Suu L Linn အင်တာဗျူး

အဆိုတော် ၁၀၀ ထဲက ဟာမိုနီ တယောက် … ခင်မြတ်မွန်နဲ့ စကားလက်ဆုံ

 

 

အဆိုတော် ၁၀၀ ထဲက ဟာမိုနီ တယောက် …  ခင်မြတ်မွန်နဲ့ စကားလက်ဆုံ

ဆူးအယ်လင်း၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄

တေးဂီတပွဲတွေမှာ ရှေ့က အဆိုတော်သီဆိုနေသည့် အစီအစဉ်အတွင်း တီးဝိုင်းနဲ့အတူ နောက်ခံ သီချင်းဆို ပံပိုးပေးသည့် ဟာမိုနီ အဆိုတော်များ၊ အဆိုပညာသည်များ ရှိသည်။ တီးဝိုင်းများ၊ တေးဂီတအစီအစဉ်များတွင် ဟာမိုနီပညာရှင်များ၊ ဟာမိုနီအဖွဲ့များကို ပရိသတ်တို့ မြင်တွေ့ ရင်းနှီးနေကြဖြစ်သည်။

“လူတစ်ရာမှာ အဆိုတော်တစ်ယောက်၊ အဆိုတော်တစ်ရာမှာ ဟာမိုနီတစ်ယောက်သာ ထွက်ရှိနိုင်သည် …” ဆိုသည့် ဟာမိုနီဂီတပညာသက်တမ်း နှစ် ၃၀ ရှိပြီဖြစ်သည့် မခင်မြတ်မွန်နှင့် မိုးမခမီဒီယာမှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။                              

မင်္ဂလာပါအစ်မ။

မင်္ဂလာပါ။

အစ်မရဲ့ လတ်တလောလုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုလေးအကြောင်း နဲနဲပြောပြပေးပါ။

အစ်မ သီချင်းတွေသင်တယ်၊ သင်တန်းတွေပေးတယ်။ တစ်ခါ အဆိုသင်တန်းတွေ အကဲဖြတ်ဒိုင်တွေ ထိုင်တယ်။ Starless sky ကတော့ ပင်တိုင်ထိုင်ပေါ။့ ကျန်တဲ့အဆိုပြိုင်ပွဲတွေကတော့ ကြားပေါက်ဧည့်သည် သွားထိုင်တာပေါ့ ဟိုတလောကပဲ စိန်ဂေဟာက Valentine အမှတ်တရဆိုပြီးတော့ စုံတွဲသီချင်းတွေပြိုင်တာ သွားထိုင်ပေးထားတယ်။ အိပ်မက်စုံရာတို့ ဘာတို့မှာလည်း ဧည့်သည်အနေနဲ့ သွားထိုင်ပေးတာပေါ့နော်။ နောက် … ဟာမိုနီပေါ့။ ဟာမိုနီကတော့ life door လည်းရှိတယ် နောက် indoor ပေါ့။ recording studio သွင်းတာလည်းရှိတယ်။

သီချင်းဆိုတာနဲ့ ဟာမိုနီလိုက်တဲ့လူနဲ့ ဘယ်သူကပို ခက်ခဲပါသလဲ။

ဘယ်သူက ပိုခက်လဲဆိုတော့ အမှန်တိုင်းပြောရရင်တော့ … ဟာမိုနီသည် ရှေ့ကဆိုတဲ့အဆိုတော်ထက် ပိုခက်တယ်။ ပြောချင်တာကကွာ … လူအယောက်တစ်ရာမှာ အဆိုတော်တစ်ယောက်ထွက်ဖို့ ခက်တယ်။ အဆိုတော် အယောက်တစ်ရာမှာ ဟာမိုနီအဆိုတော်တစ်ယောက် ထွက်လာဖို့ ခက်တယ်။ ရှေ့ကဆိုတာလည်း လွယ်တယ်လို့ မပြောပါဘူး။ ရှေ့ကအဆိုတော်တွေလည်း တအားခက်တာတွေရှိတယ်။ ဟာမိုနီကတော့ လူတိုင်း မဆိုနိုင်တဲ့ပညာပေါ့။ အဆို တော်တိုင်း မရတဲ့ပညာပေါ့ ။ အဲတော့ ပိုလည်းခက်ပါတယ် ဆိုရတာ။

အဆိုတော်နဲ့ ဟာမိုနီ ဘယ်ဟာ ပိုအဓိကကျပါသလဲ။

ပြောချင်တာကတော့ ရှေ့ကအဆိုတော်ကို မှီပြီးတော့ ဟာမိုနီဆိုရတာကိုး။ အဲသည်တော့ ရှေ့ကအဆိုတော်ကလည်း သူ့အပိုင်းနဲ့သူ အရေးကြီးသလို။ ဒီဟာမိုနီကလည်း အရေးကြီးတယ်။ ရှေ့ကအဆိုတော် ပိုကောင်းလာအောင် သီချင်းပိုပြီးတော့ သက်ဝင်လာအောင် ရုပ်လုံးကြွလာအောင် ပုံဖော်ရတာကိုး။ ဒါ package ပါ။ Package ထဲက ဒါအကုန်လုံး ဖွဲ့စည်းထားတဲ့သဘောပေါ့။ အတီးတွေ အဆိုတွေ စာသားတွေ ဟာမိုနီတွေ ဒါ အကုန်ပေါင်းစပ်ပြီးတော့မှ သီချင်း ဆိုတဲ့ တစ်ပုဒ်က ဖြစ်လာတာ။ သူ့ထောင့်နဲ့ သူတော့ အရေးကြီးကြတာပေါ့။

အဆိုတော်သစ်တွေ အများကြီးပေါ်လာတဲ့အပေါ် ဟာမိုနီတစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။

အဆိုတော်တွေကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အရမ်းဖေါင်းပွနေတယ်။ အိမ်မှာတောင် နောက်နေသေးတယ်။ ‘သိမ်ကြီးဈေးတို့ ဘာတို့မှာ အရုပ်ရောင်းနေသလို သုံးရုပ် တစ်ရာ … ပေါ့။’ အဲလိုတောင် အိမ်မှာနောက်ကြသေးတယ်။ ဒါပေမယ့် သူ့ဟာသူ အရေအတွက်တွေ ဘယ်လောက်များများ အရည်အချင်းက အဓိကပဲ ။ တကယ်တမ်း အရည်ချင်းမရှိရင်တော့ ဒီလောကထဲမှာ ရေရှည်တော့ ဆက်မသွားနိုင်ပါဘူး။ တကယ်အရည်အချင်းရှိပြီးတော့ ၀မ်းစာပြည့်စုံမှသာ ဒီလောကကြီးမှာ ဒီနယ်ပယ်မှာ အကြာကြီး ဖြတ်သန်းနိုင်မှာပေါ့နော်။ ခိုင်ခိုင်မာမာနဲ့။

အစ်မအနေနဲ့ ဟာမိုနီနဲ့ ပတ်သက်ရင် ဘယ်လို mode မျိုးသွင်းပြီး ဆိုဖြစ်ပါသလဲ။

ဟာမိုနီကတာ့ ငယ်ငယ်လေးကတည်းက အရမ်းဝါသနာပါတာ။ အစ်မတို့ခေတ်ကဆိုရင် ဒီ စတီဒီယိုသီချင်းတွေတောင် သိပ်ခေတ်မစားသေးဘူး။ ရေဒီယိုအားကိုးပြီး နားထောင်ရတာ။ ရေဒီယိုမှာ “ဝေဟင်မှာ လေယျာဉ်စီး … ရီးလေးလေးခို” အဲဒီခေတ်ကတည်းက …။  “ကိုကို… ယောကျာင်္းမဟုတ်ဘူး” ဘာညာ … အဲဒီဘ၀။ အဲဒီအချိန်ကတည်းက သီချင်းသံကြားရင် ဟာမိုနီကို လိုက်လိုက် လေ့ကျင့်နေတာပေါ့နော်။ ဟာမိုနီက အစတည်းကကို အသွေးထဲအသားထဲမှာကို စိမ့်ပြီးတော့ စီးဝင်လာတာ ၀ါသနာကို သူ့အလိုလျှောက်ကို ပါလာတာ။

အဆိုတော်နဲ့ ဟာမိုနီ သီချင်းဆိုတဲ့အခါ အပေးအယူလေးကိုလည်း နဲနဲလောက်ရှင်းပြပေးပါအစ်မ။

ချိတ်ဆက်ကတော့ အပေးအယူ တစ်ယောက်တစ်လှည့်ရှိတာပေါ့နော်။ အဓိက Life Show တွေကြရင်တော့ ဒီရှေ့ကအဆိုတော်က တချို့လည်း အရမ်းကောင်းတာပေါ့။ တချို့လည်း ဒီ Life Showကျရင် ‘ဂွမ်း’ တဲ့အဆိုတော်တွေလည်း ရှိတယ်။ အထဲမှာ အရမ်းကောင်းနေပြီး တကယ်အပြင်မှာ ဆိုတဲ့အခါမှာ ကီးမ၀င်တဲ့ အဆိုတော်တွေလည်းရှိတယ်။ စည်းဝါးချော်တဲ့အဆိုတော်တွေလည်းရှိုတယ်။ အဲဒါမျိုးကျရင် ဟာမိုနီက အသေကို ပံ့ပိုးရတယ်။ အဲဒီနေရာမှာ ဟာမိုနီက တန်ဘိုးရှိတယ်ပေါ့နော်။ 

ဝါသနာရှင် အဆိုတော်ရှင်သစ်တွေအတွက် မေတ္တာစကားနဲ့ အသံပိုင်းလေ့ကျင့်မှုလေးကိုလည်း နဲနဲလောက် ပြောပေးပါ။

အသံပိုင်းကတော့ နိုင်ငံခြားကလာတဲ့ခွေတွေလည်း လက်လှမ်းမီရင်လေ့လာပေါ့။ တခုရှိတာက နိုင်ငံခြားက အင်္ဂလိပ်လိုပြောပြီး ကျင့်ခိုင်းတယ်။ ကိုယ်လည်း နားလည်တဲ့အပိုင်းရှိမယ်။ နားမလည်တဲ့အပိုင်း ရှိမယ်။ နားမလည်လို့ အယူအဆမှားပြီး ကျင့်မိရင် ဒုက္ခရောက်သွားနိုင်တယ်။ မမွန်က ညွှန်တာက အမြဲတမ်း … ဆရာဦးစောနု Vocal Lesson ခွေလေးရှိပါတယ်။ အဲဒါလေး တကယ်ကောင်းပါတယ်။ ဘာလို့ဆိုတော့ ဆရာဦစောနုကလည်း အဆိုပိုင်းနဲ့ USSR (ဆိုဗီယက်ယူနီယံ) မှာ ဒီပလိုမာရထားတာ။ နောက်တစ်ခုက အားကစားလုပ်ရင်တော့ ပိုကောင်းတယ်။ အဆိုသမားအမောခံနိုင်ရင်တော့ ပိုကောင်းတယ်။

အမ … ဂီတလောကထဲကိုဝင်ခဲ့တာ ဘယ်နှခုနှစ်လောက်က ဖြစ်မလဲ။

စဆိုတာတော့  ၇တန်းနှစ်လောက်က စဆိုတာပေါ့။ ဒါပေမယ့် အစ်မတို့တုန်းက ဒီအပျော်တန်းပေါ့။ အပျော်တန်းကို ဆယ်နှစ်လောက် ဆိုခဲ့ရတာ။ ပိုက်ဆံတစ်ပြားမှ မရတဲ့ဘ၀ကို ဆယ်နှစ်လောက် ဖြတ်ခဲ့ရတာ။

အဲဒါ ဘယ်နှစ်ခုနှစ်လောက်က ဖြစ်မလဲ အစ်မ။

၁၉၇၄ ခုနှစ် …

အဲတုန်းကရော ဟာမိုနီပဲလား အစ်မ။

အဲတုန်းက ရှေ့အဆိုတော်ပေါ့။ ဒါပေမယ့် အဖွဲ့တွေအသင်းတွေနဲ့ ဆိုတဲ့အခါကျတော့ မမွန်က ဟာမိုနီ နဂိုကတည်းက ၀ါသနာပါတယ်။ ဟာမိုနီလည်း ဆိုတတ်တယ်၊ ပြုတတ်တယ်။ Notes တွေလည်းတတ်တယ် ဆိုတော့ တီးဝိုင်းခေါင်းဆောင်က အမြဲတမ်း ဟာမိုနီတွေလိုက်ခိုင်းတယ်။ အဲဒီ့ထဲက လုပ်ခဲ့ တာပေါ့နော်။ တကယ် Music Professional ထဲကို ရောက်တာတော့ ၈၄ ခုနှစ်က ရောက်တာ New Wave Band က ပင်တိုင်အဆိုတော် ဆိုပြီး ခေါ်တာပါ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ။

ကျေးဇူးတင်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts