ရသဆောင်းပါးစုံ

ရေငံပိုင် ဦးရှင်ကြီး (Nyunt Htwe)

ရေငံပိုင် ဦးရှင်ကြီး

ညွန့်ထွေး။ မတ် ၂၊ ၂၀၁၄


 

တွေ့ရတဲ့ပုံကတော့ ရန်ကုန်မြို့တနေရာမှာ ရိုက်ခဲ့တဲ့ပုံပါ။ အထပ်မြင့်တိုက်ခန်းတခုမှာ ဦးရှင်ကြီးတင်ဖို့ ဖြစ်မယ်လို့ ယူဆရပါတယ်။

တောင်ပေါ်ဒေသမှာ နေထိုင်ခဲ့စဉ်ကတော့ ရေငံပိုင် ဦးရှင်ကြီး ဆိုတဲ့ အမည်နဲ့ စိမ်းပါတယ်။
ရန်ကုန်ရောက်ပါမှပဲ ဦးရှင်ကြီးဆိုတာ အထင်ကရဖြစ်မှန်း သတိပြုမိတာပါ။

ရန်ကုန် ဆိုတာ နယ်တကာက လူပေါင်းစုံ လာရောက် စုဝေးရာလည်း ဖြစ်တာကြောင့် နတ်ပေါင်းစုံကို ပူဇော် ပသရာ ဒေသလည်း ဖြစ်နေတာပါ။

ဦးရှင်ကြီးက ရေငံပိုင် ဆိုပေမယ့် ရေငံမဟုတ်တဲ့ မြစ်ချောင်းခရီးသွားသူများလည်း အားကိုးကြမယ် ထင်ပါတယ်၊
ဘယ်ခရီးမှ မသွားလည်း အခက်အခဲ အဆင်ပြေရေးအတွက် ဦးရှင်ကြီး တင်ကြတာကို ရန်ကုန်မှာ မကြာခဏ တွေ့ရပါလိမ့်မယ်။

ကျနော့်မေမေက ဦးရှင်ကြီး တင်တာကို နှစ်ကြိမ်သုံးကြိမ်ထက်မနည်း လုပ်ခဲ့သူပါ။

လုပ်ငန်းအောင်မြင်ရေးအတွက် လုပ်ငန်းရှင် ကြီးကြီးငယ်ငယ်တွေက ဗေဒင်ဆရာ၊ နတ်ဆရာ တဦးမဟုတ်တဦးကို ချည်းကပ်၊ ဟိုက အကြံပေးတဲ့အတိုင်း လိုက်လုပ်ကြတာ ထုံးစံပါပဲ။ လုပ်ငန်းရှင်မှ မဟုတ်ပါဘူး နိုင်ငံရေးသမား၊ စာနယ်ဇင်းသမားတွေထဲမှာလည်း ဒီလို အားကိုးရာရှာသူ မနည်းပါ။ ဒါဟာ လူ့သဘာဝပဲ မဟုတ်လား။

ထပ်ပြောရရင် ကျနော့် မေမေကလည်း လူထဲကလူတဦးဆိုတော့ ဦးရှင်ကြီး တင်ဖူးတယ်။

ရေငံပိုင်ဦးရှင်ကြီးက သူ့ကို လူတွေ အပူကပ်တာကို ကြိုက်မကြိုက်တော့ မသိပါ၊ ကျနော်ကတော့ ကြိုက်ပါတယ်၊ ဘာကြောင့်လဲလို့ ဆိုတော့ ဦးရှင်ကြီးတင်ရင် မုန့်ဆမ်း ဆိုတာ မထည့်မဖြစ် ထည့်ရတယ်၊ ကလေးဘ၀မှာတော့ မုန့်ဆမ်း ဆိုတာကလည်း စားလို့အကောင်းသား မဟုတ်လား။
မုန့်ဆမ်းက ဘာနဲ့ ဆင်တူမလဲ ဆိုတော့ အင်္ဂလိပ် ကလေးလေးတွေ မနက်စာအဖြစ် စားကြတဲ့ စီရီရယ်နဲ့ ဆင်မယ် ထင်တယ်။
စီရီရယ်လိုပဲ မုန့်ဆမ်းကလည်း ကွာလတီမျိုးစုံ ရှိတယ်။ ခပ်ညံ့ညံ့မုန့်ဆမ်းလည်း ရှိတယ်။ ဒါကို ဆိုင်မှာ တွေ့ရလိမ့်မယ်။ တတ်နိုင်သူတွေကတော့ အကောင်းစား ၀ယ်တယ်။ ဦးရှင်ကြီးကို ကောင်းကောင်း သုံးဆောင်စေချင်လို့၊ ပြီးတော့ အိမ်က ကလေးတွေလည်း ကောင်းကောင်း စားရအောင်လို့ ဖြစ်မယ်။

နတ်ဆိုတာ လူထက် နိမ့်ကျတယ်၊ ကိုးကွယ်ဖို့ မလိုအပ်ဘူး လို့ အကြားအမြင်များသူတချို့က ကန့်ကွက်ကြလိမ့်မယ်။
အင်း…. ကိုးကွယ်တာမဟုတ်ပါဘူး၊ အကူအညီ ပေးနိုင်မယ်ထင်လို့ အကူအညီတောင်းကြည့်တာပါလို့ ဖြေသူကလည်း ဖြေမယ် ထင်ပါရဲ့။

ပြီးတော့ နတ်ကိုးကွယ်တယ် ဆိုတာကလည်း ရိုးရာအစဉ်အလာတခုပါပဲ။ လူမျိုး အများအပြားရဲ့ ယဉ်ကျေးမှု ကဏ္ဍမှာ နတ်မျိုးစုံ ရှိကြမယ်မဟုတ်လား။ ဒေသအသီးသီးမှာ သူ့ဓလေ့နဲ့သူ ရှိပါတယ်။ တခါတလေတော့လည်း ကြိုးစားပြီး အကောင်းဘက်က တွေးပေး မြင်ပေးတာမျိုး ဖြစ်သင့်ပါတယ်။

ကျနော်လည်း ဟိုတုန်းကတော့ နတ်တွေဘာတွေ ပူဇော်ပသခြင်းကိစ္စ သဘောမတူခဲ့ပါ။ အသက် ၃၀ ကျော်ချိန်က  စပြီး နတ်၊ ဗေဒင်တွေနဲ့ လုံးထွေးခြင်းကိစ္စမျိုးကိုတွေ့ရင် ကန့်ကွက်လိုစိတ်တွေ ပျောက်သွားပါတော့တယ်။ အကြောင်းရင်းကတော့ … လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် ဆိုတဲ့ စကားလုံး မကြာခဏ တွေ့ရတာက တချက်၊ ဦးရွှေအောင် အကြောင်း သုံးသပ်ချက် စာပိုဒ်လေးတပိုဒ် ဖတ်မိတာက တချက်။
ဦးရွှေအောင် ဆိုတာ ထေရ၀ါဒအကြောင်း ရေးသားပြုစုရာမှာ ထင်ရှားသူပါ။ သို့သော်လည်း သူ့မိသားစုထဲ ဘုရားကိုသာမက နတ်ကိုလည်း ကိုးကွယ်တဲ့သူ ရှိနေတယ်၊ ရှိပေမယ့် သူ အပြစ်မတင်ဘူး လို့ ဆောင်းပါးတပုဒ်မှာ ရေးထားတာ ဖတ်ရဖူးတယ်။ ထေရ၀ါဒ ဆိုတာ ဘုရားသီးသန့်၊ နတ်ကိုးကွယ်ခြင်း အလျဉ်းမရှိ မဟုတ်လား။

ထေရ၀ါဒအကြောင်း ရေးသားပြုစုရာမှာ ထင်ရှားတဲ့သူကိုယ်တိုင်က နတ်ကိုးကွယ်တဲ့သူတွေအပေါ် ဘယ်လို ပြုမူဆက်ဆံတယ် ဆိုတာကို သိရတဲ့အတွက် ဦးရှင်ကြီးတို့ကို အားကိုးသူတို့အပေါ်မှာ ကျနော့်သဘောထား ပြောင်းခဲ့တယ်လို့ ဆိုရမယ်။

မေမေ့ကိုတော့ ဒီအကြောင်းတွေ မပြောဖြစ်ခဲ့ပါဘူး။ ဒီလိုအကြောင်းအရာတွေ ပြောရင်လည်း နင်ကလည်း ကြီးကြီးကျယ်ကျယ် လို့ မေမေက မှတ်ချက်ပြုမယ်လို့ ထင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts