိုင်ကြတာ များပါတယ်။  ဒါပေမယ့် မြှောက်ပေးတာကို လူတိုင်း မခံနိုင်ကြပါဘူး။  ရေဆန်၊ လေဆန် ကို လူတိုင်းလိုလို လှော်တက်နိုင်ကြပေမယ့် နောက်ဆုံး ရေစုန်မှာ မျောကြသူတွေ အများကြီး ရှိတတ်တယ်။

 

ဦးဝင်းတင် က တော့ ဒီလို သဘောမဟုတ်ဘဲ ဟိုးအရင် မဆလ ခေတ် ဗိုလ်နေဝင်း မြှောက်စားခဲ့သည့် အချိန်ကလည်း မတောက်ကြွားခဲ့၊ မမြောက် ‘စား’ ခဲ့၊ ဗိုလ်နေဝင်း ရဲ့ မျက်မုန်းကျိုး၊ အမျက်ဒေါသ ထိ ချိန်မှာလည်း မဝပ်တွား တသမတ်တည်း လျှောက်ခဲ့တယ်။  နောက်ပိုင်း နိုင်ငံရေး သြဇာ အထွပ်အထိပ် ရောက်ချိန်မှာလည်း အာဏာပြ ကိုယ်ကျိုး မရှာခဲ့ဘူး။

 

ဒီအချက်ဟာ ဆရာဦးဝင်းတင် ရဲ့ အသိအမှတ် အပြုထိုက်ဆုံး အရည်အချင်းလို့ ထင်တယ်၊  ပြည်သူလူထု နဲ့ တသားတည်း ရှိလိုတဲ့ လူထဲက လူ သဘောကိုလည်း ဖော်ညွှန်းရောက်တယ်။  ဒါဟာ သူ့ရဲ့ သတင်းသမား သီလ၊ နိုင်ငံရေးသမား သီလ ကို ပြရာလည်း ရောက်တယ်။  ပြည်သူလူထု အဖိနှိပ်ခံနေရချိန်၊ ငတ်ပြတ် ဆင်းရဲ အတိဒုက္ခ ရောက်နေချိန်မှာ ပြည်သူနဲ့ အတူပဲ တလှေတည်းစီး၊ တခရီးတည်းသွားခဲ့တယ်။  တကိုယ်တော် အခွင့်အရေး ရခဲ့ပေမယ့် မြှောက်စား တောက်ကြွ လိုမှု ကင်းခဲ့တဲ့ ဒီ စိတ်ဓာတ်ကို သူ အင်မတန် ရိုသေ လေးစားရတဲ့ ဗမာ့ သတင်းစာတို့ရဲ့ ဘိုးအေကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ စကား နဲ့ ဂုဏ်ပြုဆိုရရင် ဦးဝင်းတင် ဟာ “ကျွန်ခေတ်မှာ လူရာမဝင်ချင်ခဲ့သူ” ဖြစ်တယ်။

 

အခုတော့ ဒီ “ကျွန်ခေတ်မှာ လူရာမဝင်ချင်ခဲ့သူ”တယောက် သေခဲ့ပါပြီ၊ ဒါပေမယ့် သူ့ သမိုင်း မသေ၊ သူ့ နာမည် မသေ ပါ။  မသေရုံမက သူ့ရဲ့ ရိုးသားမှု၊ နှိမ့်ချမှု၊ ရဲရင့်မှု၊ သတ္တိ၊ ဗျတ္တိ အကျင့် သီလ ဂုဏ် တွေကို အနာဂတ် သမိုင်းမှာ သမိုင်းဆရာ အမြောက်အမြား က ပြန်လည် တူးဆွ မှတ်တမ်းပြုကြဦးမှာ ဖြစ်တဲ့ အတွက်ကြောင့် “ကျွန်ခေတ်မှာ လူရာမဝင်ချင်ခဲ့သူ”ဦးဝင်းတင် ရဲ့ သမိုင်းက အခု မှ စတယ်လို့တောင် ဆိုနိုင်ကြောင်း တင်ပြရင်း ဆရာ့ ကို ဒီ စာစုလေးနဲ့ မိုးမခ ကနေတဆင့် နောက်ဆုံး ရှိခိုး ကန်တော့ ဂါရဝ ပြု နှုတ်ဆက်လိုက်ပါတယ်။

 

ငြိမ်းချမ်းအေး

ဧပြီ ၂၇၊ ၂၀၁၄

(ဆရာ ဦးဝင်းတင် (၁၂ မတ်၊ ၁၉၃၀ ဖွား – ၂၁ ဧပြီ၊ ၂၀၁၄ ဆုံး) ရက်လည် အမှတ်တရ)

 

စာရေးသူ ၏ ဆရာ ဦးဝင်းတင် အကြောင်း မိုးမခ ဆောင်းပါးဟောင်းများ တဆက်တည်း ပြန်လည် ဖတ်ရှုရန်:

 

၁) မာဒီဗာ ဦးဝင်းတင်

Read @ http://moemaka.com/archives/37032

http://moemaka.blogspot.com.au/2014/04/blog-post_243.html

 

၂) ကျန်စစ်သားကြီး ဆက်ကျန် ဦးမည်

Read @ http://moemaka.com/archives/37009

http://moemaka.blogspot.com.au/2014/04/blog-post_9986.html

 

၃) ထိပ်ထား၊ သေနာ နဲ့ ကျားရဲ

Read @ http://moemaka.com/archives/36651

http://moemaka.blogspot.com.au/2014/03/nyein-chan-aye_29.html

 

၎) ဦးဝင်းတင် (သို့မဟုတ်) ကဏန်း ကိုယ်ထည်

Read @ http://moemaka.com/archives/36328

http://moemaka.blogspot.com.au/2014/03/blog-post_12.html

 

၅) စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် (အပိုင်း – ၁)

Read @ http://moemaka.com/?p=21380

 

၆) စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် (အပိုင်း – ၂)

Read @ http://moemaka.com/?p=21402