ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ၈၈ ရုံးတွင် အစည်းအဝေးပြုလုပ်

 

ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ၈၈ ရုံးတွင် အစည်းအဝေးပြုလုပ်

ဟန်သစ်နိုင်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄

ဖေဖော်ဝါရီ ၁၈ရက် နံနက် ၁၀ နာရီ တွင် နော်ဝေးနိုင်ငံသား ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးမှ (Communication Advisor) Havard Kleppa သည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈) ရုံးတွင် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။

            နော်ဝေးနိုင်ငံသား Havard kleppa သည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကဏ္ဍတွင် အချင်းချင်း အပြန်အလှန်ဆက်သွယ်ရေးများလုပ်ဆောင်ရပြီး တိုင်ပင်ဆွေးနွေးမှုတွေရှိသင့်ကြောင်း၊ အများသဘောတူညီချက်များ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်သင့်ကြောင်း၊ လိုချင်တာကိုမသိဘဲလုပ်ဆောင်လျှင် အမှားတွေဖြစ်နိုင်ကြောင်း၊ အရေးမကြီးတာတွေဖယ် အရေးကြီးတာတွေလက်ခံပြီး အပေးယူမျှတဖို့လိုအပ်ကြောင်း၊ တိုင်းရင်းသားနှင့် လူမျိုးရေး၊ ဘာသာရေးများသည် တန်းတူညီမျှမှုဖြစ်ရပြီး အားလုံးသည်လူ့အခွင့်ရေးထဲတွင် ပါဝင်ကြောင်း၊ တစ်ယောက်အခွင့်အရေးကို တစ်ယောက်ကလေးစားသင့်ကြောင်း ပြောဆိုဆွေးနွေးသွားခဲ့သည်။

 

            ဆက်လက်၍ ၄င်းက“ယုံကြည်မှုတည်ဆောက်တဲ့အခါ mind-setတွေက လုပ်ဖို့ခက်ခဲပြီး၊ mind-setတွေ ချိန်းဖို့ဆိုရင် အချိန်အများကြီးယူပြီး ဖြေးဖြေးသွားဖို့လိုအပ်တယ်” ဟုပြောသွားသည်။

            ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုပြုံးချိုက ၄င်းပွဲကိုပြုလုပ်ရခြင်းသည် နော်ဝေးနိုင်ငံပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး ဖြတ်သန်းလာသောအတွေ့အကြုံများကိုရရှိဖို့နှင့် သင်ခန်းစာများကိုသိစေချင်ကြောင်း၊  လူငယ်တွေလေ့ကျင့်မှုတွေရပြီးပါဝင်ခွင့်ရဖို့အတွက် နောက်ပိုင်းတွင် အမေးနှင့်အဖြေ အစည်းအဝေးတွေကို လွတ်လွတ်လပ်လပ်ပြောခွင့်ရဖို့ ပြုလုပ်ပေးတဲ့ပွဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေးအတွက် အံဝင်ခွင်ကျဖြစ်စေနိုင်မည့်အကြောင်းအရာများကို တာဝန်ရှိသူတွေအနေနဲ့ ထိုအချက်များကို စဉ်းစားမယ်ဆိုရင် ပြောင်းလဲရေးဟာအားလုံးအတွက် အကျိုးရှိစေနိုင်ကြောင်း ပြောသွားခဲ့သည်။

 

            ဆက်လက်၍၄င်းက“ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိအောင် တည်ဆောက်ဖို့လိုသလို ယုံကြည်မှုအခြေခံဖြစ်တဲ့ တဖက်နဲ့တဖက် အပြန်အလှန်လေးစားမှုလည်းလိုတယ်၊ ငြိမ်းချမ်းရေးကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ ပါလီမန်နဲ့အစိုးရအဖွဲ့အစည်းကိစ္စတွေမှာ ယုံယုံကြည်ကြည်နဲ့တည်ဆောက်နိုင်မယ်၊ သံသယတွေရှိနေရင် ရှေးဆက်အဟန့်အတားတွေ အများကြီးဖြစ်နိုင်တယ်” ဟုပြောပြခဲ့သည်။