ပွင့်လိုက်ပါ ပန်းပိတောက်ရယ်
ဖိုးဇီးရိုး
ဧပြီ ၁၃၊ ၂၀၁၄
မမြုံပါနဲ့တော့ ပန်းပိတောက်ရယ်
မင်း ကိုယ်တို့ကို အချစ်ကုန်ပေမယ့်
မင်းမြို့မင်းတော့ အချစ်မကုန်စေချင်ဘူး၊
တနှစ်တခါတော့ မှန်မှန်ပွင့်စမ်းပါ ပန်းပိတောက်ရယ်
မင်းရဲ့မြို့သူမြို့သားတွေ တယောက်ဆင်း တယောက်တက်သွားပေမယ့်
မင်းရဲ့မြို့ကလေးကတော့ အပြုံးမပျက် အမုန်းမဖက်ပါဘဲ
လက်ယပ်လို့ ကြိုစေဆဲ နှုတ်ဆက်မြဲပါကွယ်၊
ဒီမြို့လေးမှာနေ ဒီမြို့ရေကိုသောက်သုံးခဲ့ပြီးမှ
ဒီမြို့ကို သစ္စာဖောက်ရက်လေသူ
တယောက် နှစ်ယောက် သုံးလေးယောက်နဲ့တော့
မင်းဘာသာမင်း တနှစ်တခါသာ မှန်မှန်ပွင့်စေချင်ပါတယ် ပန်းပိတောက်ရယ်၊
ရာသီတွေပြောင်း နှစ်တွေညောင်းပြီး
မင်းရှိရာ ဒီမြို့လေးကို ပြန်မလာဖြစ်သေးတဲ့
မြို့ချစ်သူ အဟောင်းကြီးတွေကလည်း
ဒီမြို့လေးမှာ ဒီပိတောက်ပန်းတွေ လှိုင်လှိုင်ပွင့်တာ
အဝေးတနေရာကနေ မြင်ချင်တာပေါ့ ပန်းပိတောက်ရယ် ။။။
(အနှစ်ငါးဆယ်ပြည့် တန်ခူးလပြည့်နေ့ ၁၃၇၆ အမှတ်တရ)