Ni July ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ

ကိုယ်ကြိုက်ရာကိုယ်လုပ် – Ni July

ကိုယ်ကြိုက်ရာကိုယ်လုပ်
နီဂျူလိုင်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
February 15, 2014 at 8:32am (သူ့ဖေ့စ်ဘွတ်က ကူးယူပါတယ်၊ ခွင့်မတောင်းပါ)
  မနေ့က  .ပေါင်းတည် မြို့ ရဲ့   တောင်ဖက် အစွန်ဆုံးက  ဟင်္သာကန်မူလတန်းကျောင်းကလေးကို  သွားကြတယ်..။ကျောင်းရဲ့  အရှေ့ ကုန်းကမူလေးပေါ်မှာ  တည်ထားတဲ့   စေတီကလေးက  ဆည်းလည်းသံကလေး  ကလည်း  စိတ်ကြည်နူးစရာ  တချွင်ချွင်..။ကျောင်းကလေးကလဲ အသစ်ဆောက်ကာစ  သပ်ရပ်သန့်ရှင်းလို့..။ကိုယ်တို့  အမျိုးသမီး မိတ်ဆွေတသိုက်  မအားလပ်တဲ့  ကြားက  အားစိုက်လာခဲ့ တဲ့   အလုပ်ကလေးမို့  …အရှိန်မပျက်အောင် ထိန်းနေရပေမဲ့ ..တချို့  ဖေးမကူညီမှုတွေဆို  ကာယကံမြောက်လိုက်ပါဆောင်ရွက်နိုင်သူ  တယောက်နှစ်ယောက်လောက်နဲ့ ပဲ  ကျဲရတယ်….။ဘာပဲဖြစ်ဖြစ် မူလတန်း ကျောင်းကလေးတွေက  ကလေးတွေဆီ  ကိုယ်တို့ရဲ့  ဖေးမကူညီမှုလေးတွေကို  မရောက်အရောက်ပို့နိုင်ဖို့သာ အဓိကရယ်လို့  အားတင်းကြလို့…။စက်ဘီးကလေးတွေ  ဆိုင်ကယ်လေးတွေ ကိုယ်စီနဲ့  ခြေလှမ်းတွေ သွက်လို့ပေါ့..။ ဒီအလုပ်ကို  ဘယ်သူမှ ခိုင်းလို့လုပ်တာမဟုတ်ဘူးလေ..။စိတ်တူကိုယ်တူ မိတ်ဆွေတွေ ညီအမတွေ  ..ကိုယ်ကြိုက်ရာကိုယ်လုပ်ချင်လို့  လုပ်ခဲ့ ကြတာပဲ..။
ဟင်္သာကန်ကျောင်းမှာတော့   ကိုယ်တွေ   တတ်အားသမျှနဲ့   ကလေးတွေကို  ကြက်သားဆန်ပြုတ် အာဟာရ ကျွေးဖြစ်တယ်..။ကျောင်းက ဆရာဆရာမတွေက  စီမံချက်ပြုတ်ပေးကြလို့လဲ  အဆင်ပြေတာပေါ့လေ..။ကိုယ်တွေ စိတ်ကူးက  မူလတန်းကျောင်းကလေးတွေက  ကလေးတွေကို  အစစအရာရာ  ဖေးမကူညီမှုတွေ  ပေးနိုင်ကြရင်  မိဘတွေက  သူတို့ကလေးတွေကို    စာသင်ကျောင်းတွေဆီ လွှတ်ချင်စိတ်တွေ ပိုရှိလာမယ်..။ကလေးတိုင်း  စာသင်ကြားခွင့်ရကြပါစေ..ပေါ့..။စိတ်ကူးစိတ်သန်း ရှိပေမဲ့   လက်တွေ့ ဘ၀တွေရဲ့  ဖြတ်သန်းမှုတွေအရ ဘယ်လောက်အောင်မြင်မှု ရှိမရှိတော့  မသိဘူး..။ကလေးလေးတွေကို  ဆင်းရဲချမ်းသာမရွေး တပြေးညီ  ဖေးမကူညီနိုင်တဲ့  ပီတိကတော့  ဘာနဲ့ မှ မလဲနိုင်အောင်ပါပဲ..။ ရိုးသားအပြစ်ကင်းတဲ့ ကလေးငယ်တိုင်းဟာ  ချစ်စရာသိပ်ကောင်းပါတယ်..။
မူလတန်းကျောင်းကလေးတွေ ကို  သွားတော့  ယူနီဆက်ကပေးထားတဲ့   စာဖတ်ပါဆိုတဲ့  ပိုစတာတွေ တွေ့တယ်..။တချို့ ကျောင်းတွေမှာ  စာကြည့်တိုက်ငယ်ကလေးတွေ ရှိတယ်..။ဒါပေမဲ့   ကလေးတွေ ဖတ်ဖို့  ကလေးစာပေ  စာအုပ်တွေ အရမ်းရှားတယ်..။ဒါက  တနိုင်ငံလုံးရဲ့  စာပေလောကမှာကို  လိုနေတဲ့  ကွက်လပ်တခုပါ..။ကိုယ်တွေ တတ်အားသမျှ  ကလေးစာပေ စာအုပ်ကလေးတွေ စုတယ်..။ လှူတဲ့ လူတွေကလဲ လှူကြတယ်..။ဒီလိုနဲ့   ဖေးမကူညီတွေရဲ့  ရွေ့ လျားစာကြည့်တိုက်ကလေး  လုပ်ဖြစ်တယ်..။နိုင်သမျှဝန်ကို ထမ်းကြည့်တာပေါ့လေ..။မနေ့က သွားဖြစ်တဲ့  ဟင်္သာကန်မူလတန်းကျောင်းကိုလဲ  ကလေးတွေ ကျောင်းမပိတ်ခင် ဖတ်ဖို့  စာအုပ်ကလေးတွေ  သယ်သွားဖြစ်ပါတယ်..။
ဘာပဲ ဖြစ်ဖြစ်  ကလေးတွေကို  ကျောင်းသင်ခန်းစာတွေကို  ချည်း   အလွတ်ကျက် သင်မနေစေချင်ပါဘူး..။သူတို့တွေ  လွတ်လွတ်လပ်လပ်  တွေးခေါ်ဖန်တီးတတ်စေချင်ပါတယ်..။စာတွေ ဖတ်စေချင်ပါတယ်..။သူတို့စိတ်ကူးလေးတွေကို  ပုံလေးတွေရေးဆွဲရင်း လွတ်လွတ်လပ်လပ်  ဖန်တီးစေချင်ပါတယ်..။
ဒါနဲ့   ကလေးတွေ အတွက်  ရောင်စုံဗူးတွေ  ပုံဆွဲစာအုပ်ကလေးတွေ   ဖေးမကူညီဖြစ်ကြပြန် တယ်..။ကလေးတွေ သိပ်ပျော်ကြတယ်..။ဆရာမတွေလဲ စိတ်ချမ်းသာပါတယ်တဲ့ ..း)နောက်မို့ဆိုရင် ကလေးတွေ  ဆော့လွန်းလို့ သူတို့ခမျာ  ဖုန်တွေတသောသောထဲမှာ  တဟဲ့ ဟဲ့ နဲ့  အော်နေရတာ အတော်သက်သာသွားပါသတဲ့ ..။ကလေးတွေက  ရောင်စုံဗူးကလေးတွေ  ရတာနဲ့  ငြိမ်ပြီး  ပုံတွေ  ဆွဲကြတော့တာပဲ..တဲ့ ..။
      
 ဒါပေမဲ့   ကလေးတွေအတွက်  ကိုယ်လက်လှုပ်ရှား  အားကစားကလဲ  လိုသေးတာပေါ့နော်..။ကစားရင်းစာသင်..စာသင်ရင်း ကစားလို့တောင်  သင်ကြားရေးနည်းလမ်း တွေ  ရှိတယ်မို့လား..။ကိုယ်ကိုတိုင်  ကလေးဘ၀တွေကို ဖြတ်သန်းရတုန်းကလဲ  ကလေးဘ၀ လွတ်လပ်စွာကစားခုန်စားခွင့်ရခြင်းဟာ…ဘ၀နေနည်းတွေအတွက်  အကောင်းဆုံးသင်ယူမှုတွေ ဖြစ်ခဲ့ ကြတာပဲလေ…။ကလေးတွေ  လွတ်လပ်စွာဆော့ကစား နေတာကို  မြင်ရတာ…ဘယ်လောက် ကြည်နူးစရာ မြင်ကွင်းလဲနော်..။
ကြည့်ပါဥိး..။သူတို့လေးတွေ  ကစားနေကြတာ..။ကိုယ်တွေ ငယ်ငယ်တုန်းကလဲ  ဒီလို ကစားနည်းလေးတွေ  ကစားကြဖူးတာ  မှတ်မိတယ်မို့လား..။ဘာတဲ့ ..။တပြားနှစ်ပြား ပဲလင်ပြား..။ပျားလက်စက္ကူဖလံထူ…ဆိုလား..။
ဟော…သူတို့  ကစားနေတာကျတော့ ..ဗိုလ်..ကျား  ..သေနတ်..ဗိုလ်..ကိုယ်ကြိုက်ရာ..ကိုယ်လုပ်…တဲ့ ..။ဗိုလ်..ဆိုရင်…ခါးကြီးထောက်လို့..။အာဏာရှိတဲ့ ပုံစံ..ခန့်ခန့်ကြီး..။ ကျား …ဆိုရင်တော့  လက်ကို မြှောက်ပြီး  ..ခုန်အုပ်တော့မဲ့ ..ပုံလုပ်ရတယ်.. ။သေနတ်ကတော့.. လက်ညှိုးကလေးကို ကွေးပြီး  သေနတ်မောင်းဖြုတ်တဲ့  ပုံစံ..။ပွဲစတာနဲ့ …ဗိုလ်..ကျား .သေနတ်..ဗိုလ်.. ကိုယ်ကြိုက်တာ ..ကိုယ်လုပ်..ဆိုပြီး..ကြိုက်တာကို  ရွေးရတယ်..။ခါးကြီးထောက်ထားတဲ့  အာဏာရှင် ဗိုလ်လဲ  ..သူ့ထက်ဆောင်းတဲ့  တောဘုရင်..ကျားနဲ့ တွေ့ ရင် သေတာပဲ..။ဟော…လက်နက်မရှိတဲ့  ခါးထောက်ထားတဲ့   ဗိုလ်ကို ခုန်အုပ်နိုင်တဲ့  ကျားကြီးလဲ..ဒိုင်းညောင့်လို့ ပစ်လို့ ရတဲ့  သေနတ်နဲ့   တွေ့ ရင်..သေပြီဆရာပဲ..။
အလှည့်ကျ ဆော့ကစားရင်း  ပျော်နေတဲ့ ကလေးတွေကို ကြည့်ရင်း..ကိုယ်လဲ  ..ကိုယ်ကြိုက်ရာ ကိုယ်လုပ်ဦးမယ်..။
     ကိုယ်ကတော့  ..ဗိုလ်လဲ  မလုပ်ချင်ပါဘူး..။ ကျားလဲ..နိုးပဲ..။သေနတ်ဆိုရင်တော့  ဝေးဝေးကရှောင်မယ်..။ ကဲ..ဘာလုပ်မလဲ..။ ကြုံကြိုက်တုန်း ချစ်စရာကောင်းတဲ့  ကလေးတွေ နဲ့  အတူတူ.. ပျော်ပျော်ရွှင်ရွှင်..ကဗျာလေးတွေပဲ..ရွတ်ချင်တယ်.။  ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts