သတင်းဆောင်းပါး

နေလင်းညီ – ၁၀တန်းစာမေးပွဲ ပြင်ပဖြေစနစ် လမ်းဖွင့်ပေးသင့်ပြီ

၁၀တန်းစာမေးပွဲ ပြင်ပဖြေစနစ် လမ်းဖွင့်ပေးသင့်ပြီ

နေလင်းညီ၊ မတ် ၂၈၊ ၂၀၁၄

၂၀၀၇-ခုနှစ်တွင် မွန်မွန်(အမည်လွှဲ)သည်  တက္ကသိုလ်ဝင်တန်းကို အောင်မြင်ကာ ဆေးတက္ကသိုလ် (၁) သို့ တက်ရောက်ခွင့် ရခဲ့သည်။ ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ အမည်ကျော်အထက်တန်းကျောင်း တစ်ကျောင်းမှ အောင်မြင်လာခဲ့ခြင်းဖြစ်သည်။ ၁၀-တန်းနှစ် တစ်နှစ်လုံးတွင် ထူးထူးချွန်ချွန် အောင်မြင်ရေးအတွက် အမှန်တကယ်လိုအပ်သော ကြိုးစားအားထုတ်မှုကို ပြုလုပ်ခဲ့ရသလို၊ အမှန်တကယ် မလိုအပ်ပါပဲလျက် အဓိပ္ပါယ် မရှိသော စည်းမျဉ်းတစ်ခုကြောင့် ဝဋ်ကြွေးဆပ်ရသည့်နှယ် ပင်ပန်းဆင်းရဲမှုလည်း ကြုံခဲ့ရသည်။

စာကို တကယ်ဖိဖိစီးစီးသင်သော ကျုရှင်သို့ အမောတကော ပြေးပြေးလွှားလွှား အားကြိုးမာန်တက် တက်ရောက်ခဲ့ခြင်းမှာ ‘လိုအပ်သောကြိုးစားအားထုတ်မှု’ ဖြစ်သည်။ စာကို ဟုတ်တိပတ်တိ သေသေချာချာလည်း မသင်ပါဘဲလျက် ကျောင်းခေါ်ချိန်ပြည့်ရေးအတွက် ဟန်ဆောင်ပန်ဆောင် ဝတ်ကျေတန်းကျေ အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး တက်ရောက်ခဲ့ရခြင်းမှာ ‘မလိုအပ်သော ပင်ပန်းမှု’ ဖြစ်သည်။ကျောင်းဆင်းလာသည်နှင့် ကျုရှင်သို့ တန်းပြေးရသည်။ မိဘများက ကားအကြိုအပို့အတွက် သက်သက်မဲ့ ငွေအကုန်ခံကြရသည်။ကျောင်းပြီးလျင် ကျူရှင် ၊ ကျူရှင်ပြီးလျင် ကျောင်းဖြစ်နေတော့ အားကစားလုပ်ဖို့ အချိန်၊ ပြင်ပဗဟုသုတ နားစွင့်ဖို့အချိန်၊ နားနားနေနေ အေးအေးချမ်းချမ်း နေရဖို့အချိန်များ လွင့်ပါးပျောက်ကွယ်ကုန်၏။

မွန်မွန်သည် ဆယ်တန်းကို ဂုဏ်ထူး ၅-ဘာသာဖြင့် အောင်မြင်၏။ဆေး(၁)တွင် မွန်မွန့်လိုပဲ တက်ရောက်ခွင့်ရခဲ့သူ အခြားမိန်းခလေးတစ်ဦးမှာ နယ်မှ အိအိ(အမည်လွှဲ)ဖြစ်သည်။

ကျောင်းဝင်မှတ်တမ်းများကို သိလိုက်ရသောအခါ မွန်မွန် တစ်ယောက် အံ့သြဝမ်းနည်းခြင်းများ ခံစားလိုက်ရတော့သည်။

အကြောင်းမှာ အိအိသည် မွန်မွန်တက်ရောက်ခဲ့သော အထက်တန်းကျောင်းမှ ၁၀-တန်းကို ဖြေဆိုအောင်မြင်ခဲ့သည်ဟု ဖေါ်ပြထားလို့ ဖြစ်သည်။ အမှန်တော့ အိအိသည် ထိုကျောင်းတွင် ဘယ်သောအခါကမျှ တက်ရောက်သင်ကြားခဲ့ခြင်း မရှိပေ။မွန်မွန်တို့၏ ကျောင်းအုပ်ဆရာမကြီး (သို့မဟုတ်) လုပ်ပိုင်ခွင့်ရှိသူတစ်ဦးဦးသည် အဂတိလိုက်စားပြီးလျှင် အိအိကို ကျောင်းခေါ်ချိန်အတွက်အပင်ပန်းခံ၊ အချိန်ကုန်ခံစရာ မလိုပဲ ကျောင်းတွင်စာရင်းသွင်းပေးခဲ့ခြင်းဖြစ်သည်။ အိအိသည် အချိန်ကိုက် ကျုရှင်တက်လိုက်၊ စာကျက်လိုက်ဖြင့် အေးအေးချမ်းချမ်း နားနားနေနေ ကြိုးစားခွင့်ရခဲ့သည်။ လာဘ်ပေးလာဘ်ယူပြုကာ မတရားသောနည်းဖြင့် အခွင့်အရေးတစ်ခုကို ယူခဲ့ခြင်းဖြစ်သည်။ ဒါမျိုးတွေကို မွန်မွန် ယခင်ကကြားခဲ့ဖူးသော်လည်း၊ ယခုတော့ ကိုယ်တွေ့ကြုံလိုက်ရခြင်း ဖြစ်သည်။အံ့သြ ဝမ်းနည်းသွားရသည်။

ပညာရေးလောကတွင် အခြားသော နည်းမျိုးစုံဖြင့် အဂတိလိုက်စားမှုများ အကြီးအကျယ် ရှိနေကြောင်းတော့ မွန်မွန် တစ်ယောက် သေသေချာချာ မသိသေးပေ။

စစ်အာဏာရှင် တစ်ခေတ်တွင် ပညာရေးဆိုင်ရာ အဟောသိကံဖြစ်မှုများစွာအနက် ဆယ်တန်းစာမေးပွဲကို အမှီပြုလျှက် ဂုတ်သွေးစုပ် အမြတ်ထုတ်မှုများလည်း ပါဝင်သည်။ ၁၉၈၈ အရေးအခင်း မတိုင်မီအထိ ၉- တန်းအောင်ထားသူအဖို့ ဆယ်တန်းကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ရှိခဲ့သည်။၁၉၉၀-နောက်ပိုင်းတွင်မူ တက္ကသိုလ်ဝင် စာမေးပွဲကို ပြင်ပဖြေအဖြစ် ဖြေဆိုရန် ကန့်သတ်မှုများ လုပ်လာသည်။

(၁) အခြေခံပညာအထက်တန်း တက္ကသိုလ်ဝင် စာမေးပွဲကို အနည်းဆုံး ၁-ကြိမ် ဖြေဆိုပြီးသူများ

(၂) အကြောင်း အမျိုးမျိုးကြောင့် ကျောင်းဆက်လက်တက်ရောက်နိုင်ခြင်းမရှိဘဲ နဝမတန်း (ပြင်ပဖြေ)ဖြင့် အောင်မြင်သူများ

(၃) နဝမတန်း အောင်မြင်ခဲ့ပြီး တစ်နှစ်ခြားပြီးသူများ …

ထို (၃)မျိုးကိုသာ ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုတော့၏။

ထိုကန့်သတ်ချက်အရ ၉-တန်း အောင်မြင်ထားသူသည် အထက်တန်းကျောင်းတွင် အနည်းဆုံး ၁-နှစ် နေ့ကျောင်းသားအဖြစ် တက်ရောက်ရမည်ဖြစ်သည်။ သူတို့နှစ်တက်သမားတွေကို ဆယ်တန်းစာမေးပွဲ  ပြင်ပဖြေ အဖြစ် ဖြေဆိုခွင့်မပြုပေ။

      ဆယ်တန်းပညာရေး၏ပြသနာမှာ ဂျာအေး သူ့အမေရိုက် ဆိုတာလိုဖြစ်နေသည်။ကျောင်းတွေမှာ ဖိဖိစီးစီး သေသေချာချာ သင်ကြားမှု မရှိခြင်းကြောင့် ကျောင်းသားကျောင်းသူတွေက ကျူရှင်တွေ၊ ဝိုင်းတွေ၊ ဘော်ဒါကျောင်းတွေကို အဓိကအားထားပြီး တက်ရောက်ကြရသည်။ငွေကြေး ချို့တဲ့သဖြင့် ကျူရှင်တွေ၊ ဝိုင်းတွေ၊ ဘော်ဒါကျောင်းတွေကို မတက်နိုင်သော ဆင်းရဲသား၊ နင်းပြားများမှာ နူရာဝဲစွဲ ၊ လဲရာသူခိုးထောင်း ဆိုတာလို နစ်နာဆုံးရှုံးကြရသည်။ အချို့မိဘတွေကတော့ ကြွေးတင်ခံပြီး သို့မဟုတ် ရှိတာမှန်သမျှ ရင်းပြီး ဝိုင်းတွေ ထားပေးကြသည်။

         ကျောင်းတွေမှာ ဆရာ ဆရာမတွေကကော ဘာကြောင့်များ ဖိဖိစီးစီး မသင်ကြပါလိမ့်။ သင်ကြားမှု အရည်အချင်းလည်းရှိပြီး၊စေတနာလည်းပါသော ဆရာ ဆရာမများ အတော်ပင် ရှိခဲ့သည်။ယခုလည်း အသင့်အတင့် ရှိနိုင်သည်။သို့သော် လစာနှင့် ရပိုင်ခွင့်များ နည်းလွန်းသည်။ လစာက လစာ မဟုတ်ပဲ ရက်ပိုင်းမျှသာ အသုံးခံသော ရက်စာဖြစ်သွားသည်။ထို့ကြောင့် မသမာသောနည်းဖြင့် ငွေ မရှာလိုသော၊ ကိုယ်ကျင့်သီလ ထိန်းသိမ်းလိုသောဆရာ ဆရာမများမှာ အနှေးနှင့်အမြန် အလုပ်ထွက်ကြ၏။ မိုးခါးရေ သောက်သူတွေ အများစု ဖြစ်လာသည်။ဆရာ ဆရာမများကိုသင်ကြားရေးစွမ်းရည် မြှင့်တင်ပေးပြီး၊ သင်ကြား ရေးကိုသာ အဓိကထား စွမ်းဆောင်စေရမည်ဖြစ်ပါလျက် ဂိတ်ပေါက်စောင့်ခိုင်းခြင်း၊တယ်လီဖုန်း အော်ပရေတာ

လုပ်ခိုင်းခြင်း၊ အိမ်သာ ရှာဖွေစစ်ဆေးစေခြင်း စသော ထွေလီကာလီ ဗြုတ်စဗြင်းတောင်း အလုပ်များကို အာဏာဖြင့် လုပ်ဆောင်စေခဲ့သည်။ ဘုန်းကြီးကို မီးဖိုချောင်မှာ ချက်ပြုတ်ခိုင်းသလို ဖြစ်နေသည်။အနန္တ ငါးပါး ဂိုဏ်းဝင်တွေကို ချိုးနှိမ်နင်းချေခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနရှိ အရာရှိကြီးတွေမှာ တပ်မတော်မှလာသူများ၊သို့မဟုတ် စစ်တပ်အလိုကျ မျက်စေ့မှိတ်လုပ်မည့် သူများသာ ဖြစ်နေခဲ့၏။ ပညာရေးဝန်ထမ်းအချို့၏ ညစ်လုံးတွေကလည်း စုံလှသည်။ ဒါကို မခံမရပ်နိုင်လှသောကျောင်းသားမိဘ တစ်ဦးက ထိုသို့ ဆို၏။

“ကျုပ်တို့က ဆရာ ဆရာမတွေကို ခုထိ လမ်းမှာတွေ့ရင်၊ လက်အုပ်ချီ ကန်တော့တုန်းပဲ။ နောင်တစ်ခေတ်မှာတော့  လက်နဲ့ မကန်တော့ပဲ ခြေနဲ့များ ကန်တော့ကြမလား မသိပါဘူးဗျာ။”

ကာတွန်းဆရာ တစ်ဦးကတော့ ဆရာမတစ်ဦး စကာပြောနေပုံကိုဆွဲပြီး သရော်ထား၏။

”ကျုပ်တို့ကတော့ စေတနာ၊ ဝါသနာ၊ အနစ်နာ … နာ သုံးနာကို မစဉ်းစားအားပါဘူး။ ရှာ သုံးရှာပဲ စဉ်းစားနေရတာ။ ကျူရှင်ကျောင်းသားကို ရှာရတယ်။ ရန်ပုံငွေ ရှာရတယ်။ ရာထူးတက်ဖို့ အခွင့်အလမ်းကို ရှာရတယ်။”

ပညာရေးနှင့် ပတ်သက်ပြီး ဒဲ့တိုးပြောတတ်သူ တစ်ဦးကမူ …

“သရက်သီး စားချင်လို့ သရက်ပင် စိုက်တာဗျာ။ သရက်သီး မသီးမှတော့ ဒီအပင် ခုတ်လှဲလိုက်ရုံပေါ့။ စာကို သေသေချာချာ မသင်တဲ့ကျောင်းတွေများ ဘာလို့ ဟန်ဆောင်ပန်ဆောင် ဖွင့်ထားပါလိမ့်နော်။”

အာဏာတည်မြဲရေး တစ်ခုတည်းကိုသာ အဓိကထားပြီး ၊ညံ့ဖျင်းသော၊ အမြော်အမြင် ကင်းမဲ့သော စီမံခန့်ခွဲအုပ်ချုပ်ပုံများသည် ပညာရေးနိမ့်ကျမှုကိုဖြစ်စေကြောင်း ပညာရေးသုတေသီတစ်ဦးက ဖွင့်ဟခဲ့၏။ ဝိုင်းတွေ၊ ကျူရှင်တွေ၊ ဘော်ဒါကျောင်းတွေက ၁၀-တန်းfresher များအတွက် အထက်တန်းကျောင်း တစ်ခုခုတွင် ကျောင်းခေါ်ချိန်ပြည့်နေစေရန် အပေးအယူ အညှိအနှိုင်း လုပ်ကြရသည်။ထိုသူများအနက် အချို့၏ ဝင်ငွေမှာ အလွန်များပြား၏။ တနိုင်ငံလုံး အတိုင်းအတာနှင့်ကြည့်လျှင် အလွန်ကျယ်ပြန့်ကြီးမားသော အဂတိဈေးကွက်ကြီး ဖြစ်နေသည်။

ယခုနောက်ပိုင်း ပုဂ္ဂလိက အထက်တန်းကျောင်းတွေက ကျောင်းခေါ်ချိန်အတွက် မပူပင်ရဘဲ ဝင်ခွင့် ဖြေဆိုစေနိုင်၏။ သို့သော် ကျောင်းလခတွေက ခေါင်ခိုက်နေသဖြင့် လူဆင်းရဲတွေ မပြောနှင့်၊ လူ လတ်တန်းစားတွေပင် အနား မကပ်နိုင်။ ချမ်းသာသူတွေ သို့မဟုတ် ရှိသမျှလေး အရဲစွန့်ရင်းမည့်သူများအဖို့သာ သီးသန့် ဖြစ်နေ၏။ ဆယ်တန်း fresher တက်နေသော ပညာဒါနကျောင်းရှိ ဆင်းရဲသားကလေးတွေ အဖို့မူ အထက်တန်းကျောင်း တစ်ခုခုတွင် ကျောင်းခေါ်ချိန် မရှိသဖြင့် ဆယ်တန်းဖြေဆိုခွင့်များ ဆုံးရှုံးခဲ့ကြရ၏။

တော်ကြပါတော့။

မြေနိမ့်ရာ လှံစိုက်တာ ဆက်မလုပ်သင့်တော့ပါ။ စင်ကာပူတွင် သွာရောက်လုပ်ကိုင်ခဲ့ဖူး သော မိတ်ဆွေတစ်ဦးကတော့ ထိုသို့ ဆိုပါ၏။

“GEC စာမေးပွဲတွေ  LCCI တွေတောင် စာမေးပွဲ ဝင်ကြေးသွင်းနိုင်ရင် ဖြေခွင့် ပေးတာပဲ။ ဆယ်တန်းစာမေးပွဲကိုလည်း ၉-တန်း အောင်ထားသူမှန်သမျှ ဘယ်သူက သင်သင်၊ဘယ်နေရာမှာ သင်သင်၊ သူ့ဖာသာသူပဲ လေ့လာ လေ့လာ ဖြေခွင့်ပေးသင့်တယ်။ ၉-တန်း မအောင်ရင်တောင် အရည်အချင်းရှိလို့ ဖြေချင်သပဆိုရင် ဖြေခွင့်ပေးဖို့ စဉ်းစားရအုံးမှာ။ ၁၀-တန်းအောင် ဘွဲ့ရပေမဲ့ အလုပ်အကိုင် အခွင့်အလမ်းရှိဖို့နဲ့ ရတဲ့ဘွဲ့ကို တကယ် အသုံးချနိုင်ဖို့ အရေးကြီးလာပါပြီ။ဖွံ့ဖြိုးပြီးနိုင်ငံတွေကြည့်ရင် သဘောပေါက်မှာပါ။ စင်ကာပူမှာ ဘွဲ့ကြီးကြီးရပေမဲ့ အသုံးမချတတ်လို့ ယောင်ဝါးဝါးဖြစ်နေသူတွေတောင် တွေ့ဖူးပါတယ်။အချိန်ကုန် လူပန်းတဲ့ ပညာရေးကို စွန့်လွှတ်သင့်ပါပြီ။ ကျုပ်တို့ ဦးလေးတစ်ယောက်ဟာ ဘုန်းကြီးလူထွက်ပဲ။ အလွတ် ပညာသင်ကျောင်းမှာ ၉-တန်းအောင်လက်မှတ် ဝယ်ပြီး၊ ၁၀-တန်းဖြေတာ အောင်တာပဲ။ ကဲ… ဘာပြောမလဲ။”

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts