ရသဆောင်းပါးစုံ အုန်းနိုင်

အုန်းနိုင် – စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ (၉)

မတ်လ ၁၉၊ ၂၀၁၄

 

● ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦး

ဒီရွေးကောက်ပွဲအကြိုရက်တွေမှာ အထက်ဖက် ချောက်မြို့နဲ့ ဆိပ်ဖြူ မဲဆန္ဒနယ်တွေမှာ အရွေးခံမယ့် ဆရာဝန်ကြီး ဒေါက်တာညွန့်စိန်နဲ့ ဦး စိုးဝင်းတို့ သူတို့မဲဆန္ဒနယ်တွေကိုအသွား ပေါင်းတည်မှာကားပျက်ပါတယ်။ သူတို့ကားပေါ်မှာ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင် ဆွေနဲ့ အင်းစိန်မဲဆန္ဒနယ်မြေက ကိုယ်စားလှယ်လောင်း သတင်းစာဆရာ ဦးစိန်လှဦးတို့လည်းပါတယ်။ သူတို့ကားက ကျနော်နေတဲ့ ပေါင်း တည်အဖွဲ့ချုပ်ရုံးလည်းရှိတဲ့ ၃၇ လမ်းက ကားဝပ်ရှော့မှာ လာပြင်ပါတယ်။ ကျနော်က ညနေဆိုရင် မှတ်တိုင်လမ်းက အမအိမ်မှာ  ထမင်းသွား စားရင်း ရုံးဘက်လှည့်ဝင်တော့ ရုံးဖွင့်တဲ့အိမ်က ပြောတယ်။

 

ရန်ကုန်ကဧည့်သည်တယောက် ကားပျက်လို့ ဦးစံအောင်ဝပ်ရှော့မှာပြရင်း ရုံးဆိုင်းဘုတ်ကြည့်ပြီးဝင်လာတယ်လို့ပြောလို့ စုံစမ်းကြည့် လိုက်တော့ ရန်ကုန်ကလာတဲ့ ကိုယ့်အဖွဲ့တွေမှန်း သိရပါတယ်။ ဒီတော့မှ ညလည်းရောက်နေပြီမို့ ကားကို အမခြံထဲထိုးခိုင်းပြီး အမအိမ် အပေါ်ထပ်မှာပဲ ညအိပ်ဖို့ စီစဉ်ရတယ်..။

 

သူတို့အဖွဲ့ အဲဒီနေ့ည စားသောက်ပြီး အိပ်ကြတာပေါ့။ နောက်နေ့ကျတော့  ရုံးကိုဖိတ်ပြီး ဒီမှာလုပ်နေတာတွေပြောပြရင်း သူတို့အထဲက  ဗဟိုက စီအီးစီတယောက်လည်းပါတာကြောင့် မြို့နယ်စည်းကော်မတီနဲ့ မိတ်ဆက်ပြီး   ရုံးတွင်းဟောပြောပွဲလေး  လုပ်ဖြစ်ပါတယ်။ နောက်  ကျနော့်အိမ်လိုက်လည်ရင်း အိမ်မှာချိတ်ထားတဲ့ဓာတ်ပုံတွေအရ  ၁၉၅ဝ ခုနှစ်နဲ့ ၁၉၆ဝ ခုနှစ်အတွင်း တက္ကသိုလ်ကျောင်းလှုပ်ရှားမှုများမှာပါခဲ့ဖူးကြောင်းနဲ့  ဗဟိုက ဒေါ်မြင့်မြင့်ခင်တို့ မုံရွာ ဦးတင်ရွှေ၊ ဦးတင်ထွတ်၊ ဦးစိုးသိန်း (မောင်ဝံသ) တို့နဲ့လည်း သိကျွမ်းတဲ့အကြောင်း  သိ ရတော့ ပိုမို ရင်းနှီးသွားတယ်။

 

သူတို့ကားကလည်း တရက်နဲ့ပြင်လို့ မပြီးပါ။ ဦးစိုးဝင်းက လေလံဆွဲရတဲ့ ရေနံရိုဗာကားကို ဒီအတိုင်းမောင်းလာတာဖြစ်လို့   ပေါင်းတည်ဝပ် ရှော့မှာ  အတော်ဖြုတ်ရ ပြင်ရပါတယ်။ အင်ဂျင်ပိုင်းကပစ္စည်းတခုလိုလို့   ပြည်မြို့ကိုသွားပြီး  ဝယ်ပေးရပါသေးတယ်။ အဲဒီရက်အတွင်းမှာ တော့ ဦးစိန်လှဦးနဲ့  ဦးခင်မောင်ဆွေတို့က သိပ်မဝေးတဲ့ စည်းရုံးရေးခရီးများကို လိုက်ကြပါတယ်။

 

ကျနော်တို့မြို့ရဲ့ အဖွဲ့ လိုက်လှုပ်ရှားမှု၊ ကျေးရွာတွေမှာ အဓိကထားပြီး တင်ပြဆွေးနွေးကြတဲ့အချက်တွေကိုလည်း  သဘောကျကြပါတယ်။ ဒီပြင်တော့ သူတို့ကလည်း တတ်သိအုပ်စုကဖြစ်ပြီး ကျနော်တို့မြို့နဲ့အဖွဲ့မှာ မျိုးချစ်တွေ ခြေမရှုပ်နိုင်ဘူးဆိုတာ သိသွားရတော့လည်း ကျေနပ် ကြပါတယ်။ ကျနော်တို့ကလည်း မမျှော်လင့်ပဲ ဗဟိုအလုပ်အမှုဆောင်ထဲက ကိုယ့်အဆက်အနွယ်တွေကို သိကျွမ်းခွင့်ရလို့ ဝမ်းသာမိပါ တယ်။

 

သူတို့  ကားပြင်ပြီးလို့   ခရီးဆက်ထွက်တော့မယ်ဆိုတော့ ရုံးမှာနှုတ်ဆက်လက်ဖက်ရည်ပွဲလေးတခုလုပ်ပြီး   ငွေခမောက်ရင်ထိုးကလေးများ  လက်ဆောင်ပေးလိုက်နိုင်ပါတယ်။ မြို့ နယ်စည်းကော်မတီဝင်တဦးဖြစ်တဲ့ ဘုရားကြီးလမ်းက ပန်းထိမ်ပညာရှင်ဦးတင်ဦး (ကွယ်လွန်)  ရဲ့ အမှတ်တရလက်ရာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts