ကဗျာ
ဦးနန္ဒဝံသ (ကာရိုလိုင်းနား) – ပြောင်းလဲမှုကာလကြားက အမကြီးသဘောထား
ပြောင်းလဲမှုကာလကြားက အမကြီးသဘောထား
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
မတ်လ ၂၉၊ ၂၀၁၄
အော် ဆိုးလှတဲ့ တို့ မြန်ပြည်နိုင်ငံရေးလောက
တရားတော့ အတော်ကျဘို့ ကောင်းသား
မာယာများတဲ့ ခေါင်းဆောင်များရဲ့
ပြောင်းလဲခြင်းဆိုတဲ့ လှည့်ကွက်တွေအောက်
ပြည်သူထဲက တစ်ယောက်ဖြစ်တဲ့ အမကြီးတောင်
ဒုက္ခရောက်ရ ရှာတော့မှာပေါ့။
အမကြီးဘဝ
အ တော့ မအ ရှာပါဘူး။
ကျောချတော့ ဓားပြမှန်းသိခဲ့သား
အမျိုးချစ်တဲ့ စိတ်တွေထားလို့
ကိုယ့်ဘာသာဝင်များဘဲလေ
အုပ်ချုပ်ကြပါစေတော့ ဆိုပြီး
သူတို့ က ငြိမ်ဝပ်ပိ ဆိုတော့လည်း
ရိုးသားစွာနဲ့  ပိပိနေခဲ့တာ
နှစ်တွေတောင် အတော်ကြာနေပြီ။
နိုင်ငံက သေးသေး
အေးချမ်းတာလေး မြင်ချင်တော့
သင်းတို့ ကို သီးခံကာ ခွင့်လွှတ်
တိုင်းပြည်ဟာ ဖွတ်တက်နေပေမဲ့
သူများတွေနဲ့ ရောဖက်လို့ 
အမကြီးဟာ မဆူမပွက်ခဲ့ပါဘူး။
မဆလ ငညစ်ဆိုးတို့ ဘ၀ကနေ
နဝတ နအဖ စနစ်တွေနဲ့ 
နောက်ထပ်လဲ အုပ်ချုပ်ရေးအသစ်တစ်မျိုး
လူဆိုးကြီးတွေ အသွင်ပြောင်းကြတော့
အကြောင်းအမျိုးမျိုးရှာ
ကောင်းတာလေးတွေကြည့်
မျှော်လင့်ချက်အပြည့်
မိသားစုအတွက်ကြည့်အုံးဆိုတဲ့ အသိနဲ့ 
ရည်ရွယ်ချက်တွေ ထားရှိခဲ့ရှာတဲ့
မေတ္တာရှင် အမကြီး။
ပြောင်း ပြောင်း ပြောင်း၊
သင်းတို့ ဘဲ ပြောင်းနေကြ
ပြောင်းလဲနေတဲ့ ကာလ
ဘယ်လောက်တောင်မှ ကြာသွားသည် မသိ။
တတ်သိတဲ့ ဘ၀ပညာ
မသင်ရရှာတဲ့
နှမငယ်လေးတွေလဲ အိမ်မှာမရှိ
အရွယ်မရောက်ကြသေးခင်
ရွှေသူဌေးထင်ပြီး
သူတို့ ရဲ့လင်တွေနောက်
ပလတ်စတစ်အတူကောက်ဖို့ တဲ့
ပေါက်ချင်ရာပေါက် လိုက်သွားလေပြီ။
ညီတွေလဲ အဝေးတွေဆီ ထွက်ပြေး
ဘယ်ဆီထိ ရည်မျှော်တွေးကာ
ဝမ်းစာရေးအတွက်
ဘ၀ကို ပေးဆက်နေရှာကြပါလိမ့်။
အခုခေတ် ကမ္ဘာရဲ့ အမှောင်စီပွားရေးမှာ
ရှေ့ တန်းကတောင် တစ်ပြေးနေဆဲဖြစ်တဲ့
လူကုန်ကူးစနစ်ထဲ ဂန်တူးတွေအဖြစ်
မထူးဇာတ်တော့ ခင်းပစ် မသွားကြပါစေနဲ့ ။
ရိုးသားလှတဲ့ အမကြီးလေ
နိုင်ငံရေးအပြောင်းအလဲတွေကြား
ရှက်တတ်ခြင်း ဆိုတဲ့ ယဉ်ကျေးမှုတရားကို
မတတ်သာ ဘေးမှာချိတ်ထားလေလား
အသိက တဆင့်ပါးလိုက်တဲ့ ရင်နင့်ဖွယ် စကား
စဉ်းစားသာကြည့်ပါ မျိုးချစ်ပုဂ္ဂိုလ်ကြီးများရယ်တို့။
မောင်ကြီးရေ….
ကြပ်တည်းလှတဲ့ စားဝတ်နေရေး
အဆင်ပြေသလိုနဲ့  ဘ၀ကို ကိုက်ညှိပေးဖို့ 
အရွယ်လေးများတင်ရှိ နေတုန်း
ရွာဦးကဘုန်းဘုန်းကို ဆွမ်းကျွေးပြီး
မှတ်မိသေးလား မောင်အလယ်ပြန်လာတုံးက
ထိခြင်းငါးဝနဲ့  ဦးတစ်ကြိမ်တောင် မချပေမဲ့
အမဲခြောက်တစ်ပုံး လက်ဆောင်ပေးလိုက်တဲ့လူ
တို့နယ်ဘက်မှာ သားသတ်လိုင်စင်ရထားသူနဲ့ 
အမကြီးလေ…ယောက်ျားယူဘို့ 
ဘာသာမတူတူ ဆုံးဖြတ်လိုက်ပြီ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts