Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဗိုလ်ကလေးမြို့နယ်မှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုဆန္ဒပြ

ဗိုလ်ကလေးမြို့နယ်မှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုဆန္ဒပြ

ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခဓာတ်ပုံသတင်း၊ မတ် ၁၃၊ ၂၀၁၄

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဗိုလ်ကလေးမြို့နယ်တွင် ဒီမိုကရေစီအစစ်အမှန်ကိုလိုလားသောပြည်သူများက ဦးဆောင်ကာ အခြေခံဥပဒေပြင်ဆင်ရေးအတွက်နှင့် လေးပွင့်ဆိုင်တွေ့ဆုံရေးတို့အတွက်လူအင်အားတစ်ထောင်နီးပါးမှဆန္ဒထုတ်ဖော်ခဲ့ကြပါသည် ။

 

အဆိုပါ ဆန္ဒပြရန်ခွင့်ပြုမိန့်ကိုဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ခွင့်ပြုမိန့်တင်ခဲ့ပြီး လူအင်အား ၇၀၀ သာ ရှိမည်ဟု တင်ထားသော်လည်း မတ်လ ၈ ရက် နေ့ ဆန္ဒပြသောအခါ မြို့လုံးကျွတ်နီးပါး ပါဝင်သည်ကိုလည်းတွေ့ရှိခဲ့ရပါသည် ။ ဆန္ဒဖော်ထုတ်သူများအား ရေတိုက်သူ၊အအေးတိုက်သူ ၊ပဲထမင်းဝေသူ ၊မုန့်ဝေသူများဖြင့် စည်ကားခဲ့သည်ကိုလည်းအထူးတွေ့မြင်ခဲ့ရပါသည်။

 

 

ထိုဆန္ဒပြပွဲတွင် ပုဒ်မ ၄၃၆ (က ) (ခ )ပြင်ဆင်ရေး ၊ပုဒ်မ၅၉ (ဃ ) (စ) ပြင်ဆင်ရေး ၊လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအမြန်ဆုံးအကောင်အထည်ဖေါ်ရေး တို့ကို ကြွေးကြော်သံများအဖြစ်အော်ဟစ်ကာ မြို့လုံးအနှံ့လှည့်လည်ခဲ့ကြသည် ။

 

 

‘ကျနော်တို့ ဗိုလ်ကလေးက ပြည်သူတွေက လွန်စွာအားရဖို့ကောင်းပါတယ်။ စစ်အာဏာရှင်ကိုတော်လှန်တဲ့အချိန်မှာလည်း တာဝန်ကျေသလို အခုလို နာဂစ်ဥပဒေလို့ခေါ်လို့ရတဲ့ ၂၀၀၈ အခြေခံဥပဒေကြီးကိုလည်းပြင်ဆင်ဖို့တောင်းတဲ့နေရာမှာ အင်တိုက်အားတိုက်ပါဝင်မယ်ဆိုတာယုံကြည်ပြီးသားပါ’ ဟု မြို့ခံတဦးမှပြောကြားခဲ့ပါသည် ။

 

 

ဖွဲ့စည်းပုံပြင်ဆင်ရေး ၊လေးပွင့်ဆိုင်တွေ့ဆုံရေးကို
ရန်ကုန်တိုင်းဒေသကြီးတွင် တာမွေ ၊သင်္ဃန်းကျွန်း ၊သာကေတ ၊တောင်ဒဂုံ
၊တောင်ဥက္ကလာ စသောမြို့နယ်များတွင်ပြုလုပ်ခဲ့ပြီး
ဧရာဝတီတိုင်းသေကြီးတွင် ပုသိမ် ၊ဟင်္သာတ ၊ဗိုလ်ကလေး မြို့များတွင်
အသီးသီးဆန္ဒထုတ်ဖော်ခဲ့ကြရာ ဗိုလ်ကလေးမြို့သည် လူအများဆုံးအဖြစ်စံချိန်တင်ခဲ့ပါသည်ဟု ဆိုသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts