ရသဆောင်းပါးစုံ

အတောင်ပံတွေ အတူတူခပ်လို့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ သံပိုက်ကွန်ကို ဖယ်ရှားစို့

မင်းကောင်းချစ်
မတ်လ ၁၅၊ ၂၀၁၄

 

၁၉၉၀ ခုနစ်မှာကျင်းပခဲ့တဲ့၊ ပါတီစုံရွေးကောက်ပွဲကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာပြည်သူတွေရဲ့ ဆူနာမိ၊ နိုင်ငံရေးအသိ နိုးကြားမှု ဒီလှိုင်းလုံးကြီးတွေနဲ့အတူ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အထင်အရှားရှိခဲ့တယ်။ ဘုစုခရုပြစ်မူတွေကစလို့ ပဉ္စာနန္တိယကံကြီးတွေအထိ ရာဇ၀တ်မူ ကုဋေကုဋာ ကျူးလွန်ခဲ့လို့ သမိုင်းအညစ်အကြေး အထပ်ထပ်ပေကျံနေတဲ့ စစ်အာဏာရှင်အစိုးရဟာ ပြည်သူလူထုကြီးရဲ့ဆန္ဒကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့တယ်။ အာဏာကိုလွှဲမပေးယုံတင်သာမက စစ်တန်းလျားပြန်ပါ့မယ်လို့ ပေး ထားခဲ့တဲ့ ကတိက၀တ်ကို ချိုးဖေါက်ခဲ့တာလည်း ကမ္ဘာသိဖြစ်တယ်။

 

အဲ့ဒီနောက်တော့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ မတရားသဖြင့်ရယူထားတဲ့ သူတို့ရဲ့ စည်းစိမ်ဥစ္စာအာဏာနဲ့ ဘ၀တွေကို ရာသက်ပန်သိမ်းပိုက်ထားဖို့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ၁၉၉၃ ခုနှစ်ကစတင်ပြီး သူတို့စိတ်ကြိုက် ရေးဆွဲခဲ့ကြတယ်။ ၁၅ နှစ်တိုင်တိုင် စိမ်ပြေနပြေ အချိန်ယူစိတ်ကြိုက်ရေးဆွဲပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းနဲ့အတူ တို့ပြည်သူတွေရဲ့အနာဂါတ်ကို ဖျက်ဆီးသိမ်း ပိုက်ဖို့ အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အကောက်ဉာဏ်တွေသုံးပြီး အများသဘောဆန္ဒအတုအယောင်တွေနဲ့ ဇွတ်အတည်ပြုခဲ့တာ ဘယ် သူမှငြင်းနိုင်လိမ့်မယ်မထင်ဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ အလွန်ထောင့်စေ့အောင်ရေးဆွဲထားတာမို့ ပြင်ဆင်ရန် လည်း အလွန်ခက်ခဲပါတယ်။

 

မရယူအပ်တဲ့အကျိုးစီးပွားကို ယူလိုတဲ့ဝိသမလောဘစိတ်ရယ်၊ မသန့်ရှင်းတဲ့စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ရမှာစိုးရွံ့တဲ့ဘယာဂတိတွေနဲ့ ရက်ဖောက်စီရင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သံပိုက်ကွန်ကြီးတခုလို တို့နိုင်ငံပေါ် ဖုံးလွှမ်းပိတ်ဆို့လို့နေပါပြီ။ ဒီပိုက်ကွန်ကြီး ရှိနေသရွေ့ တို့ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ အမြဲဆုံးရှူံးနေတော့မှာပါ။ ပြည်သူလူထုရဲ့ အနာဂါတ်ကို တပ်မတော်က ထင်သလိုချယ်လှယ် ခွင့်ပေးထားမှတော့ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်အရေးဆိုတာ အာမခံချက်ရှိနိုင်ပါအုံးမလား။ လူတစ်ဦးချင်းစီးရဲ့အခြေခံအကျိုးစီးပွားနဲ့ လွပ်လပ်ခွင့်ကိုတောင် ကာကွယ်မပေးနိုင်ရင် လူမျိုးတမျိုးစီ၊ ဘာသာတခုချင်းစီကိုလည်း ဘယ်လိုမှကာကွယ်စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး။ တပ်မတော်ဟာ စစ်တန်းလျားမပြန်သရွေ့  ပြည်သူ့အစိုးရတရပ်ရဲ့အမိန့် မနာခံသရွေ့ ၈၈၈၈ ပြည်သူ့အရေးတော်ပုံကြီးဖြို့ခွဲခဲ့ စဉ်က အဖြစ်ဆိုးမျိုး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြိုခွဲခဲ့စဉ်က အဖြစ်ဆိုးမျိုး၊ တိပိဋိကဆရာတော်ကြီးလို ဓမ္မစေတီထိုက်တဲ့သံဃာတော်အရှင်သူမြတ်တွေကို ဖမ်းဆီးထောင်ချ၊ ညဉ်းဆဲသတ်ဖြတ်မှု စတဲ့အပြစ်ကြီးတွေ ထပ်မံကျုးလွန်အုန်းမယ့် အလားအလာတွေရှိနေတော့မှာ ပါ။ ဘယ်လိုမှ အမျိုးဘာသာ၊ သာသနာကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ စောင့်ရှောက်နိုင်စရာ လမ်းမမြင်မိပါဘူး။

 

ဒီတော့ အလွန်ခိုင်ခန့်ပြီးလေးလံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံသံပိုက်ကွန်ကြီးကို ဘယ်လိုမပြီး ဘယ်လိုဖယ်ရှားကြမလဲဆိုတာ အားလုံးဝိုင်းစဉ်းစား ပြီး၊ ညီညီညွတ်ညွတ် အားစိုက်ချိန်တန်ပြီ။ ဒီနေရာမှာ ကြားဖြတ်လို့ ဥပမာလေးတခုပေးချင်ပါတယ်။ ရောဟိဏီမြစ်ရေကိုအကြောင်းပြုပြီး စစ်ခင်းကြတော့မယ့် ကပ္ပိလနဲ့ကောလိယတိုင်းသား ဆွေတော်မျိုးတော်တွေကို မြတ်စွာဘုရားရှင်ကဟောကြားခဲ့တဲ့၊ ညီညွတ်ခြင်းအကျိုး၊သမ္မောဒမာနဇာတ်တော်အကြောင်းပါ။ တိရိစ္ဆာန်တွေသော်မှ ညီညွတ်တဲ့အခါ ကောင်းကျိုးချမ်းသာရပြီး၊ မညီညွတ်တဲ့အခါ ကြီးစွာသောပျက် စီးခြင်းရောက်တတ်ကြောင်း ဗုဒ္ဓရှင်တော်နုစဉ်က ငုံးမင်းဘ၀အတိတ်ကိုဆောင်ပြီး ဟော်တော်မူခဲ့တာပါ။ ငါးရာငါးဆယ်နိပါတ်တော်လာ ဒီဇာတ်တော်ထဲမှာ ဘုရားအလောင်းငုံးမင်းရဲ့ သွန်သင်ဆုံးမမှုကိုနာယူပြီး ငှက်မုဆိုးက ပိုက်ကွန်ပစ်တဲ့အခါ ငုံးများ ညီညီညွတ်ညွတ် ကွန် ကိုချီပြီး ပျံတက်ကြလို့ အသက်ဘေးကလွတ်မြောက်ခဲ့သလို၊ မညီညွတ်တဲ့အခါ မုဆိုးလက်တွင်းကျရောက် အသက်ဆုံးကြရတာ ကျနော် တို့ မြန်မာပြည်သူပြည်သားတွေအတွက် သင်ခန်းစာယူစရာပါ။

ဒီကနေ့အချိန် ပစ္စုပ္ပန်တဲ့တဲ့ကိုရှုလိုက်ရင် တို့နိုင်ငံတခုလုံးအပေါ်မှာ ၂၀၀၈ ဖွဲ့ စည်းပုံဆိုတဲ့ပိုက်ကွန်ကြီးက အုပ်မိုးဖြန့်ကျက်လို့နေပြီ။ အဲ့ဒီ ပိုက်ကွန်ကြီးအောက်မှာ ဗမာလူမျိုးတွေသာမက တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပိတ်မိနေကြပြီ။ သူ့လူမျိုး၊ ကိုယ့် လူမျိုး၊ သူ့ဘာသာ၊ ကိုယ့်ဘာသာ ကာကွယ်စောင့်ရှောက်ဖို့ ငြင်းကြခုံကြ၊ ရန်စောင်ကြနဲ့ မညီမညွတ်ဖြစ်နေကြတာကလဲ အပေါ်မှာပြောခဲ့တဲ့ ဇာတ်တော်ထဲကငုံးများလိုဘဲ ဖြစ်နေပြီ။ ဒီကွန်ကိုထောင်ထားတဲ့ စစ်အာဏာရှင်ငှက်မုဆိုးကြီးဟာ၊ ငုံးဖြူ၊ ငုံးနီ၊ ငုံးဝါ ခွဲခြားနေမှာ မဟုတ်ဘူး။ သူ့အတွက်လိုအပ်လာရင် ငုံးအားလုံးကို သတ်ဖြတ်စားသောက်ပစ်မှာ ဗေဒင်မေးစရာမလိုဘူး။ ဇက်ပေါ်မှာဝဲနေတဲ့ဓါးရန်ကိုမမြင်ဘဲ အချင်း ချင်းခွပ်ဖို့ ကြိုးစားနေတဲ့ ငုံးမိုက်တွေလို မဖြစ်ဖို့လိုတယ်။

 

ဒါပေမဲ့ ထူးခြားတာတခုက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ပြည်သူတွေနဲ့ လက်တွဲပြီး ဒီ ပိုက်ကွန်ကြီးကိုဖယ်ရှားဖို့ရည်ရွယ်ချက်နဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့အတူ အဲ့ဒီပိုက်ကွန်ကြီးအောက် တမင်တကာတိုးဝင်ခဲ့တာဖြစ်တယ်။ နောက်တခုက ငှက်မုဆိုးလွှတ်ထားတဲ့၊ တည်ငုံးတွေကလည်း ဒီပိုက်ကွန်အောက်ကြိုရောက်နေပြီး၊ ငုံးအချင်းချင်း မညီညွတ်အောင် စနစ် တကျ သွေးခွဲနေကျတာ အတော်ခရီးပေါက်နေပြီ။ တို့ပြည်သူတွေပါးနပ်ကြဖို့ အန္တရာယ်အစစ်အမှန်တွေကို ကြိုမြင်တပ်ဖို့လိုတယ်။ သံဃာ တော်အရှင်သူမြတ်များကလည်း မေတ္တာဝါဒီ၊ ဗုဒ္ဒသားတော်တွေပီပီ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေ ထိုင်နိုင်အောင်၊ အမုန်းမပွားရအောင် ဒါယိကာ၊ ဒါယိကာမတွေသာမက၊ သံဃာတော်အချင်းချင်းကိုပါ ပြတ်ပြတ်သားသား မိန့်မှာသွန်သင်ရ မယ့်အချိန် ကျရောက်နေပါပြီ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လမ်းပြမြေပုံနဲ့ထောင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပိုက်ကွန်ကြီးအောက်မှာ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရောက်နှင့်ပြီးသား တည်ငုံးတွေ အုပ်စုသုံးစုခွဲကြည့်လို့ ရနိုင်ပါတယ်။

 

ပထမအုပ်စုထဲမှာ အမှန်တကယ်ပြုပြင်ပြောင်းလဲလိုတဲ့ တိုင်းချစ် ပြည်ချစ် တပ်မတော်သားကောင်း၊ တပ်မတော်သားဟောင်းတွေ ပါဝင် ပါတယ်။ ဒုတိယအုပ်စုထဲမှာတော့ အလွန်အကျွံ အခွင့်ထူးခံခွင့်ရပြီး၊ အနေချောင်၊ အစားချောင်နေလို့ ဗိုလ်နေမြဲ ကျားနေမြဲ ဒီပိုက်ကွန် အောက် ဆက်နေလိုတဲ့ တဘို့ထဲသမား၊ တည်ငုံးတွေပါတယ်။ သူတို့ကတော့ ဒီပိုက်ကွန်ကြီးကို ကာကွယ်စောင့်ရှောက်သွားမဲ့သူတွေဖြစ်တယ်။ တတိယအုပ်စုထဲမှာတော့ ပြုပြင်ရေးသမားလိုလို၊ အာဏာရှင်ကာကွယ်ရေးသမားလိုလို လှေနံနှစ်ဖက်နင်းထားတဲ့အပြင် ကျေးဇူးပါအဆစ်တင်ခံခြင်နေတဲ့၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဌဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ်ဦးမင်းအောင်လှိုင်တို့လို ပုဂ္ဂိုလ်ကြီးတွေ ပါဝင်တယ်။ နှစ်ပေါင်း ၂၀ ကျော် ထုနဲ့ဒေး ကျုးလွန်ခဲ့တဲ့အမှားတွေကိုတောင် ၀န်ချတောင်းပန်မှု၊ တာဝန်ယူမှုမပြုသေးဘဲ၊ တိုင်းပြည်ရဲ့အထွတ်အမြတ် သမ္မတနေရာကို မျှော်မှန်းနေကြသူတွေပါ။ တကယ်ဘဲ နိုင်ငံသူနိုင်ငံသားတွေအပေါ် မိဘပြည်သူလိုသဘောထား ရင် ပြည်သူတွေရဲ့အကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံပိုက်ကွန်ကြီးကိုဖယ်ရှားနိုင်အောင်၊ ရိုးရိုးသားသားပူးပေါင်းလက်တွဲဖို့ လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေက အပေါ်တည့်တည့်ပျံတက်ပြီး ဘေးကင်းရာ နေရာမှာဆင်းသက်ပြီး ပိုက်ကွန်ကိုဖယ်ရှားဖို့ ကြိုးစားနေတဲ့အရေးမှာ ညီညီညွတ်ညွတ်ပါဝင်ဖို့ လိုတယ်။

 

အခုတော့ ဥက္ကဌကြီးနဲ့သမ္မတကြီးတို့က၊ တည့်တည့်မပျံပဲ၊ ဘေးတိုက်ပျံပြီး ပိုက်ကွန်ကိုနေရာရွှေ့ဖို့ ကြိုးစားနေကြတဲ့ပုံပေါက်နေတယ်။ ရည်ရွယ်ချက်က တကယ်ဖယ်ရှားဖို့မဟုတ်ဘဲ ဟန်ပြမြင်ကောင်းယုံပြင်ဖို့၊ အချိန်ဆွဲဖို့ ကြိုးစားရင်တော့ နောက်ထပ်သမိုင်းဆိုး အညစ်အ ကြေးတွေ စွန်းထင်းရစ်ဦးတော့မှာပါ။ ဒါကြောင့် ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ကို အချိန်မနှောင်းခင် အကြံတခုပြုလိုပါတယ်။ လေးပွင့်ဆိုင်တွေ့ ဆုံရေးကို ဖြူစင်တဲ့နှလုံးသားနဲ့ အဖြေရှာပါ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် အရွေးမခံခင်မှာ န၀တ၊ နအဖခေတ် တလျှောက်လုံး ပြည်သူတွေအပေါ်ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေ၊ အမှားတွေအတွက် တာဝန်ရှိခဲ့သူတွေပီပီ၊ မိဘပြည်သူတွေကို တရားဝင်ကျေ နပ်အောင် တောင်းပန်မှု၊ ရိုးသားစွာအမှားကိုဝန်ခံမှု၊ တာဝန်ယူမှုတွေပြုဖို့ လိုပါတယ်။ မိမိမှာ ပေကျံနေတဲ့သမိုင်းအညစ်အကြေးတွေ ရှင်း လင်းသန့်စင်ပြီးမှ ပြည်သူ့သမ္မတအဖြစ် အရွေးခံသင့်ပါတယ်။ စိတ်ပုတီးမကိုင်ခင်၊ တရားမထိုင်ခင် ကိုယ်ခန္ဓာနဲ့ ညစ်ပေတူးနေတဲ့ လက်၊ ခြေထောက်တွေ ဆေးကြောသန့်စင်အပ်တဲ့သဘောပါဘဲ။ ဘုန်းကြီးကိုထိပ်ခေါက်ယုံတင်မက၊ ဖနှောင့်နဲ့ အကြိမ်ကြိမ်ပေါက်ပြီးတာတောင်၊သံဃာစင်ပေါ်တက်ထိုင်ပြီး သူတော်ကောင်းယောင်ဆောင်နေသလို ဖြစ်နေပြီ။

 

ကိုယ်ကျူးလွန်ခဲ့တဲ့ အမှားကို ရဲရဲရင့်ရင့် ကိုယ်တိုင်ဝန်ခံရဲ၊ တာဝန်ယူရဲတာကို သတ္တိလို့ ခေါ်နိုင်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ဘဲ ဘာမှမဖြစ်ခဲ့သ လို ရေငုံနှုတ်ပိတ်ဟန်ဆောင်နေတာဟာ သူရဲဘောကြောင်တာဘဲ။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့သူတွေဟာ တိုင်းပြည်တပြည်မှမဟုတ်ဘူး၊ ဘယ်လူ့အဖွဲ့အစည်းမှာမဆို ခေါင်းဆောင်တာဝန် မယူထိုက်ပါဘူး။ အဆိုတော်လေးဖြူရဲ့ သီချင်းစာသားငှားသုံးရရရင် ရူးချင်ယောင်ဆောင် မနေနဲ့ လို့ပဲ ပြောရမလိုဖြစ်နေပြီ။ ပြည်သူတွေနဲ့ တသားတည်းပေါင်းစည်းနိုင်အောင် စစ်မှန်တဲ့ယုံကြည်မှုတွေ တည်ဆောက်နိုင်အောင် သမိုင်းအမှန်တွေဖော်ထုတ်ဖို့ ရိုးသားမှုတွေပြဖို့ လိုပါတယ်။

 

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပိုက်ကွန်ကြီး တို့နိုင်ငံအပေါ်မှာ အုပ်မိုးနေသရွေ့၊ နိုင်ငံသားအာလုံးရဲ့ အနာဂတ်ကို လူတဦးတယောက် တစုတဖွဲ့က ချယ်လှယ်ဗိုလ်ကျနေဦးမှာပါ။ မွေးရာပါ လူ့အခွင့်အရေးတွေအားလုံးပျောက်ဆုံးပြီး လူတိုင်း မှာ ဘ၀လုံခြုံမှု ဘယ်လိုမှမရှိနိုင်ပါဘူး။ စစ်အာဏာရှင်ကြီး ဦးနေ၀င်းရဲ့ဘ၀တောင် ဘယ်လိုအဆုံးသတ်ပြီး ဇာတ်သိမ်းသွားရသလဲဆိုတာ ကြည့်လိုက်ရင် မြင်သာပါတယ်။

 

ဒါကြောင့် ပြင်ဆင်ရင် အင်မတန်ခက်ခဲပြီး အလွန်ခိုင်ခန့်ပြီးလေးလံတဲ့ သံပိုက်ကွန်ကြီးကိုဖယ်ရှားဖို့ နိုင်ငံသားတိုင်း ညီညီညွတ်ညွတ် ပြိုင်တူပျံသန်း ပြိုင်တူအားစိုက်နိုင်မှသာ အောင်မြင်နိုင်မှမို့ တို့အားလုံးရဲအတောင်ပံတွေ အတူတူခပ်လို့ သမိုင်းသစ်ကို ဖွင့်လှစ်ကြပါစို့လို့ မေတ္တာရပ်ခံနှိုးဆော်လိုက်ပါတယ်။

 

မျက်ရေတွေ ခမ်းခြောက်

ချစ်သူတွေ ပန်းကောက်

မိခင်တွေ ၀မ်းမြောက်နိုင်င်စေဖို့ 

လေးစားစွာဖြင့်
မင်းကောင်းချစ်
(မတ် ၁၃၊ ၂၀၁၄ ခုနှစ်၊ ည ၁၀း ၂၈ နာရီ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts