ကွန်ကရစ်တောထဲက သားကောင်း၊ လှောင်ချိုင့်ထဲက ချိုးငှက် – အခန်း (၃၀)

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
မတ်လ ၁၇၊ ၂၀၁၄

 

အချိန်လေးတွေ တိုးပြီးဖွင့်ပေးလာတော့  ရှေ့တိုက်နောက်တိုက် စကားတွေပြောလို့ ရလာသည်။ မနက်တန်းဖွင့်ကနေ နေ့လည် ၁၁နာရီထိုးအထိ တချိန်၊ ၁၁နာရီ အခန်းထဲပြန်ဝင်ပေးရသည်။ တာဝန်ကျ ဝန်ထမ်း အပြင်သို့ထွက်ချိန် လူစားတယောက် ဝင်လာ ပေးသည်။ အကျဉ်းသားတွေကတော့ တိုက်ခန်းထဲသောပိတ် တချို့လည်း အနားယူ တချို့လည်း လုပ်စရာ တခုခုလုပ်ရင်း နေ့လည် အချိန်ကို ကုန်လွန်စေသည်။ နေ့လည် ၂နာရီထိုးတော့ ညနေပိုင်းကို၅နာရီအထိဆက်ဖွင့်ပေးသည်။ ဒီလို အခွင့်ရေးတိုးရလာချိန်မှာ ရှေ့တိုက်မှ ကိုဇော်ဇော်အောင်က လာရောက်မိတ်ဆက်သည်။ 

 

သူ့ကိုက သေချာမှတ်မိနေသည်က အဖြစ်အပျက်တခုကြောင့်ဖြစ်သည်။  သာယာဝတီထောင်ကိုရောက်ပြီးစ အရှေ့တိုက်အနောက်တိုက် စကားပြောခွင့်မရ။ အဝေးက မသိမသာ လှမ်းလက်ပြဖို့ပင် တားမြစ်ထားပုံရသည်။ ရောက်ပြီး ၂ရက်မြောက်ညခင်းမှာ တိုက်ခန်း တခန်းချင်းစီမှာ အနောက် လေဝင်ပေါက် ရှိသည်။ ထိုလေဝင်ပေါက် လူ၂ရပ်ခန့်မြင့်သော အထက်ဖက်တွင် ဖေါက်ထားခြင်းဖြစ်သည်။ထို လေဝင်ပေါက်ကို ရောက်ဖို့အတွက် တယောက်က မတ်တပ်ရပ်ပေးရသည်။ ထိုမတ်တပ်ရပ်သူ ပခုံးအထက် မတ်တပ်ရပ် ၂ယောက်ဆင့် အနေထားရှိမှ ပြတင်းလေဝင်ပေါက်ကို ရောက်မည်။ထိုစဉ်က လူ၂ရပ်ခန့်မြင်သော့ ပြတင်းမှ ဟေး ဆိုသော လှမ်းအော်ခေါ်သံနှင့် အနောက်တိုက် လူများကို လှမ်းနှုတ်ဆက်သော မြင်ကွင်းကိုမှတ်မိနေသည်။

 

အခု အချိန်တိုးဖွင့်တော့ ရှေ့နောက် စကားပြောလို့ အဆင်ပြေလာသည်။ အရေးအခင်းကာလ ဒိုက်ဦး သပိတ်သို့ သူ ရောက်ခဲ့ပုံကို မှတ်မှတ်ရရ လာ ပြောပြ သည်။ထိုစဉ်က ဒိုက်ဦးသပိတ်စခန်း၌ ထူးထူးခြားခြား ထင်ထင်ရှားရှား ဖြစ်ပျက်ခဲ့သည့် ကိစ္စမို့ ကိုယ် တွေကလည်း  မမေ့မပျောက် စိတ်ထဲစွဲလျှက် ။

 

“ထွန်းရီ လေ ကျနော်တို့ ဒိုက်ဦးရောက်တဲ့ရက်မှာ သူ့ကိုဖမ်းထားတာ လက်ပစ်ဗုံးတွေမိလို့ ”

 

သူပြောသောဇာတ်လမ်းက တကယ် ဒိုက်ဦးမှာ ဖြစ်ခဲ့သည်။ ရှေ့အခန်းတခုမှာ ဒီအကြောင်းကိုနဲနဲရေးဖြစ်ခဲ့သေးသည်။ ထိုစဉ်ကတော့ ထွန်းရီအကြောင်မဟုတ်။ ရေးဖြစ်သူက နာမည်က မြင့်နိုင်။ မြင့်နိုင် ကိုလက်ပစ်ဗုံးနှင့်အတူ ပရိသတ် သောင်းချီရှိသော လူထု အစည်းဝေးတွင် ဖမ်းမိခြင်းဖြစ်သည်။ မဆလ အာဏာရူးတို့၏ အာဏာလက်မလွှတ်ရေး ကြိုးပမ်းမှု တစိတ်တဒေသဖြစ်သည်။ ဒီလောက်များသည့် ပရိသတ်တွေထဲ လက်ပစ်ဗုံးပစ်သွင်းမည့် အင်မတန် ရူးမိုက်သော အလုပ်ကို လုပ်မည့်ဆဲဆဲ ဖမ်းမိခြင်းဖြစ်သည်။ သူကိုမိပြီး တဆက်တည်း နောက်ထပ်လက်ပစ်ဗုံး ရှိမည့်သူ တာဝန် ပေးအပ်ထားခြင်းခံရသော သူတို့ကို ဆက်လက် ဖော်ထုတ် သည် ထိုဖော်ထုတ်ချက်အရ လက်ပစ်ဗုံးတွေ လူတွေကို သပိတ်စခန်းက ဖမ်းမိ သိမ်းဆည်းမိသည်။ ထွန်းရီက ထိုထဲမှ တယောက်။ ထိုအကြောင်းကို ဇော်ဇော်အောင် မှတ်မိနေသည်။

 

စရောက်ကတည်းက အားပေးစကားပြောချင်ကြောင်း ပြောခွင့်မသာလို့ ရသလို လှမ်းနှုတ်ဆက်ရကြောင်းကိုသူရှင်းပြသည်။  သူနှင့်အတူ တခန်းတည်းအတူနေများ၏ နာမည်တွေကို သူတယောက်ချင်းပြောပြသည်။ လူတွေ ဟိုဘက်သည်ဘက် သံ တိုင်ခတ်စည်းရိုးဘေး ရပ်ရင်း စကားပြောနေကြသည်။ အားပေးစကား သူတို့အမှုအကြောင်းပြောပြ။ ကိုယ့်အမှုအကြောင်းမေး ။ တယောက်လှုပ်ရှားမှုကို တယောက်က နားထောင် ။ နေ့စဉ်နေထိုင်မှုထဲက အခက်အခဲတွေကိုဖောက်သည်ချ သည်လိုနှင့် နေ့ခင်းတန်းဖွင့်ချိန်မြင်ကွင်းသည်။ သံစည်းရိုး ကာထား သော ၂ တိုက်၏ ပေါင်းစုမှုမြင်ကွင်းကိုတွေ့ရမည်ဖြစ်သည်။

 

“တပည့်တော်တို့အခန်းက လေးယောက်နေရတယ် တပည့်တော်ရယ် – အဘ ဦးအောင်မင်းရယ်  နောက် ဆရာ ဒေါက်တာအေးချမ်း ရဲ့ အမှုတွဲ ကိုခင်ဇော်ဦးရယ် နောက် ရန်ကုန်ကို ဗုံကျဲမည့် အဖွဲ့ကကိုဥာဏ်ဝင်းရယ် ”

 

လူတိုင်းလူတိုင်းမှာ သူတို့သက်ဆိုင်ရာ အမှုကိစ္စ ဇာတ်လမ်းတွေကို ကိုယ်စီ ရှိပြီးသား။ ဒီအထဲက တယောက် နာမည်ကို ထူးထူးခြားခြား သတိထားလိုက်မိသည်။ အဘဦးအောင်မင်း။

 

“အဘဦးအောင်မင်းဆိုတာက ညောင်လေးပင်ကလား နောက်ဒိုက်ဦးက ဒေါ်ကြည်အမှုတွဲ လား ”

 

ဇော်ဇော်အောင်က ဟုတ်မှန်ကြောင်းခေါင်းညိတ်ပြသည်။

 

“ဦးဇင်း သူတို့အကြောင်းသိလား”

 

ကိုယ်ကသိကြောင်းနှင့် ဒေါ်ကြည်ဆိုတာက ပဲခူးရိုးမထဲ ကွန်မြူနစ်ပါတီ လှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့သူဖြစ်ကြောင်းရှင်းပြသည်။

 

“ဒေါ်ကြည်ကို သိတာက ၈၈မဖြစ်ခင်ထဲက ဒို့မြို့မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့စာတွေ ဖတ် အစိုးရလုပ်ရပ်များကို ဝေဖန်သူ ရှားရှားပါးပါး ထဲမှာ သူကတယောက်ပဲ နောက် ကိုယ်ကစာဖတ်ဝါသနာပါတော့ မြို့မှာ စာအုပ်တွေရနှိုင်မည့်နေရာ စာဖတ်သူတွေ ဒီလိုပဲ တဆင့် စကားနှင့် သိနေခဲ့တာ ”

 

ကိုယ်ကရှင်းပြတော့ အဘတော့ ပြောပြဖူးတယ် အသေးစိတ်တော့ မသိဘူး ဟု သူကဆိုသည်။

 

“ငါသိသလောက်တော့ ဦးအောင်မင်း အရေးအခင်း အပြီး စာတစောင်ရေးလိုက်တာ ထောက်လှမ်းရေးကရ သွားရာကနေ ဒေါ်ကြည်ပါ ထောင်ကျတာ နောက် တခုက ငါတို့မြို့က လူငယ်တချို့ဦအောင်မင်းနဲ့ချိတ်ပြီး တော်လှန်ရေး ဆက်လုပ်ဖို့ ကြိုးပမ်းကြတာတခုလဲ ရှိသေး တယ် သူ့ကို ငါတွေ့ချင်တယ် ”

 

ကိုယ်က တွေ့ချင်ကြောင်း ပြောပြတော့သူကခေတ္တစောင့်ဖို့ပြောပြီး အဘဦးအောင်မင်းရှိရာသို့ သူ သွားသည်။ ခဏနေတော့ အရပ်၆ပေကျော် အသက် (၇၀) ကျော် အဘ မားမားနှင့်ရောက်လာသည်။

 

“ဦးဇင်းက ဒိုက်ဦး ဘယ်ရွာကလဲ”

 

“ဒိုက်ဦး ဖောင်ဝဲက ပါအဘ ”

 

အဘက သူသိကြောင်း ရွာတွင်ရှိ သူသိသေလူနာမည်များကို အဘပြောပြသည်။ အဘပြောသည့်နာမည်တိုင်းက ကိုယ်နှင့်တရင်းတနှီး ရှိကြသူတွေချည်း ။ ဒီတော့ အဘနှင့် ဒေသအကြောင်း သူ ကွန်မြူနစ်ပါတီ စစ်ရေးလှုပ်ရှားမှုတွေ ပြုစဉ်က ကျင်လည်ခဲ့ဖူးရာ နေရာဒေသ နာမည်များကို သူပြောနေသည်။

 

“ဦးဇင်း ဖောင်ဝဲ ညောင်ပင်ဆိပ် တို့ရေလွှဲ တို့ကိုကောသိလား”

 

ထိုဒေသများသည်ကိုယ်ငယ်စဉ်က ဆော့ကစားခဲ့ရာ လယ်တဲ နှင့် စိုက်ခင်းများရှိကြောင်းပြောပြတော့ – သူတို့ကွန်မြူနစ်စစ်တပ် အထိုင်ချရာ သရက်တော တခုအကြောင်းကိုပြောပြသည်။သူပြောပြသော သရက်တောက ကိုယ်ငယ်စဉ်ထဲက တရင်းတနှီး ရှိသောသရက်တော။ မုန်တိုင်းထန်ခဲ့သော ခေတ်စနစ်တွေအတွင်းက သမိုင်း အဖြစ်အပျက်တို့သည် ကိုယ့်နေရာဒေသ တို့၌ ပင် ဖြစ်ပေါ်ခဲ့မှန်း သူကိုယ်တိုင်ပါ ဝင်ခဲ့သော  အဖြစ်အပျက်တို့ကိုပြန်ပြောပြနှိုင်သူကို ထင်ထင်ရှားရှား တွေ့လိုက်ရခြင်းပင်ဖြစ်သည်။သူ ၈၈အရေးအခင်းအပြီး သူကျွမ်းကျင်ရာ တော်လှန်ရေး အတွက် လူသူစုဆောင်းပြီး လှုပ်ရှားနေခိုက် အဘ အဖမ်းခံရခြင်းဖြစ်သည်။ သူ့ကိုဖမ်းပြီး ပဲခူးထောင်၌ ထားသေးသည် ဟုဆိုသည်။

 

“ဒိုက်ဦး အရေးအခင်းက အဖမ်းခံရတဲ့ သူတွေနဲ့ ပဲခူးမှာ အတူတူနေရသေးတယ်”

 

အဘပဲခူး၌ရှိစဉ် ကိုယ့်မြို့မှ အဖမ်ခံထားရသော သူတွေ၏နာမည်တွေကို ရွတ်ပြသည် ။ကုလားကြီးသန်းမြင့်၊ တင့်လွင် ၊ ခင်မောင်လတ်၊ ထွန်းထွန်း စသည့်နာမည်များကိုအဘက မမေ့မပျောက် ပြောပြနေသည်။

 

“ဒိုက်ဦး သပိတ်က မဆိုးဘူး သူမြို့ကထောင်ကျတဲ့သူတွေကို သေသေချာချာ စီစဉ်ပေးတယ်”

 

အဖမ်းခံရစဉ် အစပိုင်းကာလက မြို့လူထုက အရေးအခင်းကြောင့် အဖမ်းခံရသူများကို တက်တက်ကြွကြွ ပံ့ပိုးမှုများ ပြုလုပ်ပေး ခဲ့သေး သည်။ နောက်ပိုင်း တဖြေးဖြေးကြာတော့လည်း ငါတို့ မြို့ကနေ တက်ကြွလှုပ်ရှားပြီး ပါဝင်ခဲ့သူများ၊အဖမ်းခံရသူများဆိုတာကို ကြုံကြိုက်ကြ လျှင် ပြေစရာစကားတခွန်း လောက်သာ ကျန်ရစ်တော့သည်။

 

“အဘရေ အဲ့ဒီ အဖမ်းခံရသူတွေထဲက တယောက် ထောင်ငူထောင်ကလွတ်လာပြီး ကျောင်းကိုရောက်လာတယ် သူ့ကျန်းမာရေး အတွက် ဦးဇင်းဆေးခန်းတွေလိုက်ပို့ လိုတဲ့အကူအညီကို လိုက်လုပ်ပေးသေးတယ် သူလဲ တော်တော်စိတ်နာသွားလားမသိဘူး ဦးဇင်းကို နိုင်ငံရေး နဲ့မပတ်သက်ဖို့  စိုးရိမ်တကြီး လာပြောနေတာ သူရောက်နေတုန်း တိုက်တိုက်ဆိုင်ဆိုင် ကိစ္စတခုနဲ့ ရောက်လာတဲ့ လူတယောက်နဲ့ နိုင်ငံရေးကိစ္စ ပြောနေတာကို သူတော်တော်စိတ်မသက်မသာ ဖြစ်ပြီး ဦးဇင်းကို သူတားမရဘူးဆိုတာ သိလို့ စိတ်လဲမကောင်း မတတ်လဲမတတ်နှိုင် ဖြစ်ပြီး ပြန်သွားတာ ”

 

အဘက သူထောင်ထဲနေထိုင်ပုံ ကိုပြောပြသည်။ အသက်ရွယ်အရ အဖိုးကြီးဖြစ်နေသော်လည်း ကိုယ်တိုင်စိုက်ခင်းကို တာဝန်တခုလို နေ့စဉ်စိုက်ပျိုးသည်။ သူ့စိုက်ခင်းကသီးနှံကို အားလုံးကိဝေငှသည်။ အဘအကြောင်းတွေက တတိုက်စီနေရသော်လည်း သိနေမြင်နေရသည် ဘာပဲဖြစ်ဖြစ် တနေ့နေ့တချိန်ချိန် စာမှတ်တမ်းအဖြစ် ရေခွင့်ရသော ကာလတခုသို့ရောက်လျှင် မပါမဖြစ် အဘအကြောင်းကို ရေးမည်ဟုစိတ်ထဲတေးမှတ်ထားလိုက်သည်။