ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

အဝေးရောက် မြန်မာ့လိုအပ်ချက်

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄

ခရီးတွေ ထွက်ဖြစ်နေတော့ ရောက်ရာနေရာမှာ  မြန်မာတွေနှင့် ဆုံစည်းခွင့်ရလိုက်သည်။ တခါတလေလည်း မြန်မာဘုန်းကြီးကျောင်း တည်းခိုလို့ မြန်မာဘုန်းကြီးကျောင်း မရှိသော မြို့များတွင် တဦးတည်းရှိသော ဒကာတယောက်ယောက်၏ အိမ်မှာ တည်းခိုးဖြစ်သည်။ ရောက်ရာနေရာတိုင်း ဘုန်းကြီးကျောင်း ရှိလျှင် ထိုကျောင်းကို တကယ့်တမြတ်တနိုး အလေးထားစောင့်ရှောက်ကြတာကို မြင်ရသည်။ ဘုန်းကြီးကျောင်းမရှိသော နေရာများတွင် ဘုန်းကြီးကျောင်းဖြစ်ပေါ်ရေးကို အာသာဆန္ဒ ပြင်းပြင်းပြပြ တောင့်တကြတာကို တွေ့ရသည်။ 

ထိုမြင်ကွင်းတွေ မြင်သောအခါ မြန်မာတွေ၏ လူနေမှုဘဝထဲ ဘုန်းတော်ကြီးကျောင်းများနှင့် ဆက်စပ်နေပုံကို စဉ်းစားနေမိသည်။ မြန်မာတွေ၏ ပညာရေးတာဝန်ကို ဘုန်းတော်ကြီးများက တာဝန်ယူပေးခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီနေပြီ ။ ဘုန်းတော်ကြီးကျောင်း ပညာရေး၏  မြန်မာလူမျိုးတို့၏ ဘဝထဲ နက်နက် ရှိုင်းရှိုင်းဝင်ရောက်မှုကား  နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ တွေ့မြင်ရမည်ဖြစ်သည်။ မွေးသည့်နေ့ရက်မှ ဘဝနိဂုံး အဆုံးအထိ မြန်မာတို့၏ဘဝနှင့် တထပ်တည်း ရှိနေသော အရာဟုပင် ဆိုရမည်ဖြစ်သည်။ အဘယ့်ကြောင်းကိုမြင်မိ၍ ပြောရပါသနည်းဟု မေးခဲ့သော် ထင်ရှားစွာ သိသာနေသော အချက်များမို့ လူတိုင်းအလွယ်တကူ သိနှိုင်နေပါမည်။  မြန်မာတယောက်၏ အမည်နာမကို ကြားလိုက်ရသည်နှင့် ဘာနေ့သား ၊ ဘာနေ့သမီးဆိုတာကို ၈၀ရာနှုံးလောက် မှန်အောင် ပြောနှိုင် ကြသည်။ မြန်မာတွေ ဆံပင်ညှပ်လျှင်တောင် လင်္ကာလေးကို ဦးစွာရွတ် လိုက်ကြသည်။  ဈေးဝယ်ရာ၊ ခရီးသွားရာ၊ရေချိုးရာကအစ လင်္ကာတွေပြည့်နှက်နေသည်။

 

၁၉၉၀လောက်က အဖြစ်အပျက်တခုကို အမှတ်ရမိသည်။ မိမိဖခင်ကို စလို နောက်လို၍ ကောလာဟာလ သတင်းတခုကို ပြောလိုက်သည်။ အဖေက သတင်းကိုကြားကြားခြင်း လင်္ကာကိုကောက်ရွတ်လိုက်သည်။ -ကျွန်မသားစကားအမှန်–အုန်းရှစ် စံထားမှန်စကား-သူ့ခေါင်းထဲသို့ ကြားသိရသော အချက်အလက်ကို ထည့်ပြီး မှန်မမှန်ကို ကွန်ပြူတာမှ အဖြေထုတ်သည်တော့မဟုတ် ။ ဘုန်းကြီးကျောင်းက ကျက်မှတ်ခဲ့သော အလုပ်လမ်းညွှန်နှင့် ကိုက်ကြည့်ခြင်းဖြစ်မည်ထင်သည်။ မြန်မာတို့၏ နေ့စဉ်ဘဝနှင့် ဘုန်တော်ကြီးကျောင်းမှ ရသောအသိတို့ တဆက်တစပ်တည်းရှိနေပုံကို ဆိုလိုရင်းဖြစ်သည်။  မြေထွန်ရာ၊လယ်စိုက်ရာ ၊ပျိုးနှုတ်ရာ။ ခရီးသွားရာ၊ မင်္ဂလာဆောင်ရာကအစ လမ်းညွှန်များသည် ဘုန်းကြီးကျောင်းမှ လာနေတာကိုတွေ့ရမည်။ ဒီလိုပြောလို့ မြန်မာမှု တွေကို ဟာသလို့ မမြင်စေလို။ ခေတ်နှင့် လိုက်လျှောညီထွေ မရှိတာတွေသည် တဖြေးဖြေး မှေးမှိန်သွားမှာဖြစ်သလို ဘယ်ခေတ်ကာလ သမယဖြစ်ဖြစ် သစ်မြဲ၊ သစ်ဆဲ မြန်မာမှုများရှိနေသည်။ တယောက်စကား၊ တယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍ ၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ချိုလှစေ ၊ဒီလိုစာမျိုး- ထို့အပြင်-မိဘဝတ်၊သားသမီးဝတ်၊ဆရာဝတ် ၊တပည့်ဝတ်တွေကိုလည်း ကျက်မှတ် သင်ယူ ခဲ့ရသည်။  ထိုသင်ကြားခဲ့ရတာတွေလည်း မြန်မာတွေ၏ နေ့စဉ်ဘဝထဲက အလုပ်တွေပင်ဖြစ်သည်။ မြန်မာတွေစိတ်ထဲ ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ငါတို့ဟာ မြန်မာပဲဟု စွဲမြဲ စွာမှတ်ယူကြသည်ကို ရောက်သည့်နေရာတိုင်းက မြန်မာတွေဆီမှာတွေ့ရသည်။ ထောင်ထဲတုန်းက အဖြစ်ကလေးတခုမှာ မြန်မာလူငယ်များ အစဉ်အလာကို တမြတ်တနိုးထားသော မြင်ကွင်းကို ဆောင်းပါး တခုထဲ ဒီလိုထည့်ရေးခဲ့ဖူးသေးသည်။

“သီတင်းကျွတ်လပြည့်နေ့ကိုအဓိပ္ပါယ်ရှိရှိ ကျင်းပ နှိုင်ခဲ့သည်။ ဤနေ့ ဤ ရက်၏ အဓိပ္ပါယ်ကို ပြောပြလိုက်ရ၍ မိမိကိုယ်လည်းကျေနပ်နေမိသည်။ တစ်ဦးကိုတစ်ဦး အရိုသေပေးခြင်း သက်ကြီးသူကို တရိုတသေအလေးဂရုပြု ဦးချ ကန်တော့၍ အပြစ်တို့ကိုကျေအေးစေခြင်းသည်  မြန်မာတွေ စဉ်ဆက်မပြတ် သယ်ဆောင်ခဲ့သော အစဉ်အလာကောင်း ဖြစ်ပေသည်။ ထို အစဉ်အလာကောင်းသည် ဘာသာတရားက လူတွေဆီ ပေးအပ်လိုက်သော လက်ဆောင်ကောင်းတွေထဲမှ တစ်ခု မျှသာဖြစ်သည်။ အခန်းတိုင်းမှ လူငယ်များ ကိုယ့်ထက်အသက်ကြီးသူတို့ကို ဦးချ ကန်တော့ သောမြင်ကွင်းသည် မြင်ရသူတိုင်း၏ စိတ်နှလုံးသားကိုဆွဲကိုင်လှုပ်စေခဲ့သည်။ ”

 

နိုင်ငံရပ်ခြားရောက် မြန်မာများအဖို့ တယောက်ထဲနေလျှင် အစုအဖွဲ့နှင့် လုပ်ရသောပွဲများ မလိုသော်လည်း  မိသားစု တဦး နှစ်ဦး မှ တဖြေးဖြေး ရာချီများလာသောအခါ ကိုယ့်အစဉ်အလာပွဲတွေကို ကျင်းပလိုကြသည်။ အမိမြေလွမ်းစိတ်ကို ရိုးရာပွဲတွေ ကျင်းပခြင်းကနေ အလွမ်းဖြေသိမ့်ကြသည်။ သားတွေသမီးတွေကို စာပေ နှင့် အစဉ်အလာတွေ လက်ဆင့်ကမ်းလိုကြသည်။ မြန်မာယဉ်ကျေးမှုဟု ဆိုလိုက်လျှင် ယဉ်ကျေးမှုတို့ စုရပ်ကတော့လိုအပ်သည်။ ထိုစုရပ်သည် တခြားမဟုတ် ဘုန်းတော်ကြီးကျောင်း ပင်ဖြစ်သည်။  ရောက်ရာနိုင်ငံ များရှိ မြန်မာမိသားစုတို့ တောင့်တကြ၊ တည်ဆောက်ကြတာသည် ဘုန်ကြီးကျောင်းဖြစ်နေသည်။ ဘုန်းတော်ကြီးကျောင်းတည်ထောင်ခြင်းမှ  မြန်မာများ ဖြစ်လိုသော အိမ်မက်များစွာရှိကြသည်။ သူတို့အိမ်မက်က နိဗ္ဗာန်ချမ်းသာမဟုတ်။ နိဗ္ဗာန်ထက် ပိုမိုအာသာဆန္ဒပြင်းစွာ လိုလားကြသည်ကား သားတွေသမီးတွေ မြန်မာစာ ရေးတတ် စာဖတ်တတ်ဖို့၊ နောက်ဗုဒ္ဓဘာသာ အကြောင်းသိဖို့ ဖြစ်သည်။ နောက်တဦးချင်းစီ၏ သာရေး နာရေးတို့ကို မြန်မာ အစဉ်အလာအတိုင်းလုပ်လိုကြသေးသည်။

နိုင်ငံရပ်ခြားရောက် မြန်မာအများစု ဘုန်းတော်ကြီးကျောင်းများအပေါ် ထားသော သဘောနှင့် သူတို့ရည်မှန်းချက် မျှော်လင့်ချက်ကို ဆန်းစစ်ကြည့်မိတော့  ဗုဒ္ဓဘာသာပီပီ သံသရာအရေးကို စိတ်ထဲထည့်ထားသော်လည်း ကိုယ့်အစဉ်အလာရှိခဲ့ဖူးသည့် ကိစ္စရပ်တို့ အတိုင်း ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်သော ကြောင့်ဟု ခံယူသူ များမည်ထင်ပါသည်။ မြန်မာ ဘုန်းကြီးကျောင်းမရှိခြင်းကြောင့် သူတို့စိတ်ထဲ အကြီးမားဆုံးသော လိုအပ်ချက်တခု ပျောက်ဆုံးနေသလို ခံစားရကြောင်း  ဒကာတယောက်ကလျှောက်ဖူးသည် ။ ငွေကြေးဖြင့် စည်းရုံးခံရ၍ ဘာသာတခုသို့ ရောက်သွားကြသူများ မရှိမဟုတ် ၊ရှိကြသည်။ ရတနာ့သုတ်လာ စကားတခုမှာ-စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော ဟုဆိုသည်။ ဘာသာအယူအဆတခုအပေါ် ခိုင်မာသူတို့သည် အရပ်လေးမျက်နှာမှ လေးတိုက်သော်လည်း မယိမ်းမယိုင်တည်သော ကျောက်တိုင်ကြီးကဲ့သို့ဟုဆိုသည်။ ထိုခိုင်မြဲသော ယုံကြည်မှုရှိသူသည် အရိယာအဆင့်ကို ဆိုလိုခြင်းဖြစ်သည်။ တိုင်းတပါးရောက် မြန်မာများ ငွေကျေးတည်းဟူသော လေကတိုက်ကြသောအခါ ယိမ်လဲကုန်သူများ၏ မခိုင်မာသော ကိုးကွယ်မှုကို မြင်ရသော်လည်း ငွေအခွင့်ရေး ဘယ်လောက်ပေးပေး ကိုယ့်ဘာသာသနာကို သေတပန် သက်တဆုံး ရဲရဲကြီး ဖက်တွယ်ထားမည့်သူများကိုလည်း ဝမ်းသာစွာတွေ့မြင်ရသည်။ ဘာသာသနာစောင်ရှောက်ရေးဟူသည် ဥပဒေစာရွက်ပေါ်က ကိစ္စမဟုတ်ပဲ နှလုံးသားထဲကကိစ္စဆိုတာ ထင်းရှားနေသည်။ ဘာသာတခုသို့ ပဲ့ထွက်သွားသူတို့အတွက် ဝမ်းပမ်းတနဲ ပြောဆိုကြ စိတ်မကောင်းဖြစ်ကြနှင့် ဒီအဖြစ်တွေက လွတ်အောင်ဆိုလျှင် သူတို့လိုအပ်နေသော ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးသည် စိတ်အဆာကို ပိုမိုတွန်းအားပေးနေခြင်းပင်ဖြစ်သည်။ မွေခံထိုက်စေ ဆိုတဲ့စကားလုံးလေးက မြန်မာတွေစိတ်ထဲ အသဲထဲ စွဲနစ်နေသော စကားတလုံး ဖြစ်သည်။ လူသားတို့အတွက် တာဝန်တွေ ကိုယ်စီ ရှိကြသည်ဟု ပြောဆိုနေကြသည် ။ ထိုတာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင် ခြင်းဖြင့် ကိုယ့်တာဝန်ကိုကိုယ်ကျေအောင် ဆောင်ရွက်ကြရသည်။ မြန်မာဗုဒ္ဓဘာသာတို့အတွက် သတ်မှတ်ထားသော တာဝန်ဟူသည် ဘာသာတရား အဆုံးအမက ပြဌာန်းပေးထားပြီးလည်း ဖြစ်သည်။

၂၀၁၂ခုနှစ်တုန်းက အဖြစ်အပျက်လေးတခုကို အမှတ်ရမိသည်။ ဖင်လန်နိုင်ငံမှ မိတ်ဆွေ ဒကာကလှမ်းလျှောက်သည်။ သူ့မိတ်ဆွေ၏ မိခင် ရက်လည်အတွက် ဆွမ်းကပ် အမျှဝေချင်သည်။ ဘုန်းကြီးကမရှိ။ရက်ကလည်းကပ်နေပြီ လေယာဉ်လက်မှတ်က အဆင်မပြေ။ ဒီတော့ အင်တာနက်ကနေပဲ တရားဟော ရေစက်ချပေးပါဟု လျှောက်လာသည်။ ကံဆိုးစွာ ထိုရက်မှာမှ အင်တာနက်လိုင်းမကောင်း ။ ဘုန်းကြီးကျောင်းမရှိခြင်းကြောင့် မြန်မာလို နာရေးကိစ္စကို အပြည့်အဝမလုပ်နှိုင်ခဲ့။  မြန်မာတို့ သတ်မှတ်ထားသော သားသမီး တာဝန် ဝတ္တရားများထဲ လှူမျှဝေ၍ ဆိုတာလည်းပါနေသည်။ ဒီတော့ ဒီတာဝန်ကို လူတိုင်းက ကျေချင်ကြသည်။ ကျေရန် ဘုန်းကြီးကျောင်း နှင့် ဘုန်းကြီးက လိုနေပြန်သည်။ ဘုန်းကြီးကျောင်း ရှိနေခြင်းဖြင့် မြန်မာတို့ စုရပ်တခု အလိုလိုဖြစ်လာသည်။ တဦး၏ အခက်အခဲတဦးက သိရှိ ကူညီခွင့် အကြံပေးခွင့် ရပြန်သည်။ ဒီတော့ ဘုန်းကြီးကျောင်းသည် ဘာသာရေး အတွက်လိုအပ်ချက်သာ မဟုတ်တော့ လူမှုရေး အတွက် ဆုံရပ်ပါ ဖြစ်လာပြန်သည်။ ဒီအခြေနေက မရှိမဖြစ်လိုအပ်ချက် ။မြန်မာတွေ နှစ်ယောက်ရှိလျှင် သုံးဖွဲ့ကွဲတယ် ဆိုသော မကောင်းသော အမွေးဆိုးကို ကိုယ်တိုင်မောင်းထုတ်ပြီး အဝေးရောက် မြန်မာတွေ ကိုယ့်လိုအပ်ချက်ကို တစိုက်မတ်မတ် လုပ်ကြလျှင် နိုင်ငံရပ်ခြားရောက်ကြသော်လည်း မြန်မာ့ယဉ်ကျေးမှုမပျောက် ဘာသာ သာသနာပါ နိုင်ငံရပ်ခြား၌ ထွန်းကားလာဖို့ရှိသည်မှာ ဧကန်ပင်ဖြစ်တော့သည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts