နှိုင်းရကိန်းအောက်
သုံညများရဲ့ ပုံရိပ်စစ်တွေ
ငါ့မျက်စိမှာ တွဲခိုနေတယ်။
ပင့်သက်ဟာ
လည်ပင်းကို လှည်းနင်းခံရသလို
တအီအီ တစီစီ။
လူ ညှိလို့ 
“ဤ” ကို “ကျွဲ “
အော်သူတွေ အော်။
အုတ်လှငယ်ရေ…
ဂျော်ဒန်ဗလျှူရှိုနိုရေ…
သစ္စာစောင့်နဲ့ သစ္စာဖောက်
သူတို့ သိအောင်
သင်တန်းပေးခဲ့ပါဦးကွာ။
ဘလူးတပ်ဗ်ကိုတော့
ဆီဇာရဲ့ ယုံကြည်သူစာရင်းက
ထုတ်နုတ်ခွင့် ပေးလိုက်ပါကွာ၊
ဆီဇာ အသိနောက်ကျသလို
ဒို့ တွေလဲ အသိမနောက်ကျစေချင်ဘူး။
အုတ်လှငယ်ကို
ငါတို့  အလေးပြုသင့်တယ်၊
ဂျော်ဒန်ဗလျှူရှိုနိုကိုလဲ
အတုယူသင့်တာပဲ။
ကောင်းတာသိလဲ
မတု၊ မယူ၊ မကျင့်၊ မသုံး
ဒီလူတွေကြောင့်
ကမ္ဘာဟာ ၂၃ ၁/၂ ဒီဂရီ စောင်းခဲ့သလား
တွေးနေမိပါရဲ့။
ဆင်းရဲခြင်း၊ ချမ်းသာခြင်း
ဒီ ၂ မျိုးလုံးဟာ လောကဓံ၊
ဆင်းရဲခြင်းမှာ အံကြိတ်နိုင်သမျှ
ချမ်းသာခြင်းမှာ အလံဖြူလွှင့်ကြ
ဒါဟာ သာမန်ထက်မပိုတဲ့ လူ့ ယဉ်ကျေးမှု။
ရူပီး ထောင်ထုပ်
သိက္ခာ၊ ရိက္ခာ မလဲခဲ့တဲ့
ဘိုး သခင်ကိုယ်တော်မှိုင်းကို
အားကျ တုယူရဲပါစေ။ ။