ပေါင်းတည်မြို့ထဲကို ရောက်တော့..မြို့လည်ခေါင်ဈေးကြီးနဲ့ဘုရားကြီးရှေ့ မှာ မီးပွိုင့်ကြီးတခုလုပ်နေတာကို တွေ့တယ်။ လေးသန်းကြီး တို့ တိုက်တန်းလျားကြီးရဲ့ ရှေ့ ဖက်နားမှာပေါ့။ အဲဒါနဲ့ ရောက်တုန်း လေးသန်းကြီးနဲ့ စကားဝင်ပြောဦးမှပါပဲလေလို့ စိတ်ကူးရတယ်။ ဒီ တခါတော့ လေးသန်းကြီးကိုတွေ့ရတာ ခါတိုင်းလို လန်းလန်းဆန်းဆန်း မရှိဘူး။ ကျမက လေးသန်းကြီးတို့ အိမ်ကနေလှမ်းမြင်ရတဲ့ မီးပွိုင့် ကြီးကိုကြည့်ရင်း..စကားစမိတယ်..။
(ဓါတ်ပုံ – Tin Htay)
“ကျမတို့မြို့လဲ မီးပွိုင့်တွေ ဘာတွေနဲ့ဖြစ်သွားပြီနော် လေးသန်းကြီး။ မော်တော်ဆိုင်ကယ်ကို ဦးထုပ်မဆောင်းပဲ စီးတဲ့သူတွေလဲ နဲတော့ သွားပြီနော်။ မော်တော်ဆိုင်ကယ်ဦးထုပ် ဖမ်းတဲ့စီမံချက်ကိုတော့ ကျမသဘောကျပါတယ်။ မော်တော်ဆိုင်ကယ်စီးရင်း မတော်တဆ ထိ ခိုက်မှုရှိရင် ခေါင်းကိုအရင်ထိပြီး သေကြတာများတာကိုး။ လူတွေကလဲ ကိုယ့်အန္တရာယ်ကို မသိကြဘူး။ ထုတ်ထားတဲ့စည်းကမ်းက ကိုယ့် ကို ကာကွယ်ဖို့လားဆိုတာတောင် မတွေးကြပဲ စည်းကမ်းပျက်ကြတာလေ။ အခုကြည့်ပါဦး ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်း စီးရမယ် ဆိုတာကို မလိုက်နာတဲ့သူတွေ ဘယ်လောက်များလဲလို့။ လူတယောက်ကို ဒဏ်ငွေ (၆၀၀၀) ကျပ်နဲ့ ဒဏ်ရိုက်လို့ ရတဲ့ငွေနဲ့ မီးပွိုင့်တောင် လုပ်နိုင်သွားပြီနော်။ ဒဏ်ငွေ သိန်းဆယ်ဂဏန်းကျော်ကျော်ရတယ်ဆိုလား..”
“အင်း..”
“စာရင်း ရှင်းတမ်းထွက်မှပဲ…ဒဏ်ရိုက်လို့ရတဲ့ငွေ ဘယ်လောက်။ မီးပွိုင့်လုပ်တဲ့ကုန်ကျစရိတ်က ဘယ်လောက်ဆိုတာ သိရမယ်။ အင်းလေ..ဒါမျိုးက စာရင်းရှင်းတမ်း ထွက်ချင်မှလဲ ထွက်မှာပါ….”
“အင်းးးးးး….”
“မီးပွိုင့်ကလဲ ..မီတာကို ဘယ်လိုဆောင်မလဲဆိုတဲ့ ပြသနာပေါ်နေတယ်ဆိုလား”
“အင်းးး”
“ဟင်..ဒီနေ့..လေးသန်းကြီး..စကားသိပ်ပြန်မပြောဘူး..။ ဘာဖြစ်လို့လဲ..။ တအင်း…အင်းနဲ့”
လေးသန်းကြီးက လက်ကလေးကို နားရွက်နား ကပ်ပြီး..
“နားတွေ မကောင်းတော့ဘူး..။ မနေ့က အိမ်ရှေ့ မှာ ဇာတ်စင်ထိုးပြီး လာနှိပ်စက်သွားကြလို့..။ ဆောင်းဘောက်တွေနဲ့ ဖွင့်လိုက်ကြတာ..ဆူညံနေတာပဲကွာ..”
(ဓါတ်ပုံ..ထိန်ကြီး)
“အေးလေ…။အခု..မတ်လ ၃ရက်နေ့ကပဲ ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ကနေ..စာထွက်ပြီး အမိန့်ထုတ်ထားတာလေ..။ ၁၀ တန်းစာမေးပွဲနီးနေလို့ ရပ်ကွက်တွေထဲမှာ ဆောင်းဘောက်များ..အသံချဲ့ စက်များ မဖွင့်ရ ..ဆိုပြီးလေ”
(ဓါတ်ပုံ..ထိန်ကြီး)
“အင်းလေ..အဲဒါပေါ့..။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးလို့တော့ ပြောနေတာပဲ..။ ဒါပေမဲ့ ဥပဒေတွေက သားရေကွင်းလိုပါပဲ။ သူတို့ ထက် ကြီးတဲ့သူလာတော့ ဖွင့်လိုက်တဲ့ဆောင်းဘောက်။ ကလိုက်တဲ့ အက။ အင်း….ကြည့်သူတော့ ကျီးနဲ့ဖုတ်ဖုတ်ပါပဲ..”
(ဓါတ်ပုံ..ရွှေတည်ချစ်)
“အေးလေ…လူတွေ ပြောနေကြတာ..။ ဒန့်ဇာတွေကလည်း နေပူပူမှာ ဘုရားကြီးနားလာပြီး သရုပ်ပျက်လိုက်တာ လွန်ရောတဲ့။ နောက်ပြီး..အဖြူအစိမ်း ယူနီဖောင်းကြီးတွေနဲ့ဆို..။ လေးသန်းကြီး အိမ်ရှေ့တည့်တည့်မို့ မေးကြည့်တာပါ..”
(ဓါတ်ပုံ..ရွှေတည်ချစ်)
“အဖြူအစိမ်းဝတ်တယ်ဆိုလို့ ကျောင်းသားတွေဝတ်တဲ့ ယူနီဖောင်းမျိုး မဟုတ်ပါဘူးကွာ..။ ဘောင်းဘီကျပ်ကျပ်..၊ စကပ်တိုတိုတွေကို အ ဖြူနဲ့ အစိမ်းတွဲဝတ်ထားတာလေ..။ အဖြူနဲ့အစိမ်း တွဲရမှာပေါ့။ ကြံ့ခိုင်ရေးပါတီက ထိပ်သီးပြည်ထောင်စုဝန်ကြီး ဦးဌေးဦးကိုယ်တိုင်..လာ လုပ်တဲ့ပွဲကိုး။ မြို့ခံတွေက ဘုရားရင်ပြင်မှာ မလုပ်စေချင်ဘူး။ ဒါပေမဲ့ သူတို့ကလဲ မင်းလင်္ယျာဘုရားရင်ပြင်မှာမှ လုပ်ချင်ကြသတဲ့။ ဘယ်လို အကြောင်းရှိလို့လဲ မသိပါဘူး..။ ဘာတဲ့ နာမယ်က ၈၆ ကြိမ်မြောက် သစ္စာဓိဌာန်စတုဒီသာကျွေးပွဲတဲ့။ ထမင်းကို ပဲဟင်းနဲ့ ငါးခြောက်ကြော်နဲ့ကျွေးတယ်ဆိုလား..။ ထမင်းကိုတော့ လာစားကြသားကွ..။ ကောင်းပါတယ်ကွာ..။ မစားရတဲ့သူတွေ စားရတာပေါ့..။ အင်း..ဒါပေမယ့် တခုတော့ မကောင်းဘူးကွ..”
“ဘာမကောင်းတာလဲဟင်..လေးသန်းကြီး”
“ဒီအလှူကို နတ်စင်တစ်ရာဆရာတော်ကြီးက ကြီးမှူးတာလို့ ပြောတယ်..။ ကမ္ဘာသူကမ္ဘာသားတွေ အေးချမ်းရန်..ကပ်ဆိုးကြီးတွေ ကျော် လွှားရန်..ကောင်းမှုဒါနလုပ်တယ်တဲ့ကွာ..။ ကောင်းမှုလုပ်ရင်လဲ ကောင်းမှုသန့်သန့် လုပ်သင့်တာပေါ့ကွ..။ အခုတော့ အလှူမှာ ကြံ့ခိုင်ရေး တံဆိပ်ပါတဲ့အသုံးအဆောင်တွေ ဝေတယ်..။ အင်္ကျီတွေ ပြက္ခဒိန်တွေပေါ့။ ထမင်းလာစားတဲ့သူတွေကို ငွေတထောင်စီတောင် ပေးမလိုလို ပြောသေးတယ်..။ ရမရ..ပေးမပေးတော့ မသိဘူး..။ လာစားတဲ့သူ နည်းမှာစိုးလို့ ..ရွာတွေက ထော်လာဂျီတွေကို ချောဆွဲပြီး ရွာသားတွေ အတင်းတင်ခေါ်လာခိုင်းတာတွေ ရှိတယ်တဲ့။ ဒါမျိုးတွေ သူတို့လုပ်လာတာ ကြာပါပြီကွာ..။ လူတွေက သူတို့အကြောင်းတွေ သိနေပြီး သား..။ ထမင်းစားချိန် သွားစားကြမှာပေါ့..။ ခက်တာက..။ အလှူကြော်ငြာတွေထဲမှာ နတ်စင်တရာ ဆရာတော်ကြီးမှူးတယ်ဆိုပြီး..ပါတီ တခုရဲ့ မဲဆွယ်စည်းရုံးရေး ပုံစံကြီးပေါက်နေတာကတော့ မကောင်းတာ အမှန်ပဲ..။ နတ်စင်တရာဆရာတော်ကြီးက နိုင်ငံတော် သံဃမဟာနာ ယက ဆရာတော်လို့လဲ သူတို့ကြော်ငြာတွေမှာ ရေးထားတယ်..။ ဟုတ်လား မဟုတ်လားတော့ မသိဘူး..။ အဲဒါဆိုရင်..ပိုမသင့်တော်ဘူး ပေါ့ကွာ..။ ပွဲပြီးတော့ နတ်စင်တရာဆရာတော် သာသနာပြုအဖွဲ့လို့ စာတမ်းထိုးထားတဲ့ ကွန်တိန်နာကားကြီးတွေနဲ့ ပစ္စည်းတွေ ပြန်သယ်နေ ကြတယ်။ ပလတ်စတစ်ထိုင်ခုံတွေကအစ..သူတို့ပစ္စည်းနဲ့သူတို့ အပြည့်အစုံပဲ..။ တနိုင်ငံလုံးလှည့်နေတာ ဖြစ်မယ်”
“အင်းလေ..။ ပေါင်းတည်ဒေသခံ လူမှုအထောက်အကူပြုအဖွဲ့တွေ…မြို့မိမြို့ဖတွေလဲ…အခုမှ ထမင်းချက်ပြုတ်ရေးတာဝန်ခံတွေ ဖြစ်လို့ အောင့်သက်သက် ဖြစ်နေကြတယ်..ဆိုလား..”
“အမလေး..နီနီရာ..။ ဒါမျိုးတွေက ခေတ်တိုင်းမှာ ကြုံရတဲ့  လူတန်းစားတရပ်ပေါ့ကွာ..။ ဘာအခုမှ အောင့်သက်သက် ဖြစ်နေကြလဲ..။ အစကတည်းက သူတို့ကြိုက်တဲ့လမ်း သူတို့ဖောက်ထားတာပဲ..။ နောက်ဆုံးတော့လဲ…အကုန်လုံး အနိစ္စချည်းပေါ့ကွာ.။
အနိစ္စတရားကိုတော့ ..ဘယ်သူမှ..ဘာယကြာနဲ့မှချေလို့ မရဘူးကွ…။ ဒါပေမယ့် လူအနိစ္စမဖြစ်ခင်..သမိုင်းအနိစ္စရမဲ့အဖြစ်ကိုတော့ ရှောင် ပေါ့ကွာ..။”