ရသဆောင်းပါးစုံ အုန်းနိုင်
စစ်အုပ်ချုပ်ရေးအောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (အပိုင်း၂)
အုန်းနိုင်
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
(ဓါတ်ပုံ..ပေါင်းတည်မြို့နယ် သရက်ခေါင်းကျေးရွာ လူထုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ  ဆွေးနွေးနေကြစဉ်)
● ပဲခူးတိုင်း(၁၄) မြို့နယ် လူငယ်အစည်းအဝေး
ဘာပဲဖြစ်ဖြစ် ..။ ဘယ်သူ မကျေနပ်..ကျေနပ် ရွေးကောက်ပွဲဝင်မယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်မြောက်ရေးကို ခဏထား၊ ရွေး ကောက်ပွဲနိုင်ရင်  ဒေါ်စုလွတ်လာမှာပဲဆိုတဲ့  အယူအဆက ရှေ့ တန်းရောက်လာတယ်။ ဒီအချိန်မှာ ပဲခူးတိုင်း  အနောက်ခြမ်း (၁၄)မြို့နယ် ရဲ့ အဖွဲ့ချုပ် လူငယ်အစည်းအဝေးကို ပေါင်းတည်မှာ ကျင်းပချင်တယ်ဆိုလို့ လက်ခံလိုက်ပါတယ်။ အဲဒီအချိန်မှာ..ဗဟိုက ပြည်မြို့နယ် အပေါ် အမြင်မကြည်လင်ဘူး။ အထူးသဖြင့် နတ်တလင်းက ဦးဇော်မင်းနဲ့ ဦးတင်အေးတို့အပေါ် မကြည်လင်ဘူးဆိုတာ အစည်းအဝေး လုပ်ဖြစ် တော့ပိုသိရပါတယ်။ အမှန်က ပဲခူးတိုင်းအနောက်ခြမ်း (၁၄) မြို့နယ်လုပ်ရင် ပြည်မြို့က အဓိကနေရာပါ။ ဒါမှမဟုတ် နည်းနည်း အလယ် ကျတဲ့မြို့ကိုရွေးရင် ကြို့ပင်ကောက်တို့၊ ဇီးကုန်းတို့ ဖြစ်သင့်တာပေါ့။ အဓိကကတော့ ပြည်ဖြစ်ရမှာကို ကပ်ပြီး ပေါင်းတည်မှာ  ကျင်းပမယ် ဆိုတော့ ပြည်က ဘယ်မှာကျေနပ်ပါ့မလဲ။
ပဲခူးတိုင်း  အနောက်ခြမ်းအဖွဲ့ချုပ် (လူငယ်) အစည်းအဝေးကို ဗဟိုလူငယ်က  မိုးဇော်ဦးနဲ့အဖွဲ့ တက်ပါတယ်။ မိုးဇော်ဦး မိဘများလည်း  ပေါင်းတည်မြို့နယ် ဘုရားငါးဆူရွာဇာတိတွေမို့ ကျွန်တော်နဲ့ရင်းနှီးပြီးသားပါ။ ပဲခူးတိုင်းအနေနဲ့ တာဝန်ခံ ဦးမြလေးနဲ့ ဦးမောင်အေးတို့ တက် ပါ တယ်။ ဦးမြလေးက ကျွန်တော့်အိမ်မှာ အိပ်ပါတယ်။ ကျွန်တော့်အိမ်နဲ့ မြို့နယ်အဖွဲ့ ချုပ်ရုံးက သုံးအိမ်ပဲခြားတာမို့  အစည်းအဝေးလုပ်ကာနီးမှာ နတ်တလင်းက ဦးဇော်မင်း (ပြည်ဇုံ တာဝန်ခံ) က ပြည်နဲ့ပေါက်ခေါင်းက လူငယ်တွေကို  ဦးဆောင်ခေါ်လာပါတယ်။ ဒါကိုသိတော့ ဦးမြ လေးက အစည်းအဝေးမတက်တော့ဘူး။ ဦးဇော်မင်းနဲ့ဆို မဖြစ်ဘူးလို့ ဆိုနေပါတယ်။ ကျွန်တော်နဲ့ ဦးမောင်အေးက   .. ဦးမြလေးဟာ တိုင်း တာဝန်ခံလည်းဖြစ်၊ အစည်းအဝေးတက်ရအောင်  ဒီမြို့ကိုလည်းရောက်နေပြီးမှ အစည်းအဝေးမတက်ရင် အရုပ်ဆိုးသွားမယ်လို့ ပြောတော့မှ
အစည်းအဝေးတက်ပါတယ်။
သူတို့  တိုင်းစည်းကော်မတီအတွင်းမှာ ဒီလောက်ဖြစ်နေတာကို အခုမှပဲ သိရတော့တယ်။ ပြည်မြို့နယ်က  အရင်တင်ခဲ့တဲ့ တိုင်း အရန်ဖွဲ့ ရေးကိစ္စရဲ့အဆက်ဖြစ်ပုံပေါ်ပါတယ်။ တကယ်တမ်း လူငယ် (၁၄) မြို့နယ်အစည်းအဝေးစတော့ ကိုဇော်မင်းက မတက်ပါဘူး..။ သူ လူငယ် တွေကို လိုက်ပို့တာပါဆိုပြီး ပြန်သွားပါတယ်။ တကယ်တော့ သူလည်း လူငယ်ပဲရှိပါသေးတယ်။ သူတို့  အခြေအနေက ဒီလိုပါ။
ကျွန်တော်က မြို့ခံအနေနဲ့ ဒီအစည်းအဝေးမှာ သဘာပတိလုပ်ရပါတယ်..။ သဘာပတိမိန့်ခွန်းပြောရမယ်ဆိုတော့ လောလောဆယ်  အနေ အထားအရ ပါတီတွင်းပဋိပက္ခဆိုတာ ရှိတတ်တဲ့သဘောဖြစ်တဲ့အကြောင်း ပြောမိပါတယ်..။ ဒါပေမယ့် ဒီမိုကရေစီမှာ ရန်/ငါဆိုတဲ့  သဘော တရားမရှိကြောင်း၊ ဒီမိုကရေစီယုံကြည်သူအချင်းချင်းရဲ့ အယူအဆကွဲမှု၊ အတိုက်အခံဖြစ်မှု၊ ဒီမိုကရေစီမယုံကြည်သူများနဲ့ အတိုက်အခံဖြစ် မှု၊ ကြားနေဆိုတဲ့သဘောကို ထည့်ပြောပါတယ်။ ဗဟိုလူငယ်များကကျွန်တော်ပြောတာကို သဘောကျ လက်ခံပုံပေါ်ပါတယ်။ နောက်ပိုင်းမှာ သူတို့က ဒီသဘောထားကို ထောက်ခံပြီးတော့လည်း ပြောပါတယ်။
ဦးမောင်အေးကတော့ အစည်းအဝေးအပြီးမှာ ဆရာကြီး ဒီလိုပြောလိုက်တာကို အမြို့မြို့ကတက်လာတဲ့လူငယ်တွေ သဘော ကျသွားပုံပေါ် တယ်။ သူလည်း သဘောကျတယ်။ ဆရာကြီးလိုလူမျိုးက ဒီလိုပြောလိုက်တော့ သူတို့ က  တိုင်းကလာတဲ့သူဖြစ်ပေမယ့် ဘာမှထပ်ပြောစရာ မလိုတော့ဘူးလို့  ပြောပါတယ်။ သူဆိုလိုတာက ကျွန်တော့်လို ကွန်မြူနစ်ဟောင်းတစ်ယောက်က ဒီလိုပြောတာလို့ ဆိုလိုတဲ့သဘောပါ။ သူတို့မှာက ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားတပ်ဦးဟောင်းတွေကို ကွန်မြူနစ်လို့ ယူဆထားပုံရပါတယ်။ အဓိကကတော့  ဗဟိုလူငယ် တွေနဲ့  (၁၄) မြို့နယ်လူငယ်များကလည်း ရွေးကောက်ပွဲဝင်ရေးကို ထောက်ခံသွားတာပါပဲ။ အောင်အောင်မြင်မြင်ပဲ ပြီးဆုံးသွားပါတယ်။
ဒီအစည်းအဝေးတွေပြီးတော့ ကျွန်တော်တို့ လည်းကျေးရွာစည်းရုံးရေးတွေ ပြန်ဆင်းပါတယ်။ ဒီတစ်ခါ ကျေးရွာတွေ  သွားတော့ဖွဲ့ စည်း ရေး  မဟုတ်တော့ပါဘူး၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျေးရွာတွေရဲ့ သဘောထားကိုလေ့လာရတာပါ။ ဒေါ်အောင်ဆန်းစုကြည်  အဖမ်းမ ခံရမီက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့သဘောထားနဲ့  ဒေါ်စုအဖမ်းခံရပြီး  လပိုင်းအတွင်း ရွေးကောက်ပွဲဝင်ရေးဖြစ်လာတဲ့အခြေအနေကို သွေးတိုးစမ်းပြီး ဟောပြောစုံစမ်းကြရပါတယ်။ အတိအကျ ကိုယ့်မူဝါဒ  သဘောတရား ချပြစည်းရုံးရတာလို ပိုင်ပိုင်နိုင်နိုင်မဖြစ်ပါ။ ဒါပေမယ့်လည်းကျေးရွာတွေကကိုရွေးကောက်ပွဲဝင်ရမယ်လို့ဆုံးဖြတ်ပြီးဖြစ်နေကြပါပြီ။ ရွေးကောက်ပွဲကို.. ဝင်သာဝင်..။ နိုင်ရစေမယ်…။ ပြည်သူက
ဒီမိုကရေစီကိုမဲပေးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့ ကို  မဲပေးမှာပဲလို့  ရဲရဲတင်းတင်း  ကတိပေးဆွေးနွေးကြတယ်။
ကျေးရွာကလူတွေ   အခုအတောအတွင်းသိချင်တာက ဘယ်လိုရွေးကောက်ပွဲပုံစံမျိုး…လဲ..။ မဲပေးပုံက…ဘယ်လိုလဲ..။အရင်လို   အဖြူ ပုံး၊ အနက်ပုံးပုံစံနဲ့ တော့မဖြစ်ဘူး။ လူတစ်ယောက်  မဲတစ်ပုံးထောင်ပြီး ကိုယ်ကြိုက်တဲ့ မဲပုံးကိုယ်ထည့်ရမယ်ဆိုရင်တော့…စိတ်ချ..။ မဲရစေရမယ်..။နောက်တစ်ခုက ဘယ်သူတွေအရွေးခံကြမှာလဲ၊ ကိုယ့်မြို့  ကလူတွေအပြင် တခြားက မိုးကျရွှေကိုယ်တွေ ပါလာဦးမှာလား..။
ဒါတွေပဲသိချင်ကြတယ်။ မဲပေးပုံစနစ်ကိုတော့   ကျွန်တော်တို့လည်းမသိသေးလို့  မပြောပြနိုင်သေးပေမယ့် အရွေးချယ်ခံမယ့်  သူတွေက တော့ ကိုယ့်မြို့ကသူပဲဖြစ်ရေးကို ကျွန်တော်တို့ကိုယ်တိုင်လည်း အထက်ကိုတင်ပြပြီးဖြစ်လို့   ရဲရဲပဲ ဝန်ခံပြောနိုင်ပါတယ်။ ဒီလိုနဲ့ပဲ သွေးတိုး စမ်း  တရားပွဲများကနေပြီး ပြည်သူကကို ထောက်ခံနေတာမို့  .. ကျွန်တော်တို့လည်း  ရွေးကောက်ပွဲဝင်ရေးကိုပဲ အလိုလိုလိုက်ပြီး စည်းရုံး ဟောပြောမိလာပါတယ်။ နောက်မှ  အစည်းအဝေးနဲ့ဆုံးဖြတ်ဖို့ လိုအပ်တယ်လို့ဆင်ခြင်မိလာပြီး စည်းကော်မတီမှာ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်  ချ လိုက်ပါတော့တယ်။
ဒီကြားထဲမှာ   ရန်ကုန်ကိုရောက်တော့   မဲပေးပုံကလည်း မဲပုံးတစ်ပုံးထဲမှာထည့်ရမယ်။ မဲပြားမှာသာ  အရွေးခံမယ့်  ကိုယ်စားလှယ်တွေရဲ့ အမည်၊ သူတို့ရဲ့အမှတ်အသားတွေဘေးမှာ မဲပေးသူက အမှတ်အသားပြုပြီး မဲပေးရမယ်ဆိုတာ သတင်းသိုးသိုးသန့်သန့် ထွက်လာလို့ သိ လာရပါတယ်။ ဒါကြောင့် ဒါကိုလည်း ရွာတွေမှာ နည်းနည်းတော့  ကြိုပြီးရှင်းပြထားနိုင်တာပေါ့။ တရားဝင်ကြေညာတာမဟုတ်သေးတော့ သတင်းကြားပဲလို့  စကားခံပြီး ပြောဟောရှင်းလင်းကြပါတယ်။
● မြို့နယ်ကိုယ်စားလှယ်လောင်း သတ်မှတ်ရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က   အောက်တိုဘာ (၁၂) ရက်နေ့ထုတ်ပြန်တဲ့   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်  စပ်လျဉ်း သည့် သဘောထားနှင့်  အခြေခံမူများဆိုတဲ့ ကြေညာချက် အမှတ် (၃၁) ကို  ထုတ်လိုက်ပါပြီ။  ဗဟိုကလည်း   တိတိလင်းလင်းရွေးကောက်ပွဲဝင်ရေး
ဖြစ်နေပါပြီ။
အဲဒီကြေညာချက်ရဲ့ အပိုဒ် (၁၈) (ခ) မှာ
(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်သင့်သောအမျိုးအစားများ။
(၁) ဒီမိုကရေစီလှုပ်ရှားမှုတွင်ပါဝင်ဆင်နွဲ ခဲ့သည့် လူကြီး လူလတ်၊ လူငယ်ပုဂ္ဂိုလ်များ ၊တတ်သိပညာရှင်များ၊ တောင်သူလယ်သမား၊ အ လုပ်သမား၊ ကုန်သွယ်စီးပွား၊ ပုဂ္ဂိုလ်များ၊ မြို့မိ မြို့ဖနှင့်  ရပ်မိရပ်ဖများ၊ နိုင်ငံရေးအစဉ်အလာရှိသူများ၊ မျိုးချစ်ရဲဘော်ဟောင်းအဖွဲ့ဝင်များ။
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့မူဝါဒဖြစ်သော ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကို ထောက်ခံသောပုဂ္ဂိုလ်များ။
(၃) ရွေးကောက်ပွဲတွင်  မိမိအတွက် စရိတ်အကုန်အကျခံနိုင်မည့်ပုဂ္ဂိုလ်များ။
(၄) အတိုက်အခံ ကိုယ်စားလှယ်လောင်းများအပေါ်ယှဉ်ပြိုင် အနိုင်ရရန် အလားအလာကောင်းသောပုဂ္ဂိုလ်များ။
(၅) မဲစာရင်းတွင် ပါဝင်သောပုဂ္ဂိုလ်များလို့  ဖော်ပြထားပြီး
(ဃ) ဦးစားပေးရွေးချယ်ရေးဆိုပြီး ထပ်မံအသေးစိပ်ထားတဲ့အချက်များကတော့
(၁) ပထမဦးစားပေး ။ ။ ဒီမိုကရေစီတိုက်ပွဲတွင်ပါဝင်ခဲ့၍ ဒေသခံလည်းဖြစ်၊ လူကြိုက်လည်းများသော၊ အရည်အချင်းလည်းရှိသော အခြေ ခံမှ ဆန္ဒရှိသူများ။
(၂) ဒုတိယဦးစားပေး ။ ။ အဖွဲ့ ဝင်မဟုတ်စေကာမူ တိုင်းပြည်အတွက် လိုအပ်မည့်သူများ။
(၃) တတိယဦးစားပေး ။ ။ အဖွဲ့ ချုပ်မှ ဆန္ဒရှိ၍ ဒေသသို့  ပို့လွှတ်အရွေးခံစေလိုသူများ။
(၄) စတုတ္ထဦးစားပေး ။ ။ အခြားအဖွဲ့အစည်းများမှပါဝင်သင့်သူများ……လို့ ဆိုထားတော့ ဗဟိုကပို့မယ်ဆိုပေမယ့် ဒေသခံက အဲဒီ ဖော်ပြ ချက်တွေနဲ့ မကိုက်ညီမှသာ ပို့မယ့်သဘောဖြစ်နေပါတယ်၊ ကျွန်တော်တို့မြို့ကို တိုင်းကဆင်းလာတဲ့ ဦးလှဖေနဲ့  ဦးမြလေးကို  မေးတော့လည်း လိုအပ်မှသာ  ဗဟိုက ချပေးမယ်လို့ ပြောပါတယ်။ မြို့နယ်ကော်မတီဝင်တွေနဲ့တက်ကြွသူများ..။ ကျေးရွာက လူတွေကပါ မြို့နယ်အတွက်  ကိုယ်စားလှယ် နှစ်နေရာအနက် တစ်နေရာမှာ  ကျွန်တော့်ကို သေချာပေါက်ထားပြီး ကျန်တစ်နေရာအတွက်  ဦးမြင့်သိန်း (မြို့နယ်လဝက ဦးစီးမှူးဟောင်း)၊ ဦးအေးသန်း၊ ဦးသန်းထွန်းနဲ့ ဦးမြင့်စိုး  (ပြန်/သံမြို့နယ်တာဝန်ခံ) တစ်ယောက်ယောက် ဖြစ်စေချင်ပါတယ်။
ဦးအေးသန်းနဲ့  ဦးသန်းထွန်းတို့နှစ်ယောက်စလုံး  တော်လှန်ရေးကောင်စီလက်ထက် ကျွန်းဆွယ် အရေးအခင်းမှာလှုပ်ရှားခဲ့လို့  အထိန်းသိမ်း ခံခဲ့ရဖူးသူများပါ။သူတို့  နှစ်ယောက်က ဘွဲ့ ရတွေလည်း ဖြစ်ပါတယ်။ ဦးမြင့်သိန်းကလည်း ဘွဲ့ မရပေမယ့် လဝကမြို့နယ်မှူးအဖြစ် အမြို့မြို့   အနယ်နယ်၊ ပြည်နယ်နဲ့ တိုင်းအမျိုးမျိုးမှာ အမှုထမ်းခဲ့ပြီး နယ်စပ်ဒေသအတွေ့ အကြုံရှိတဲ့အပြင် ဖဆပလခေတ်နိုင်ငံရေးမှာ ပြူစောထီးစီမံ ကိန်းမှာတောင် ပါခဲ့ဖူးသူပါ။ ပထစဝန်ကြီးဟောင်း  သခင်တင်မောင်ရဲ့တူတော်ပြီး မိဘစဉ်ဆက် ပေါင်းတည်မြို့ နိုင်ငံရေးမှာ အစဉ်အလာ ရှိခဲ့သူပါ။ ဦးမြင့်စိုးကလည်း ဘွဲ့ရလူငယ်တစ်ယောက်ဖြစ်တဲ့အပြင် ပြန်ကြားရေးဌာန (ပြန်/သံ) မြို့နယ်မန်နေဂျာပါ..။ ဒီ ရှစ်လေးလုံးအရေး အခင်းကြီးထဲမှာ ကျောင်းသားတွေနဲ့အတူ  ပါဝင်လှုပ်ရှားတက်ကြွသူ  အငြိမ်းစားတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စည်း ကော်မတီနဲ့  အများစုက မြို့ခံ ပုဂ္ဂိုလ်တွေကို အားရကျေနပ်နေပါတယ်။
ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းဟာ ကိုယ့်မြို့ကပဲဖြစ်ရမယ်ဆိုတာ သေချာအောင် တိုင်းကို အတိအလင်းပဲ ထုတ်ဖော် ပြော ကြပါတယ်။ တိုင်းကလည်း   ဒါဟာပြဿနာမဟုတ်၊ ရွေးကောက်ပွဲဝင်ရေးကိုလက်ခံတယ်ဆိုရင် ပြီးပါပြီလို့  ပြောကြပါတယ်။
● ပဲခူးတိုင်း (၂၈) မြို့နယ် စုံညီ အစည်းအဝေး
နိုဝင်ဘာလ (၂၅) ရက်နေ့မှာတော့ ပဲခူးတိုင်း(၂၈) မြို့နယ် စုံညီအစည်းအဝေး  ခေါ်ပါတယ်။ ရွေးကောက်ပွဲဝင်ရေးအပေါ် မူအရ ပေါက်ခေါင်း တစ်မြို့နယ်တည်းက ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ ပေါက်ခေါင်းက  ဦးသန်းထွဋ်က မျိုးချစ်ရဲဘော်ဟောင်းများရဲ့ (၁၉၈၉) ခု ဇွန်လ (၂၄) ရက်နေ့က ထုတ်ထားတဲ့စာကိုထောက်ပြပါတယ်။ သူထောက်ပြလိုက်တော့မှ   အဲဒီတုန်းကစာထွက်တာနဲ့ပတ်သက်လို့ ဒေါ်အောင် ဆန်းစုကြည်ကို   နောက်ကျောကဓားနဲ့  ထိုးတာလားလို့…ကျနော်ထင်ခဲ့မိတာကို  ပြန်ပြီးသတိရမိတယ်။ အဲဒီ  စာထွက်တုန်းက  တော်တော် စိတ်လှုပ်ရှားခဲ့မိပေမယ့် နောက်ပိုင်း  ပါတီတွင်းဂယက်၊ ပြည်မြို့နယ်စု  ဂယက်တွေနဲ့  နောက်တန်းရောက်သလိုလိုဖြစ်သွားပြီး   အခု..ဦး သန်းထွဋ်က ဒီစာကိုပြန်ကောက်ပြလိုက်တော့မှ  ကျွန်တော်လည်း  လိပ်ပြာမသန့်သလို ဖြစ်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က  ရွေးကောက်ပွဲဝင်မယ်၊မဝင်ဘူး…မဆုံးဖြတ်ရခင်ကပဲ မျိုးချစ်ကြီးတွေက  ရွေးကောက်ပွဲဝင်ရေး..။စစ်တပ်နဲ့  ထိပ်တိုက်ဖြစ်မှု  ရှောင်ရှားရေးမူ ကိုချပြီး…စစ်တပ်ကိုယုံပါ။ ဒေါ်အောင်ဆန်းစုကြည်  စစ်တပ်ကိုထိခိုက်ဟောပြောတာရှောင်ပါ။ ဒေါ်စုလူတွေ ကိုလည်း ထိန်းပါဆိုတာတွေ အဲဒီကြေညာချက်မှာ  ပါခဲ့တာကို..သတိရလာပါတယ်။ စစ်တပ်ကို ကွန်ဖရန်တေးရှင်းမလုပ်ပါနဲ့..။သူတို့  မျိုး ချစ် ရဲဘော်ကြီးများကတော့မလုပ်ပါဘူး။ ဒီလို..ကွန်ဖရန်တေးရှင်းနဲ့ အရေးယူရင်  ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့လူတွေပဲယူပါ၊ ကျုပ်တို့  မျိုး ချစ်ကြီးများ.. အဲဒီအထဲ  မပါပါဘူးဆိုတဲ့  အပေါက်မျိုးတွေချိုးခဲ့တာ ..။
ဦးသန်းထွဋ်က တချက်ချင်း  ထောက်ပြပြီး  အခုဒေါ်အောင်ဆန်းစုကြည်အဖမ်းခံရပြီး ရွေးကောက်ပွဲဝင်ရေးလမ်းစဉ်ကို အချိန်ကိုက်ပြန်ဖော် လာတဲ့   မျိုးချစ်ရဲဘော်ဟောင်းကြီးများရဲ့   သဘောထားကို မူအနေနဲ့  ဝေဖန်တာပါ။ ရွှေတောင်ဦးသန်းကြွယ်ကလည်း   ဦးသန်းထွဋ်ကိုထောက် ခံပေမဲ့ ရွေးကောက်ပွဲဝင်ရေးကိုလဲ..ထောက်ခံပါတယ်။ ဒီအစည်းအဝေးမှာ  မကျေနပ်မှုတွေတော့ရှိတယ်၊ ဗဟိုကိုမယုံကြည်ကြဘူး၊ မြို့နယ် စလုံးကပဲ ရွေးကောက်ပွဲဝင်ရေးကိုတော့ လက်ခံကြတယ်။
ဗဟိုကို  မကျေမနပ်ဖြစ်နေကြ တဲ့အချိန်မှာ ဗဟိုကလည်းကဘောက်တိကဘောက်ချာလုပ်ပါတယ်။ ဒီအစည်းအဝေးမှာ  ရွေးကောက်ပွဲဝင်ရေးကိုအားလုံးကထောက်ခံတယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို လိုချင်နေတယ်။ရွေးကောက်ပွဲဝင်မယ်ဆိုပြီး   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့်သဘောထားနှင့်အခြေခံမူများဆိုတဲ့  ကြေညာချက်(၃ဝ)နဲ့ ( ၃၁)ကိုတောင်  ထုတ်ပြီးနေမှရွေးကောက်ပွဲဝင်ဖို့ အောက်ခြေကသဘောတူလို့  ဝင်တာပါဆိုတာမျိုး  လုပ်ချင်နေပြန်ပါတယ်။
ဒီ့ပြင်လည်း အဲဒီကြေညာချက်(၃၁)ကိုပဲ  လက်နှိပ်စက်ရိုက်ပြီးထုတ်ပြန်ထားတဲ့  အခြေခံမူများမှာ အပိုဒ်(၁၆)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းရေးမှာ မူလက  မပါတဲ့ (က) (ခ) နဲ့ (စ)အပိုဒ်တွေပါလာပြီး.. ဗဟို၊တိုင်းနဲ့ မြို့နယ်အဆင့် ဖွဲ့ စည်းရေးပုံစံတွေပါလာပြီး (၁၇)မှာတော့လုံးဝကွဲပြားခြားနားတဲ့  ရွေးကောက်ပွဲအတည်ပြု ရေးအဖွဲ့ ဆိုတာ ပါလာတာကို
ထောက်ပြဆွေးနွေးကြပါတယ်။
ဒီအပိုဒ်တွေအရ  မြို့နယ်က  ရွေးချယ်စိစစ်ရေးအဖွဲ့ ကိုစည်းကော်မတီ(၃)ဦး၊ ပြင်ပပါတီဝင်မဟုတ်သူ(၃)ဦးပါဝင်တဲ့  ကော်မတီက  ရွေးချယ်စိစစ်ပြီး ဗဟိုကအတည်ပြု ပေးရမယ်လို့ပါတာကြောင့်ပါ။မြို့နယ်စိစစ်ရေးကော်မတီမှာ  စည်းကော်မတီဝင် အရေအတွက်နဲ့ အတူ အပြင်လူသုံးဦးခန့်တာက ပါတီမှာအတွင်းထရံအပြင်  ကာရာမကျဘူးလား..။ သူတို့  ကသိကအောက်လုပ်ရင်ပါတီတွင်းပြဿနာကို   အပြင်ကနှောင့်ယှက် တာခံရမနေပေဘူးလား လို့   ဆွေးနွေးကြ ပါတယ်။ ဒါကို..ဦးလှဖေရော၊ဦးမြလေးကပါ…ဒါဟာ လုပ်ထုံးလုပ်နည်းပါပဲ။  အဲဒီအပြင်က သုံးဦးခန့် တယ်ဆိုတာလည်း  စည်းကော်မတီကခန့်တာပါပဲလို့  ..ဆိုလိုက်တော့။ ဒါကြီးက  ရီစရာဖြစ်သွား ပါတယ်။ ဒါပေမယ့်
သူတို့မြို့မှာ အရည်အချင်းပိုင်းအားနည်းလို့   ဗဟိုကမြို့နယ်ထက် အရည်အချင်းသာသူများကို  ချပေးဖို့တင်ပြတာတွေလည်းရှိပါတယ်။ ဒီလိုဆိုတော့လည်း   သူ့ အိုးနဲ့သူ့ဆန်  အတန်ပဲဖြစ်သွားမှာပေါ့လို့.. ယူဆရပါတယ်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts