ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရန် ပြည်မြို့တွင် ဆန္ဒပြ

ချမ်းမြ (မိုးမခအထောက်တော်)
ဖေဖော်ဝါရီ ၁၉၊၂၀၁၄

 

 

(၁၈-၂-၂၀၁၄)ရက်နေ့ မှာ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဖျက်သိမ်းရေးကို ဦးဆောင်ပြီး လူတစ်ထောင်ကျော် ဆန္ဒဖော်ထုတ်ကြတယ်။ မနက်(၉)နာရီကစတင်ပြီး၊ (၁၂)နာရီမှာပြီးပါတယ်။ (NLD)က (၈-၂-၂၀၁၄) ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုမိန့်တင်တယ်။ (၉-၂-၂၀၁၄)ရက်နေ့က ခွင့်ပြုမိန့်ကို ပယ်ချခံရပါတယ်။ (၉-၂-၂၀၁၄)ရက်နေ့မှာတိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံတင်တယ်။ (၁၂-၂-၂၀၁၄)ရက်နေ့က တိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံတင်တာ ခွင့်ပြုမိန့်ရတယ်လို့ သိရပါတယ်။

 

ပုဒ်မ(၅၉)ပုဒ်မခွဲ(ဃ)၊ ပုဒ်မ(၅၉)ပုဒ်မခွဲ(စ)က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင်ကန့်သတ်ထားတဲ့ ဥပဒေကို ပယ်ဖျက်ခိုင်းတာဖြစ်တယ်လို့ ပြည်မြို့နယ် (NLD)ဥက္ကဌ ဒေါက်တာဦးခင်မောင်ဝင်းပြောတယ်။

 

 

တစ်တိုင်းပြည်လုံးပြင်ဆင်လိုတဲ့ဆန္ဒကို ပြည်သူတွေရဲ့ကိုယ်စား ကျွန်တော်တို့(NLD)ပါတီက ဦးဆောင်ပြီး ရှေ့ဆောင်ပြီး ဒီမိုကရေစီနည်းလမ်းမကျတာ၊ စစ်တပ်က ၂၅% ပါတာတွေကို ပြင်ဆင်စေချင်လိုဆန္ဒပြရခြင်း ဖြစ်ပါတယ်။ ကြွေးကြော်သံ (၄)ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး၊ ပုဒ်မ(၅၉) ပုဒ်မခွဲ(ဃ)လုံးဖျက်သိမ်းရေး၊ ပုဒ်မ(၅၉)ပုဒ်မခွဲ(စ)ဖျက်သိမ်းရေးတို့ဖြစ်ပါတယ်။ (NLD)ဗဟိုကနေပြီးပုဒ်မ(၄၃၆)ကိုစတင် ပြင်ဆင်စေချင်တဲ့ဆန္ဒ ရှိနေပါတယ်။ ပုဒ်မ(၄၃၆)စတင်ပြင်ဆင်မှ တခြားအချက်တွေ ပြင်ဆင်လို့ရမှာပါ။  ဆန္ဒဖော်ထုတ်ရာမှာ (NLD)ရော၊ ပြည်သူတွေနဲ့ အခြားသောအရပ်ဖက် အဖွဲ့အစည်းတွေလည်းပါပါတယ်။ ပြည်မြို့နယ်(NLD) ရုံးရှေ့ကနေစထွက်ပြီး မြို့တွင်းကို ပတ်ပြီး ပြည်မြို့နယ် (NLD)ရုံးရှေ့မှာပြီးဆုံးပါတယ်လို့ ပြည်မြို့နယ်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဥာဏ်ဝင်းက ပြောပါတယ်။

 

 

 

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ကိုက်ညီးပြီး အစိုးရရဲ့လုပ်ပိုင်ခွင့်အာဏာတွေကို သတ်မှတ်ပြဌာန်းပေးပြီး အစိုးရနဲ့ နိုင်ငံသားတို့ရဲ့ ပဋိညာဉ်တစ်ရပ်ဖြစ်တယ်။ လိုအပ်ချက်ရှိရင် ပြင်ဆင်ရမယ်၊ ဖျက်သိမ်းရမယ်၊ အသစ်ရေးဆွဲရမှာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူ့လူထုရွေးချယ်ထားတဲ့  ကိုယ်စားလှယ်တွေ ပါဝင်ခဲ့တာမဟုတ်ဘူး။ ပြည်သူလူထုအများစုက ဖွဲ့စည်းပုံအခြေခံဥပဒေ မှုကြမ်းကို ဖတ်ဖို့အခွင့် အရေးမရခဲ့ပါဘူး။ လေ့လာဆွေးနွေးဖို့ဆိုရင်  ပိုလို့တောင်မဖြစ်ခဲ့ပါဘူး။ လူထုပါဝင်ပတ်သက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ရမယ်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် အပိုဒ် (၂၅)၊ အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၂၁)တို့မှာ- မိမိနိုင်ငံရဲ့ အုပ်ချုပ်ရေးမှာမိမိကိုယ်တိုင် ဖြစ်စေ၊ လွတ်လပ်ပြီး တရားမျှတစွာရွေးချယ်လိုက်တဲ့ ကိုယ်စား လှယ်တွေမှတဆင့် ပါဝင် ဆောင်ရွက်ခွင့်ရှိရမှာဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာ မိမိတိုင်းပြည်ရဲ့အစိုးရကို မိမိဆန္ဒမဲနဲ့ ရွေးချယ်ပိုင်ခွင့်ရှိရမယ်။ ပြည်သူပြည်သားတွေရဲ့ဆန္ဒဟာ အုပ်ချုပ်မှုအာဏာရဲ့ အခြေခံဖြစ်ရမည်ဆိုအချက်ကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ နိုင်ငံတာကာကတူညီစွာ လက်ခံထားတဲ့ အရေးကြီးတဲ့ စံထားချက်တရပ်ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူထုရဲ့ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို အပြည့်အ၀အာမခံပေး ပြဌာန်းထားတဲ့ စာတမ်းဖြစ်ဖို့လိုတယ်ဟု လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP) ဘုတ်အဖွဲ့ဝင် ကိုဇော်ထွန်းကပြောကြားကြောင်းသိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts