ရသဆောင်းပါးစုံ ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – လွဲခဲ့သော တွက်ကိန်းများ

လွဲခဲ့သော တွက်ကိန်းများ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)

ဧပြီ ၂၊ ၂၀၁၄

 


ကျောင်းသားနှစ်ယောက်သည် စာမေးပွဲနီး၍ စာကျက်ရင်း စကားပြောနေကြသည်။
မောင်ရစ် – စာမေးပွဲကလဲ နီးပြီ။ စာတွေကလည်း အများချည်းပဲ။ အထူးသဖြင့် သင်္ချာပုစ္ဆာတွေက တော်တော်များတယ်။ ဘာတွေရွေးပြီးကြည့်ရမှန်းတောင်မသိဘူး။

ဖိုးတေ – ဟာကွာ။ သင်္ချာဆရာကြီးရှိသားပဲ။ သွားမေးရင် မကောင်းဘူးလား။

သူတို့နှစ်ယောက်သည် သင်္ချာဆရာကြီးထံသွားကြသည်။

သင်္ချာဆရာကြီး  – ဟေ့… မောင်ရစ်တို့ပါလား။ ငါ့ကို ဘာမျးနားပူကြမလို့လဲ။

မောင်ရစ် – ဒီလိုပါ ဆရာကြီးရယ်။ စာမေးပွဲအတွက် အရေးကြီးတာလေးတွေများ ဟဲ…ဟဲ။

ဆရာကြီး – အေး… ရွေးတာပေါ့ကွာ။ ဒါပေမယ့် တစ်ခုရှိတယ်။ ဘာတွေ အရေးကြီးတယ်ဆိုတာ ကျောင်းသား ကိုယ်တိုင်ရွေးတတ်ရမှာကွ။ ဒါမှပညာရေး Education ဆိုတဲ့ အဓိပÜါယ်ထမြောက်မှာ၊ ကိုယ်တိုင်ဘာတွေ အရေးကြီးတယ်၊ ဘာတွေအရေးမကြီးဘူး။ ဘာကောင်းတယ်၊ ဘာတွေက မကောင်း ဘူးဆိုတာ ခွဲခြားတတ် အောင် သင်ပေးတာဟာ ပညာရေး Education ရဲ့ ရည်ရွယ်ချက်ပဲ၊ ဥပမာ …

သင်္ချာဆရာကြီးသည် သူသိသမျှ ပညာရေးမူဝါဒ၊ သီအိုရီများ အကြောင်းကို ရှင်းပြနေသည်။ မောင်ရစ်နှင့်ဖိုးတေတို့သည် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်၍ ဒီဆရာကြီးဆီလာမိတာတော့ မှားပြီ၊ တို့က စာမေးပွဲအတွက် အရေးကြီးတဲ့ စပေါ့လေး ဘာလေးရမလားလို့ လာမိတာ ဘာတွေ လျှောက်ပြောနေပါလိမ့်ဟု စိတ်ထဲက ပြောနေကြသည်။

တော်တော်ကြာမှ သင်္ချာဆရာကြီးက “ကိုင်း… မှန်းစမ်း၊ မင်းတို့အတန်းထဲက သင်ထားတဲ့ ပုစ္ဆာတွေ၊ အရေးကြီးတဲ့ ပုစ္ဆာတွေ ငါရွေးပေးမယ်’’ ဟု ဆိုလိုက်သည်။

သင်္ချာဆရာကြီးသည် မောင်ရစ်တို့၏ မှတ်စုစာအုပ်များထဲမှ ပုစ္ဆာများကို ကြည့်ရင်းပြောနေသည်။ “အင်း ဒီပုစ္ဆာက အခြေခံကို သိ မသိ စစ်ဆေးတာ။ လွယ်ပေမယ့် အခြေခံသဘောတရားက လေးနက်တယ်။ ဒါမျိုးဟာ သိသင့်တဲ့ သိသင့်တဲ့ပုစ္ဆာမျိုးပဲ။ ဟော… ဒီပုစ္ဆာကျတော့ ခက်တယ်။ ဒါမေမယ့် ဂဏန်းရှင်းတာတွေ သာ ရှုပ်ထွေးပြီး သဘောတရားမပါဘူးကွ။ အလကားပုစ္ဆာ၊ ဖယ်လိုက်။ ဒီပုစ္ဆာဟာ ကံစမ်းတာ သက်သက် ကွ၊ ကျက်ထားရင်ရမှာပဲ။ ဒါပေမယ့် သဘောတရားမပါဘူး။ ဒီလိုပုစ္ဆာတွေဟာ အတွေးအခေါ်ကို မတိုး တက်တဲ့အပြင် တိမ်းစောင်း စေတယ်ကွ။ ပယ်လိုက် …’’ ဤသို့ပြောရင်း ပုစ္ဆာတစ်ပုဒ်ချင်းကို ဝေဖန်၍ ရှင်းပြ ပြီးသည့် အဆုံးတွင်

“ကိုင်း … အရေးကြီးတဲ့ ပုစ္ဆာတွေငါ ရွေးပြီးပြီ’’ ဟု ဆိုလိုက်သည်။

မောင်ရစ်နှင့်ဖိုးတေတို့သည် ၀မ်းသာအားရ ယူကြည့်လိုက်ကြသည်။ သို့သော် …
မောင်ရစ် – ဆရာကြီးရယ် ကျွန်တော်တို့အတန်းထဲမှာ ပုစ္ဆာခုနှစ်ဆယ်လောက် သင်ထားတာ။ အခု ဆရာကြီးက ပုစ္ဆာခြောက်ဆယ်လောက် ရွေးထားတော့ ဘာထူးသလဲ ဆရာကြီးရယ် …

ဆရာကြီး – မင်းတို့ ဒီလိုမစဉ်းစားနဲ့၊ ငါရွေးပေးထားတာတွေဟာ ယေဘုယသဘောတရားတွေ အပေါ်မှာ အခြေခံထားတာကွ။ ဒီအထဲမှာ ကြယ်ပွင့်ပြထားတဲ့ ပုစ္ဆာရှစ်ပုဒ်လောက်ကိုသာသိထားရင် ကျန်တာတွေကို အလိုလိုတတ်သွားလိမ့်မယ်။ အရေအတွက်က များပေမယ့် သဘောတရားက နည်းနည်းပဲရှိတယ်။

မောင်ရစ်နှင့်ဖိုးတေတို့သည် ဆရာကြီးထံမှ ပြန်ထွက်လာကြသောအခါ အပြင်ဘက်တွင် ဆရာကြီး ၏သမီးနှင့်တွေ့သည်။

သမီး – ကိုကြီးရစ်တို့ ဖေဖေ့ဆီက စာမေးပွဲအတွက် အရေးကြီးတာတွေ လာမေးကြတာထင်တယ်။

မောင်ရစ် – ဟုတ်တယ်ဗျို့။

သမီး – အစ်ကိုကြီးတို့ကို တစ်ခုတော့ ပြောချင်တယ်။ စာမေးပွဲအောင်ချင်ရင် ဖေဖေရွေးပေးထားတဲ့ ပုစ္ဆာတွေကိုဖယ်ပြီး ကျန်တာတွေကို အလွတ်ကျက်သွားကြ။ သမီးကကိုယ်တွေ့။ ဖေဖေက အလကားပုစ္ဆာတွေဆိုပြီး ဖယ်ခိုင်းလိုက်တာတွေဟာ စာမေးပွဲမှာ တိုက်ရိုက်မေး တာချည်းပဲ။ မယုံရင်ကြည့်။

ဤသို့နှင့် စာမေးပွဲရက်သို့ ရောက်လာသည်။ မောင်ရစ်တို့ စာမေးပွဲဖြေပြီး ပြန်လာသောအခါ ကျောင်းအ၀တွင် သင်္ချာဆရာကြီးနှင့် တွေ့ကြသည်။

သင်္ချာဆရာကြီး – ဟေ့ မောင်ရစ်တို့ စာမေးပွဲဖြေနိုင်ကြလား။

မောင်ရစ် – ဟုတ်ကဲ့၊ အားလုံးဖြေနိုင်ပါတယ်။ ဤသို့ပြောပြီး မောင်ရစ်နှင့်ဖိုးတေတို့သည် ထွက်ပြေးကြသည်။

ဆရာကြီး – ဟေ့…ဟေ့ နေကြဦး၊ ငါ့ကိုမေးခွန်းပြကြဦးလေ။

ဤသို့ပြောပြောဆိုဆိုနှင့် မေးခွန်းကို ယူကြည့်လိုက်သည်။

ဆရာကြီး – ဟ ငါရွေးပေးထားတဲ့ မေးခွန်းတွေ တစ်ခုမှ မပါ ပါလားကွ။ မင်းတို့ကပြောတော့ ဖြေနိုင်တယ်ဆို။

မောင်ရစ်နှင့်ဖိုးတေ – ဟုတ်ပါတယ်။ ဆရာကြီးသမီးက ဆရာကြီးမရွေးဘဲ ဖယ်ထားတဲ့ ပုစ္ဆာတွေရွေးပြီး ကျက်ထားဆိုလို့ ဆရာကြီး ဖယ်ထားတဲ့ ဆယ်ပုဒ်ကို ရွေးကျက်သွားတာ တိုက်ရိုက်တိုးတော့တာပဲ။

အထက်တွင်ရေးသားခဲ့သော ကာတွန်းဇာတ်လမ်းသည် တကယ့်အဖြစ်အပျက်တစ်ခုအပေါ်မှီ၍ ကျွန်တော်ရေးသားပြီး ကျွန်တော့်သား မောင်ရစ်က သရုပ်ဖော်ရေးဆွဲထားသော ဇာတ်လမ်းဖြစ်သည်။ ထိုကာတွန်းဇာတ်လမ်းကို ပညာပေးစာစောင်တစ်ခုသို့ ပေးပို့လိုက်သည်။ ထိုစာစောင်၏ အယ်ဒီတာက ဤသို့ မှတ်ချက်ပေးလိုက်သည်။

ဆရာ၏ ဇာတ်လမ်းသည် အလွန်ကောင်းပါသည်။ ကောင်းလွန်းအားကြီး၍ မထည့်ရဲသဖြင့် ပယ်လိုက်ပါသည်။

ဤသို့မှတ်ချက်ပေးပြီး ထိုကာတွန်းဇာတ်လမ်းကို ပြန်ပေးလိုက်ပါသည်။

မဂ္ဂဇင်း၊ စာစောင်များသည် ကောင်းလျှင်လက်ခံ၍ ထည့်သည်ဟုသာ ကြားဖူးပါသည်။ ကောင်းလွန်း၍ ပယ်သည်ဟူသော အဖြစ်မျိုးကို အခုမှကြုံဖူး၊ ကြားဖူးခြင်းဖြစ်ပါသည်။ ဒါကိုအသာထားပါ။ ဤဇာတ်လမ်းသည် တကယ့်အဖြစ်အပျက်ကို မှီထားသည်ဟုဆိုခဲ့သည်။ မှန်ပါသည်။ ရေးထားသည့်အတိုင်း အတိအကျမဟုတ်သော်လည်း တကယ့်အဖြစ်အပျက်ကို မှီထားသည်ကမှန်ပါသည်။ တကယ့် အဖြစ်အပျက်မှာ ဇာတ်လမ်းထက်ပင် ကောင်းနေသဖြင့် ရေးသားရမှာတောင် တော်တော်အခက်တွေ့နေသည်။ တီထွင်ထားသော ဇာတ်လမ်းသည် ကောင်းလွန်း၍ အပယ်ခံရလျှင် ပို၍ကောင်းသော တကယ့် အဖြစ်အပျက်ဆိုလျှင် မည်ကဲ့သို့ဖြစ်လာနိုင်မည်ကို စိုးရိမ်မ ကင်းဖြစ်စရာ ဖြစ်နေသည်။ သို့သော်ရေးသား ဖော်ပြရန်သည် ကျွန်တော့်တာဝန်၊ ကျန်ကိစ္စရပ်များသည် အတွေးအမြင် အယ်ဒီတာ၏ တာ ၀န်ဖြစ်သည်။ တကယ့်အဖြစ်အပျက်မှာ ဤသို့ဖြစ်၏။

အချိန်မှာ ၁၉၉၃ ခုနှစ်၊ ကျွန်တော့်သမီးသည် ဒုတိယနှစ်ဂုဏ်ထူးတန်းကို အောင်မြင်ပြီး တတိယနှစ် ဂုဏ်ထူးတန်းသို့ တက်ရမည့်နှစ်ဖြစ် သည်။ ဒုတိယနှစ်ဂုဏ်ထူးတန်းကို ကံကောင်း၍ အောင်လာခြင်းဖြစ်သည်။ ဖြစ်ပုံမှာတစ်ခါတစ်ရံ အတန်းထဲတွင် သင်ကြားချက်များ မှား ယွင်းနေသည့်အခါ အမှန်ကိုသိအောင် သင်ပေးလေ့ရှိသည်။ စာမေးပွဲနီးလာသောအခါ သမီးက မေးသည်။

“ဖေဖေ စာမေးပွဲမှာ ဖေဖေသင်သလို ဖြေရမှာလား၊ အတန်းထဲမှာ သင်သလိုဖြေရမှာလား’’

ကျွန်တော်က ပြန်ပြောလိုက်သည်။

“စာမေးပွဲမှာ ဂုဏ်ထူးထွက်ချင်ရင် တတ်ဖို့၊ မတတ်ဖို့ထက် ပိုအရေးကြီးတာက ဆရာ့အကြိုက်ဖြစ်ဖို့ အမှတ်ပေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့ အရေးကြီးတယ်။ ဒါကြောင့် စာမေးပွဲအတွက်တော့ ဖေဖေသင်တာတွေကို မေ့ပစ်လိုက်ပြီး အတန်းထဲက ဆရာအကြိုက်ဖြစ်အောင် တစ်သ ဝေမတိမ်း အလွတ်ကျက်ဖြေတာပဲကောင်းပါတယ်’’

မှားကြားသည့်အတိုင်း တစ်သဝေမတိမ်း လုပ်ခဲ့ခြင်းကြောင့် စာမေးပွဲတွင် အောင်မှတ်တော့ရခဲ့ပါသည်။ သို့သော် ကံကောင်း၍ အောင်မှတ် ၀င်ရုံမျှသာ ရှိခဲ့ပါသည်။

ကျွန်တော်၏လေ့ကျင့်သင်ကြားမှုသည် မည်သည့်နေရာတွင် အောင်မြင်သည်ကိုတော့ မပြောနိုင်ပါ။ သို့သော် သေချာသည်မှာ စာမေးပွဲ ရှုထောင့်မှ ကြည့်လျှင် ဆုံးရှုံးခဲ့သည်မှာ ထင်ရှားပါသည်။

ဤသို့ဖြင့် တတိယနှစ်ဂုဏ်ထူးတန်းသို့ ရောက်ရှိလာပါသည်။ ထိုအချိန်တွင် လမ်းနှစ်လမ်းကို ရွေးရတော့မည်ဖြစ်သည်။ တစ်လမ်းမှာ အားလုံးကို တတ်မြောက်ရန်၊ အချိန်ကုန်လူပင်ပန်းခံရန်၊ နောက်တစ်လမ်းမှာ စာမေးပွဲနီးကာမှ ပုစ္ဆာဆယ်ပုဒ်လောက်ကို အလွတ်ကျက်ပြီး ဂုဏ်ထူးရနိုင်သည့် နည်းလမ်းဖြစ်ပါသည်။ ကျွန်တော်က တက္ကသိုလ်ပညာဟူသည် တတ်မြောက်ခြင်းသည် အရေးကြီးကြောင်းကို ဆို ဆုံးမပြီး၊ တတ်မြောက်ခြင်းကို ဦးစားပေးရန် ပြောကြားခဲ့သည်။

စာမေးပွဲနီးလာသောအခါ စာမေးပွဲအတွက် အရေးကြီးသည့် ပုစ္ဆာများကို ရွေးပေးရန်အတွက် သမီး၏ ကျောင်းစာအုပ်ကို ယူ၍ကြည့်မိသည်။ ထိုအခါတစ်နှစ်လုံးအနေဖြင့် သင်ထားသော ပုစ္ဆာခုနှစ်ဆယ် လောက် ရှိကြောင်းကို တွေ့ရသည်။ ထိုပုစ္ဆာ ခုနှစ်ဆယ်ထဲမှ အရေးကြီးသည်ဟု ထင်သော ပုစ္ဆာများကို ရွေးပေးလိုက်သောအခါ ဖြစ်ချင်တော့ ကျွန်တော်က တတိယနှစ် သင်္ချာဂုဏ်ထူးတန်းကို စောင့်ရန်တာဝန်ကျသည်။ သို့သော် စာမေးပွဲဖြေသည့် အခန်းမှာ ကွဲပြားသည်။ ကျွန်တော့်သမီးက ဓာတ်ခွဲခန်းအဆောက်အအုံခေါ်သောနေရာတွင် ဖြေရသည်။ ကျွန် တော်က ရာမညဆောင်ရှိ အခန်းတစ်ခန်းတွင် စောင့်ရသည်။

ကျွန်တော်၏ တာဝန်အရ မေးခွန်းများကို နာရီဝက်လောက်စော၍ ဖောက်ကြည့်လိုက်ရသောအခါ ကျွန်တော်ရွေးပေးထားသော ပုစ္ဆာတစ်ခုမှ မပါကြောင်းကို သိလိုက်ရသည်။ သို့သော် စာမေးပွဲစောင့်သူ၏ စည်းကမ်းကို စောင့်ထိန်းရခြင်းကြောင့် ကျွန်တော်သည် စာမေးပွဲခန်းမှ ဘယ်မှမထွက်ဘဲ နေခဲ့ရသည်။ ကျွန်တော့်သမီးသည် ကျွန်တော် ရွေးပေးထားသည့် ပုစ္ဆာများကိုသာကြည့်ထားလျှင် စာမေးပွဲကို လုံးဝဖြေ နိုင်မည် မဟုတ်ဟုလည်း စဉ်းစားမိသည်။ သို့သော် တစ်ဖက်တွင်လည်း  အခြေခံများကို တတ်မြောက် အောင်လေ့ကျင့်ပေးထားသဖြင့် အခြေအနေသိပ်မဆိုးနိုင်ဟုလည်း စဉ်းစားမိသည်။

စာမေးပွဲ ပြီးလျှင်ပြီးခြင်း အဖြေလွှာများကို အပ်ပြီး အိမ်သို့ အမြန်ဆုံးပြန်ခဲ့ရသည်။ သမီးအား စိုးရိမ် စိတ်ဖြင့် စာမေးပွဲဖြေနိုင်ရဲ့လားဟုမေးသော် သမီးက အေးအေဆေးဆေးပင်ဖြေနိုင်ကြောင်း ပြောသည်။ ဒါပေမယ့် သမီးကို ဖေဖေရွေးပေးထားတဲ့ ပုစ္ဆာတွေ တစ်ပုဒ်မှမပါဘူးနော်။ ဒါ တောင်ဖြေနိုင်သလားဟုမေး သော် သမီးက ဒါကတော့ ဖေဖေရယ် ဒီလိုအတွေ့အကြုံတွေ မဆန်းပါဘူး။ သမီးက ဖေဖေရွေးပေးထားကို ဂရုမှမစိုက်တာ။ သမီးက အားလုံးကိုပဲတတ်အောင်လုပ်ထားတော့ ဖြေနိုင်တာပေါ့ဟု ပြန်ဖြေလိုက်သည်။

ထိုအကြောင်းကို သင်္ချာဌာနဆရာများက သိသွားသောအခါ ပြောကြသည်။ ဟေ့… ကျောင်းသားတွေ စပေါ့ကောင်းကောင်းလိုချင်ရင် ဆရာ ဒေါက်တာ ခင်မောင်ဝင်းကို မေးကြ။ သူက ပုစ္ဆာခုနှစ်ဆယ်ထဲက ခြောက်ဆယ်ရွေးပေးတာတောင် တစ်ပုဒ်မှမပါအောင် ရွေးနိုင်တယ် ဘယ်လောက်တော်လဲ။

ဒေါက်တာ ခင်မောင်ဝင်း
အမှတ် ၁၂၃၊ ဇန်န၀ါရီ ၁၉၉၇ အတွေးအမြင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts