ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

နားနှင့်ဖတ်ခဲ့ရသော စာအုပ်များ၏သမိုင်း

အရှင်ဇဝန (နိုင်ကျဉ်ဟောင်း)
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄

 

အတိတ်ခရီးတို့ကား ဖြတ်ကျော် ချန်ထားခဲ့ပြီးဖြစ်သည် ။ စိတ်ရင်ပြင် အထက်မှာတော့ ချန်ခဲ့သော ခြေရာ အထပ်ထပ် တို့က နေရာယူထင်ကျန်ပြန်သည် ။ အချိန်ကာလတို့ တိုက်စားမှု မခံရမှီ ထိုခြေရာတို့ကို ခြေရာကောက် ရသော် တချို့က ပီပီသသ၊ တချို့က မပီဝိုးဝါး ။ စိတ်ထဲက အတိတ်ဖော်စက် မချို့ယွင်းမှီ တချို့ကို စစ်ထုတ်ဖို့ ကြိုးစားကြည့်ချင်သည် ။ ကာလတကန့်ပေမယ့် ထိုကာလတကန့်သည် မလိုချင်သော်လည်း  ရယူခဲ့ရသော ကာလ တွေချည်း  ။ ဒီတော့ မေ့ထားချင်ခဲ့သည် ။မေ့မရခဲ့။ မေ့ရခက်ခက် သိမ်းရခက်ခက် အဖြစ်မျိုး ။ ထောင်မှ လွတ်သူတိုင်းကို သတင်ဌာနတွေက အင်တာဗျူး ပြီဆိုလျှင် ထောင်ထဲ မေ့မရနှိုင်ဆုံး တခုကို ပြောပါဆိုသည့် မေးခွန်းက ပါလာစမြဲ ။ မမေ့ စရာတွေက လူတိုင်းကိုယ်စီ အသီးသီး ရှိကြသည်မဟုတ်လား ။

 

ဝါရှင်တန်ရောက်တုန်းက ကိုဇော်ဝင်း ပြောဖူးသော စကားတခွန်းရှိသည် ။

 

“ဝိုင်းတဝိုင်းမှာ သူတို့ထောင်ထွက်တွေ ဆုံမိရင် သီးသန့်စကားတဝိုင်းဖြစ်ရော၊  တထောင်ထဲ အတူတူနေခဲ့ကြသူ မဟုတ်တာတောင် ထောင်ထွက်၂ယောက်တွေ့မိရင် စကားဝိုင်းတဝိုင်းဖြစ်တယ် ”

 

သူတို့ အခြားသူတွေ သတိထားမိအောင်ပင် ထောင်တွေရဲ့ပုံကဖြစ်နေပုံရသည် ။ ဒီတော့လည်းသူက ပြောပါလိမ့်မည် ။ ဒီစကားက အမှန်ပဲဖြစ်သည်။ အတူတူ တထောင်တည်းနေခဲ့ရသည် မဟုတ်သော်လည်း တချိန်းတည်း ထောင်ကျသူ နှစ်ဦး ဆုံမိလိုက် လျှင် သူနှင့် အတူနေသူတွေက ကိုယ့်အမှုတွဲတွေဖြစ်ချင်ဖြစ်နေမည်။ အင်းစိန်တွင် အတူတူနေခဲ့ဖူးသူတွေကို တထောင်စီ ခွဲပို့တော့ အတူတူ ထောင်ကျပေမယ့် ထောင်ထွေကွဲကုန်သည်။ သူ့အမှုတွဲက ကိုယ်နှင့်တထောင်တည်း ဖြစ်နေပြီး ကိုယ်အမှုတွဲက သူတို့ထောင်ကို အတူတူ ပါသွားသူဖြစ်နေတတ်သည်။ ဒီတော့ မြန်မာပြည်က ထောင်  ဘယ်ထောင်မှာပဲနေခဲနေခဲ့ ထောင်ထွက် အချင်းချင်း တွေ့လျှင် ပြောစရာ မေးစရာတွေက မကုန်နှိုင် အောင် ရှိနေကြတော့သည်။

 

အခုလို အင်တာနက်ခေတ်ကြီးထဲမှာဆိုတော့ စကားဝိုင်းတွေတောင်ရှာစရာမလို အွန်လိုင်းပေါ်တက်လိုက်သည်နှင့် တယောက်မဟုတ် တယောက် ကိုတွေ့နေရသည်။ တချို့ဆို အွန်လိုင်းပေါ်ရောက်မှာ ထောင်ထွက် မှန်းသိကြရသည် ။ဒီတော့ လည်း မေးဖြစ် ပြောဖြစ်ကြပြန်ရော။ အတူနေခဲ့ဖူးသူ ဆို ပိုလို့ပင် ပြောစရာတွေက များပြားလှပါဘိ။

 

သာယာဝတီ ထောင်မှာ အတူတူနေခဲ့ဖူးသူ ကိုရဲဝင်း ဖေ့စ်ဘုတ်ပေါ်ကနေ ဟိုင်းလို့လှမ်းလုပ်သည်။ ထုံးစံအတိုင်း မမြင်မတွေ့ရတာ ကြာပြီဖြစ်သော မိတ်ဆွေတွေ သတင်းကို ဖလှယ်မိကြသည်။ ဖလှယ်မိတဲ့ စကားတွေအထဲ ထောင်ထဲ အတူနေခဲ့သူတွေထဲ ထင်ရှားရှိသေးသူ ၊မရှိတော့သူအစုံ။  ထောင်ထဲ အတူနေခဲ့ပြီး ထောင်ထဲမှာပင် အသက်ပေးသူ၊ ထောင်မှလွတ်ပြီး ထောင်ဒဏ်ရာ ဒဏ်ချက်နဲ့  တော်လှန်ရေးခရီးခဲထဲမှ ကျန်ခဲ့သူတွေ အကြောင်းကို အလျှင်းသင့်သလို ရေးဖြစ်နေသည်။ ခုကိုရဲဝင်းနဲ့ ဆုံအပြီး ရေးစရာ လူများထပ်တိုးလာသည်။

 

“ဂုရုဆုံပြီးဆို ဟုတ်လား”

 

သူကနှစ်နှစ်လောက်ပင်ရှိပြီ ဖြစ်ကြောင်း ပြန်ဖြေသည်။

 

၁၉၉၀ အင်္ဂပူ အမတ် ဦးမြဝင်းနှင့်ဆုံစဉ်က အမှတ်မထင် ကြားမိလိုက်သော စကားကို ပြည်တွင်းထဲ ပြန်ရောက်နေသည့် ကိုရဲဝင်းဆီက အတည်ပြုချက် ရယူသည် ။

 

ဂုရု ဟုဆိုလိုက်သည်နှင့် သာယာဝတီ ထောင်တွင် အတူနေခဲ့သူတိုင်းက သူ့ကို တန်းပြီးသိနေကြပြီ။ အားလုံးက ချစ်စနိုးပေးထားသော နာမည် ။ ဂုရုတဲ့။ သူကပြောင်းရွှေ့ရ အလွယ်ကူဆုံးသော သက်ရှိ စာကြည့်တိုက်ကြီးလည်းဖြစ်သည်။ ထောင်မကျခင် ဆည်းပူးလေ့လာခဲ့ ဖတ်ခဲ့ မှတ်ခဲ့ တာတွေကို ထောင်ထဲမှာပြန်လည် ဖြန့်ဝေပေးနေသူ။ ဒီတော့ အားလုံး သိချင်သော သမိုင်းဆိုင်ရာ စာပေဆိုင်ရာတွေကို မေးမြန်းခွင့် ၊ နားထောင်ခွင်ရခဲ့ ကြတာအပေါ်အားလုံးကပဲ တသံတည်းပေးထားတဲ့နာမည်။

 

သူ့ကိုစတင်တွေ့ပြီး သိရှိရင်းနှီးခဲ့ရတာက ၁၉၉၆ မတ်လ လောက်မှာဖြစ်သည် ။ သာယာဝတီထောင်ထဲ အဆောင်နေ ၅-(ည) တွေ၏ တိုက်ပွဲ တခု အပြီး ဂုရုတို့ အဆောင်ကနေ သာယာဝတီထောင် သီသန့်တိုက်သို့ ရောက်လာကြသည်။ ဂုရု နှင့်အတူတူ ရောက်လာသူက ကိုသက်မှူး-ကိုတင်အောင်ငြိမ်း တို့လို့ မှတ်မိနေသည်။ သာယာဝတီ ထောင်ထဲမှာ အလုပ်ကြမ်း အလုပ်မလုပ်ရေး လေဘာ တိုက်ပွဲကား မကြာခဏ ဖြစ်နေသည်။ ဤ ဆောင်းပါးရေးမည်ဟု စိတ်ကူးပေါ်လာသောအခါ  ထိုစဉ်က ပါဝင်ပတ်သက်ခဲ့သူတွေကို လက်လှမ်းမှီသမျှ ဆက်သွယ်မေးမြန်း ကြည့်မိသည်။ ကိုယ်သိတာက အဆောင်ကိုဂုရုတို့ ရောက်လာတာကပဲ စသိခဲ့ရသည် ။ ကျန်တာတွေပါသိတာက တကယ်ပါဝင်ခဲ့သူတွေ ။ .ဒီတော့ ကိုသက်မှူးဆီ လှမ်းမေးသည်။ ကိုရဲအောင်ဆီလှမ်းမေးသည်။ နောက် အေးသက်ဆီ လှမ်းမေးသည်။ ကိုသက်မှူးဆီက ၁၉၉၆ မတ်လက ဖြစ်ခဲ့တာ ဟု အချိန် ကိုသိလိုက်ရသည်။ အေးသက်ပြောတာက

 

“အဲ့ဒီတုန်းက အဆောင်မှာ ၅-(ည)တွေနှင့်ထောင် အလုပ်ကိစ္စပြဿနာတက်ကြတယ် ကျနော်က စိတ်မရှည်တော့ဘူး ဒီတော့ကိုယ့်ဘာသာ အာဏာပိုင်ကိုသွားပြောပြီး ကျနော်ဆန့်ကျင်တယ်ဗျာဆိုပြီး တိုက်ထဲ တန်းဝင်သွားတာ ”

 

အေးသက် ဝင်သွားတဲ့ပြီးတဲ့ နောက်  ကိုရဲအောင် – ကိုမြင့်ရီ- ကိုခင်မောင်ကြည် -ကိုသိန်းထူး တို့ပါ ထောင်အာဏာပိုင် လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြသည့်အနေနှင့် တိုက်ထဲလိုက်ဝင်ကြသည်။  တိုက်ထဲမဝင်ပဲကျန်ခဲ့သူတွေထဲမှ ဂုရု ကိုသက်မှူး ကိုတင်အောင်ငြိမ်း တို့ကိုလည်း ဒီကိစ္စမှာ ကြံရာပါ များအဖြစ်၊ အားပေးအားမြှောက်ပြုသူများ အဖြစ်ဖြင့်  အဆောင်မှ သီးသန့်တိုက်များဆီ ပြန်ပို့လိုက်ကြခြင်းဖြစ်သည်။ မကြာမှီ တိုက်ထဲဝင်သွားသူ တွေ တိုက်ပိတ်ရက် အပြီး အဆောင်ကို ပြန်မပို့တော့ပဲ သူတို့ပါ သီးသန့် တိုက်ဆောင်များဆီ ထပ်ရောက်လာကြပြန်သည်။

 

ဂုရု၏ နာမည် အဖရင်းက ဦးဝင်းကြည်ဖြစ်သည်။ သူကဗိုလ်ခင်ညွန့်၏ သတင်းစာရှင်းလင်းပွဲ စာအုပ်အနီ ထဲတွင် အဓိကကျသော နေရာကပါသူတွေထဲ သူလဲပါသည်။ သူ့ကို မိတော့ ထောက်လှမ်းရေးတွေ တော်တော်ခံရခက်နေလိမ့်မည်။ မဆလ နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့ တူအရင်းခေါက်ခေါက်က စာအုပ်အနီရဲ့ အဓိကလူ ဖြစ်ရတယ်လို့ ခံပြင်းမှာတော့သေချာသည်။ သူ( ဦးဝင်းကြည်-ဂူရု) စာအလွန်ဖတ်ခဲ့သူဖြစ်သည်။ ထူးခြားတာက ဖတ်ခဲ့ သမျှစာတွေကို မှတ်မိနေတာပဲဖြစ်သည်။ ထောင်ထဲရောက်တော့ စာငတ်ပေငတ် စာအုပ်ဆိုတာမမြင်ရတော့သော လူငယ်တွေ အာလုံး၏ အားကိုးရာဖြစ်လာသည်။ မသိတာ မေးမြန်းဖို့ ဘဏ္ဍာတိုက်ကြီးဖြစ်လာခဲ့သည်။ ဗဟုသုတ အတွက် အချက်တွေကို သေချာပြောပြနှိုင်သလို အားလပ်ချိန်တွင် မဖတ်ဖူးကြသေးသော ဂန္ထဝင် စာအုပ်များ၏ဇာတ်လမ်းများကို မမောမပမ်း ပြောပြနေသူ လည်းဖြစ်သည်။ စာအုပ်မရှိ၊ တီဗွီမရှိ ၊ရေဒီယို မရှိသောထောင်တွင်းတွင် ဂုရုသည် လူငယ်များကော လူကြီးများပါမကျန် လူတော်တော်မျာများကို စုဝေးအောင် ပြုလုပ်နှိုင်သူဖြစ်နေသည်။ လူအများကလည်း သူတို့သိချင်တာကို မေးခွင့်ရနေသူကို တညီတညွတ်တည်း ဂုရု ဟုနာမည်ပေးထားတာဖြစ်သည်။ တိုက်ကိုရောက် အပြီး ကိုယ်တွေနှင့်တွေ့တော့ သူ အဆောင်မှာ ဂန္ထဝင် ဝတ္ထုပေါင်း ၇၀ကျော်ကို နှုတ်ဖြင့်ဖြန့်ဝေခဲ့ ပြီးကြောင်းသိရသည်။ နားနှင့် စာဖတ်သူတို့အတွက် တကယ့် စာကြည့်တိုက်ကြီးဂုရု ။

 

စရောက်ရောက်ချင်း မှာ ကိုယ်တွေက သီးသန့် အနောက်တိုက်မှာ သူက အရှေ့တိုက်ကိုရောက်လာသည် ။ နေ့လည်တန်းဖွင့်တော့ တိုက် ၂တိုက်မှ လူများ သံတိုင် အကာ တဖက်စီ နေပြီးစကားဝိုင်းဖွဲ့တတ်ကြသည်။ နေ့ခင်းအချိန်များသည်  ဆရာဒေါက်တာအေးချမ်း သမိုင်းဆိုင်ရာ ဟောပြောချက်များကိုစုဝေးနားထောင်ရာ အချိန်လည်းဖြစ်သည် ။( ဆရာဒေါက်တာအေးချမ်းနှင့် ထောင်တွင်း ကြုံဆုံခဲ့ရပုံများကိုလည်း သီသန့်ရေးပါဦးမည်။ ) အနောက်တိုက်ရှိ လူများကို ဆရာဒေါက်တာအေးချမ်း၏ ဟောပြောရာနေရာတွင်ပင် သူ (ဂုရု)လာရောက် မိတ်ဆက်သည်။ အဆောင်မှ တိုက်သို့ ရောက်လာရခြင်းကို ပြောပြနေသည်။ လူအများကို တစုတစည်းတည်းသော စကားဝိုင်းဖြင့် ထိမ်းထားနှိုင်သူကို  တမင်ပင် အကြောင်းရှာ အပြစ်ပေးတတ်သောထောင် ရဲ့သဘာဝအား ဂုရုလည်းမရှောင်လွဲနှိုင်ခဲ့ ။

 

ဝတ္ထု ဇာတ်လမ်း ပြောသောအဆောင်မှသတင်းက တိုက်သို့ပါ ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။ အခု ဆရာဒေါက်တာအေးချမ်းရှေ့မှာပင် ဂုရု ဝတ္ထုဇာတ်လမ်း တွေပြောဖို့ ကတိပေးပါသည်။ သူနောက်ရက်တွေ ဒီလိုအချိန်မှာ ဆရာ၏ သမိုင်းဟောပြောပွဲ မရှိသောနေ့ကို ပြောမည်ဟု သတ်မှတ်ကြသည်။ သူတိုက်မှာ ပထမဦးဆုံး စပြောသော ဝတ္ထုဇာတ်လမ်းမှာ စစ်နှင့် ငြိမ်းချမ်းရေး ဖြစ်သည်။ ဒီတော့မှပင် ဂန္ထဝင် ဇာတ်လမ်းထဲက ဆွန်ညာ၊ နာတာရှာ၊ ပီတာဗီးဇူးကော့တို့ကို စတင်သိကျွမ်းခွင့် ရခဲ့ပါတော့သည်။

 

သူပြောပြသော ဇာတ်လမ်းမြောက်များစွာထဲ တခါမှ မကြားဖူးသော ဇာတ်လမ်းများကိုပင်ကြားသိခဲ့ရပါသည်။  ဆရာဦးသိန်းဖေမြင့်၏ တရားမျှတ လွတ်လပ်ခြင်း နှင့်မသွေ -စာအုပ်လိုမျိုးကို ဘယ်သူမှဖတ်ဖူးမည်မထင် ။ အဘယ်ကြောင့်ဆိုသော် ထုတ်ဝေခွင့်ကို မဆလက ခွင့်ပြုချက် မပေးသော မဆလ ပါတီမှ အပြီးတိုင်သိမ်းယူထားသော စာမူဖြစ်နေသောကြောင့် ဟု ဂုရုက ဆိုပါသည် ။ထို စာအုပ် အကြောင်းနှင့် နောက်ပိုင်းဂုရု ပြောသောဇာတ်လမ်းများ အကြောင်းကို ဒီမျှလောက်ပြောရုံမျှဖြင့် ပြီးမည်မထင်ပါ။ ထိုဇာတ်လမ်း အကြောင်းကို ဂုရုနှင့် တချိန်းတည်းသာယာဝတီထောင် နေခဲ့သူ များ ကြားဖူးကြပါသည်။ ၁၉၆၂ ခုနှစ်မတိုင်မှီ ကနေ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလတွေအထိ ပါဝင်နေသည်။  ထို စာအုပ်တကယ်ရှိခဲ့ မရှိခဲ့ကို ဆက်စပ်မေးမြန်းဖူးသူ တယောက်နှင့် စကားပြောကြည့်ဖူးသည်။ ထိုသူ့ကို ပြန်ပြောပြသောစာအုပ်နှင့် ပတ်သက်နှိုင်သူတို့၏ ပြောစကားတချို့ရှိသော်လည်း ဂုရုက သူတကယ်ဖတ်ရခဲ့တာဟု အသေအချာပြောပြသည်။ ဘာပဲဖြစ်ဖြစ် ထိုစာအုပ်ပါဇာတ်လမ်းကို နားထောင်ရတော့ ဘာမှမကြာသေးသော မြန်မာပြည်၏ သမိုင်းဇာတ်ကြောင်းထဲက တကယ့်ဇာတ်ကောင်တွေ၏ ပြောစကားနှင့် ထုံမွှန်းထားသော ထိုစာအုပ်ဖြစ်နေသည် ။ ဆရာဦးသိန်းဖေမြင့်၏ အရှေ့ကနေဝန်းလို မျိုးဆိုတာကိုဂုရု ပြောပြချက်တွေအရ ကောက်ချက်ချ၍ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts