မင်နီရှဲလ် အတွေးအမြင်

စဉ်းစားစေချင်တာတွေ (၅) – Minni Shell

စဉ်းစားစေချင်တာတွေ (၅)

မင်နီရှဲလ်၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

ဒီနှစ် ၂၀၁၃ အောက်တိုဘာလထဲမှာ အရင်ထဲက အစီအစဉ်ရှိတဲ့အတိုင်း IMC ရိပ်သာဝင်ဖြစ်ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ဝင်ပြီး ၁၉ ရက်နေ့ ထွက်ပေါ့။ အမှန်ကတော့ ၂၀ ရက်နေ့အထိ နေမလို့ပဲ။ ဒါပေမယ့် ဘုန်းကြီးကျောင်းမှာ ကထိန်သင်ကန်းကပ်တဲ့ အခမ်းအနားရှိနေတာမို့ တရက်စောထွက်လိုက်တယ်။ အောက်တိုဘာဆိုတ ဒီမှာ ဆောင်းဦးရာသီမို့ သိပ်မပူ၊ သိပ်မအေးဘဲ သမမျှတပါတယ်။ ရိပ်သာကလည်း အိမ်နဲ့ နီးနီးလေးမို့ သွားရ လာရတာ သိပ်အဆင်ပြေပါတယ်။ ရွှေရောင်တ၀င်းဝင်းနဲ့ စေတီတော်ရယ်၊ ဆွဲလဲသံတွေရယ်၊ ပန်းလှလှတွေ ပွင့်နေတဲ့ ပန်းခင်းတွေရယ်နဲ့ ကြည်နူးစရာကောင်းလှတယ်။ ညဘက်ဆိုရင်လည်း သီတင်းကျွတ်လပြည့်နီးပြီမို့ လမင်းက ၀င်းဝင်းဝါ၀ါ သာလို့။

ကျမက တနှစ်မှာ ၂ခါ၊ ၃ ခါ၊ ၄ ခါတော့ အနည်းဆုံး သောကြာညနေဖက်နေ တနင်္ဂနွေနေ့အထိ ၀င်ဖြစ်ပါတယ်။ စခန်းက တနှစ်မှာ ၆ ကြိမ် ရှိတယ်) ဆယ်ရက်စခန်းကတော့ အနည်းလေး ၂ နှစ် ၁ ခါလောက် ၀င်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတော့ ကြာခဲ့ပါပြီ။ ရှုပ်ထွေးလှတဲ့ လူ့ဘုံကြီးမှာ တာဝန်တွေ များပြားလှတဲ့ ဘ၀ထဲမှာ ဘာကိုမှ ယူမသွားနိုင်ဘဲ အားလုံးထားရစ်ခဲ့ရမှာပါ။ အိမ်မှာကတော့ ကြိုးစားထိုင်တယ် ဆိုပေမယ့် တနေ့ကို ဟိုမှာလို ၀ိရိယစိုက်ပြီး နာရီပေါင်းများစွာ မထိုင်နိုင်ပါဘူး။ အဓိကအကျိုးကတော့ စိတ်ကြည်လင်တာရယ်၊ လောဘ ဒေါသတွေကို တော်ရုံထိန်းနိုင်တာရယ် ပါပဲ။ IMC မှာ ပထမဆုံးအကြိမ်ဝင်ခဲ့တာ ၁၉၉၄ ခုနှစ်ဆိုတော့ အချိန်တွေကလည်း ကြာခဲ့ပြီကိုး။

ဒေါက်တာယုဇနစောမြင့်ရဲ့ ဆောင်းပါးထဲမှာ ‘အဝေးကနေ နှုတ်ဖြင့် စေတနာထားပြီး မြန်မာပြည်သူပြည်သားတို့၏ ကျန်းမာရေးကို ပူပန်ပေးနေစရာ မလိုပါ’ တဲ့။ အခုတခါ အသိတယောက်က အီးမေးက စကင်န်လုပ်ပြီး ပို့ပေးလို့ ဒေါက်တာရဲမြင့်ကျော်ရဲ့ ‘မြန်မာပြည်မှာ တခါမှ မလုပ်ဖူးဘဲ မြန်မာပြည်အကြောင်း ဆောင်းပါးတွေရေးတဲ့ ဆရာဝန်မလေး’ ဆိုတဲ့ စာသားလေးကိုပဲ ဖတ်လိုက်ရတော့ ‘အော် ဖြစ်မှ ဖြစ်ရလေ။ ခက်ပါဘိခြင်း။’ လို့ပဲ ပြောချင်ပါတော့တယ်။ ဆောင်းပါးတခုလုံး သူက ပို့မပေးလို့ မဖတ်ရပါဘူး။

မြန်မာပြည်မှာ နေမှ မြန်မာပြည်သူတွေအပေါ် စေတနာ၊ မေတ္တာ၊ ဂရုဏာထားမယ်လို့ ဘယ်သူတွေက သတ်မှတ်ထားပါသလဲ။ မြန်မာတွေနဲ့ မြန်မာမဟုတ်သူတွေ ခွဲခြားပစ်လိုက်တာကိုကဘဲ မဟုတ်တော့ပါ။ ကျမကတော့ ဆရာဝန်တွေ၊ ပညာတတ်တွေကို ဒိထက်ပိုပြီး မျှော်လင့်ထားတာမို့ ဒိထက်ပိုပြီး အမြင်ကျယ်စေချင်ပါတယ်။ ဆရာဝန်တွေဆိုတာ ဘယ်မှာပဲနေနေ၊ လူတွေရဲ့အကြောင်း၊ ကျန်းမာရေးစနစ်အကြောင်းကို နားလည်ကြတာပဲ။ ပြည်သူတွေရဲ့အသံကလည်း အမြဲတမ်း ကြားနေရပါတယ်။ နိုင်ငံခြားက ခဏအလည်ပြန်သွားတဲ့ အန်တီကြီး၊ အန်ကယ်ကြီးတွေတောင် ဟိုမှာခွေးကိုက်ခံရလို့ ဆရာဝန်ဆီ သွားပြတာ၊ အထူးကုဆရာဝန်ကြီးက ဟောက်လိုက်တာ ခံခဲ့ရပါသတဲ့။ ဆေးထိုးရင် ဆေးက ဈေးကြီးတယ်နော်လို့ ဆိုသတဲ့။ အန်တီကြီးက ‘သူတို့သာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံမယ်ဆိုရင် ငါက ချီးကျုးလို့ ဆုံးမှာ မဟုတ်ဘူး၊ ခုတော့ တရက်တည်းမှာ ၂ ခါ ခွေးကိုက်ခံရတာပဲ’ တဲ့။ ဦးဇင်းတွေကတော့ လူနာအတွက် သွေးလှူဖို့ သွားတာ ညဖက်ကြီး ဘာလို့ လာရသလဲလို့ ဟောက်တာ ခံရပါသတဲ့။ သွေးလို့တဲ့ လူနာ မနက်အထိ စောင့်ပါစေပေါ့လေ။

တခြား စတိုရီတွေ အများကြီးရှိပေမယ့် စာရိုက်ရတဲ့သူတွေကို သနားလို့ မရေးတော့ဘူး။ အားလုံးပဲ ကြားဖူးကြမှာပါ။ ပိုက်ဆံတွေ နင့်နေအောင် ယူပြီး ကျန်းမာရေးဝန်ဆောင်မှု မပေးနိုင်ရင်၊ နွေးထွေးစာနာ သနားမှု မရှိရင်၊ လူတွေကို လူတွေလို မမြင်တတ်ရင် ကျမတို့ဟာ အရိုင်းအစိုင်းတွေနဲ့ ဘာထူးမှာလဲ။ မကြားချင် မသိချင်၊ မမြင်ချင်ယောင်ဆောင်နေရင်တော့ တမျိုးပေါ့လေ။

ကျမကတော့ ကံကောင်းလို့ မိဘကောင်း၊ ဆရာသမားကောင်းတွေနဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်။ ပြည်ပမှာနေရတာကြောင့်လဲ ဗုဒ္ဓဘာသာဆိုတာ ဘာလဲဆိုပြီး စပ်စုချင်စိတ်၊ စူးစမ်းချင်စိတ်နဲ့ ပိုပြီး လေ့လာမိတာ ဖြစ်လိမ့်မယ်။ ကျမတို့ မြင်နိုင်တဲ့ မျက်စိတွေရှိတယ်။ ကြားနိုင်တဲ့ နားတွေရှိတယ်။ စဉ်းစားဆင်ခြင်နိုင်တဲ့ ဥာဏ်ပညာရှိတယ်။ လူတွေအပေါ် ကိုယ်ချင်းစာနိုင်တဲ့ နှလုံးသားရှိတယ်။ အဲဒီလို မျက်စိ၊ နား၊ အသိဥာဏ်၊ နှလုံးသားတွေ ရှိနေသ၍ မြန်မာပြည်မှာ နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးအတွက် တနေရာကတော့ ပြောဖြစ် ရေးဖြစ် နေဦးမှာပဲ။

မြတ်စွာဘုရားက ဂီလာနတို့ကို ငါဘုရားအားနည်းတူ ဖေးမကူကာ ပြုစုပါလော့ လို့ မိန့်ကြားခဲ့ပါတယ်။ ဂီလာနကို မေတ္တာ ဂရုဏာထားပြီး ကြင်နာမှုပေးဖို့ မိန့်ခဲ့တာပါ။ ကြင်နာမှု မပါဘဲ ရိုင်းပြစွာ ဆက်ဆံဖို့၊ အော်ငေါက်ဖို့ မတူမတန်သလို ပြောဖို့ ညွှန်ကြားခဲ့တာ မဟုတ်ပါ။

တကယ်တော့ ပြည်ပမှာနေတဲ့ မြန်မာတွေဟာ ကိုယ့်ဟာကိုယ် သမာအာဇီဝနည်းလမ်းနဲ့ ရတဲ့ငွေကြေးနဲ့ ရပ်တည်ပြီး ချွေးနည်းစာကို ကိုယ့်နိုင်ငံ၊ ကိုယ့်မိသားစုဆီ ပြန်ပို့နေကြတဲ့သူတွေ များပါတယ်။ ကိုယ့်နိုင်ငံမှာနေပြီး မတရားစီးပွားရှာသူတွေ၊ ကိုယ့်လူမျိုးအချင်းချင်း သွေးစုတ်နေသူတွေထက်စာရင်တော့ အများကြီး သာကြပါသေးတယ်။

နိုင်ငံရပ်ခြားမှာ ဆေးရုံတက်ပြီး ဆေးကုသခ အများကြီးကျရင်တောင် တလ ၅၀ လောက်ဆိုပြီး အချိန်အကြာကြီး ဆွဲပေးလို့ရပါတယ်။ တချို့ဆိုရင် ဆေးကုသစာရိတ်တွေကို လျော့ပစ်လိုက်တယ်။ ဒါကြောင့်လည်း ဆေးရုံတွေ အရှုံးပေါ်ပြီး ပိတ်ပစ်ရတာမျိုးတွေ ရှိတယ်။

ကျမတို့နိုင်ငံမှာ ပြင်စရာတွေ အများကြီး ရှိပါတယ်။ ပထမက ကျန်းမာရေးနဲ့ ပညာရေးက စရမှာပါ။ နောက်တခုက သန့်ရှင်းရေး။ မိုးတွင်းမှာ အမှိုက်တွေ ပေါလောပေါ်နေတာ ဘယ်လိုမှ မဖြစ်သင့်ပါ။ နှစ်ပေါင်းများစွာ ယိုယွင်းထားတဲ့စနစ်၊ ခြစားထားတဲ့စနစ်တခုကို ဘယ်သူတဦးတယောက်တည်းမှ နေ့ချင်း ညချင်း မပြောင်းနိုင်ပါ။ ငွေအင်အား၊လည်း များစွာလိုအပ်ပါတယ်။ လူတွေပြောင်းလဲဖို့ လိုပါတယ်။ အဲဒီလို မပြောင်းလဲနိုင်ဘဲ၊ အမြင်မကျယ်နိုင်ဘဲ၊ ပညာရှင်တွေ ဝေဖန်ထောက်ပြတာ မခံနိုင်ဘဲ၊ အထိမခံ ရွှေပန်းကန်ဆိုရင်တော့ ကျမလည်း ဘာများ တတ်နိုင်ဦးမှာလဲ။

စာရေးဆရာကြီးတယောက်က ရေးဖူးတယ်။ ‘လူဝါးဝကြစမ်းပါ’ တဲ့။ ဒီလောက်ပဲ ပြောတော့မယ်။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts