ကဗျာ မောင်စွမ်းရည်

ငါတို့ရွာက သစ်ပင်များ

မောင်စွမ်းရည်
မတ်လ ၉၊ ၂၀၁၄

 

 

အညာကျေးလက်
ကုန်းတက်ကုန်းဆင်း၊ ကုန်းကျင်းထဲမှာ
ဆူးခက်ကာတဲ့ ရွာကလေး။
ရွာကလေးမှာ
ရွာပြင်ရွာကွင်း၊
သူငယ်ချင်းလို၊ ရင်းနှီးကျွမ်းဝင်
သစ်ပင်ကြီးငယ်၊ ဖက်ကွယ်ဆင်းတက်
ကိုင်းခက်နိမ့်မြင့်၊ အဆင့်ဆင့်မှာ
ပွင့်ပုံသီးပုံ၊ ပျားအုံ ပုတ်သင်
ဘယ်အပင်မှာ
ဘာရှိတာကို၊ ငါမသိတာမရှိခဲ့။

မြို့ပြနဲ့ဝေး၊ မြစ်နဲ့ဝေး
ကျေးတော ကျောက်ကုန်း
သဲကျောက်တုံးတို့
ကျောက်ဖြုန်း စရစ်ဖွေး။

ကျောက်စရစ်ကုန်း
နုန်းမြေမတင်၊
ရှားစောင်း မိုးနံ
ဇီး ခံပင်။
ပုတတ်ကဝင်၊ ဖွတ်ကထွက်၊
နွာကျောင်းသား တို့များသူငယ်ချင်း
ဝါးရင်းတုတ်နဲ့နှက်။

မိုးခေါင်ရေရှား၊ တို့များကျေးရွာ၊
မိုးအကျ၊ ပျိုးကြစိုက်ကြရှာ၊
ပဲပြောင်းနဲ့ နှမ်း၊ ဝါ
ယာရှိသူက ယာကိုစိုက်၊
ယာမရှိသူက အငှားလိုက်၊
မရှိလဲစိုက်၊ ရှိလဲစိုက်၊
တရွာလုံး၊ ရုံးကြအစုလိုက်။

ထန်းပင်ရှိသူ၊ ထန်းပင်တတ်၊
အုန်းပင်ရှိသူ၊ အုန်းပင်တတ်၊
မရှိသူက ထန်းလျှော်ရက်၊
ထန်းဖူး အုန်းရွက်၊ တောင်းနဲ့ခွက်။

ရွာအရှေ့ဖက် ညောင်ညိုပင်
တပင် နှစ်ပင်၊ သုံးလေးပင်၊
အုတ်ပလ္လင်နဲ့ ရေချမ်းစင်။
ညောင်ပင်ရိပ်တွင် လူတွေနား၊
ညောင်သီး ကျေးငှက်စား။

အညာတမာ၊ ဝါတာတာ
ခါးသက်ဖန်ဆိမ့် ဂံရသာ၊
ရွာအဝင်လမ်း၊ တမာတန်း၊
ရွက်နုဖူး၊ ဦးသူခူးစတမ်း။

ရွာလယ်ရပ်က မန်းကျီးပင်
ရွက်နုသီးနု ဟင်းအချဉ်။
အသီးခြောက်လျှင် လေခြွေကောက်၊
ဘုန်းကြီးဖျော်ရည်သောက်။

ရွာမြောက်ဖက်က၊ ခံတက်ပင်
နွေဦးပေါက်လျှင်၊ ရွက်နုလွင်။
လက်တည်ချဥ သူ့အရွက်၊
မြို့ကြီးသူတွေ လျှာရင်းမျက်။

ရွာတောင်ဘက်က ထနောင်းစု၊
စိမ်းလွင်ရွက်နု၊ မေပျိုလု။
ရွက်နုအသုပ် ဆွမ်းဟင်းခွက်၊
ဆရာတော်ကြီး အလွန်မက်။

ရွာအနောက်ဖက် သင်္ချိုင်းမြေ
ပံဒိုင်းပင်တွေ၊ တောထနေ
ရူးချင်သူတွေ သွားလို့ခူး
မခူးခင်ကရူး။

ကဗျာဆရာ သူ့ရပ်ရွာ
နွေဦးပေါက်တိုင်း ပြန်ချင်ရှာ၊
တမာလဲခူး၊ ထနောင်းဖူး၊
ပုတတ်လဲတူး၊ ဖွတ်လဲတူး၊
ပဒိုင်းပွင့်ဖူး၊ သူမခူး။

မခူလဲရူး၊ ခူးလဲရူး၊
ရွာကိုလွမ်းလို့၊ ထွန့်ထွန့်လူး၊

မောင်စွမ်းရည်
၂၀၁၂ ဇန်နဝါရီ ၃၀ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts