ရသဆောင်းပါးစုံ

လူရည်ချွန် မဟုတ်သော လူရည်ချွန်များ

လူရည်ချွန် မဟုတ်သော လူရည်ချွန်များ

နေလင်းညီ

ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄

 

 

 

လူရည်ချွန်များအကြောင်း ကျယ်ကျယ်လောင်လောင် ပြန်ကြားလာရတော့ သင်္ဂဇာဆရာတော်ပုံပြင်များထဲက ၁ ပုဒ်ကို သွားပြီး သတိရ သည်။ရွာဦးကျောင်းမှာ ကျေင်းထိုင်ဘုန်းကြီးရယ်၊ သူကြီးရယ်၊ လယ်ပိုင်ရှင် သူဌေးရယ် ထို ၃ ဦး ဆုံမိကြသည်။ထို ၃ ဦးက ရွာမှာဆို ထိပ် သီး အဆင့်ဝင်များဖြစ်၏။ ခေသူတွေ မဟုတ်ကြဘူးပေါ့။ ဘုန်းကြီးက မေးသည်။

 

ကျုပ်က စနေသား …၊ ခင်ဗျားတို့တွေကော ဘာနေ့သားတွေတုန်း …

 

တပည့်တော်လည်း စနေသားပါဘုရား …. ဟု သူကြီးနှင့် သူဌေးက ဖြေသည်။

 

အဲဒါ ပြောတာပေါ့ … စနေသားတွေဟာ ထိပ်တန်းရောက်တဲ့သူတွေပါလို့ ….

 

ရွာအဆင့်နှင့်ကြည့်လျှင် အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ထားသူမှာ သူကြီးဖြစ်သည်။ ဘာသာရေးခေါင်းဆောင်မှာ ကျောင်းထိုင်ဘုန်းကြီး ဖြစ်သည်။ သြဇာကြီးလှ၏။ ငွေကြေးဥစ္စာ အချမ်းသာဆုံးမှာ လယ်ပိုင်ရှင်သူဌေး ဖြစ်၏။ ဥစ္စာ၊ အာဏာ၊ သြဇာ ထို ၃ ခုစလုံးတွင် ဒိပ်ဒိပ်ကျဲ ဖြစ်နေသူများမှာ စနေသားတွေ ဖြစ်နေသည်။ ထိုအခိုက် ကျောင်းအောက်မှ ကျောင်းပေါ်သို့ သူတောင်းစားတစ်ဦးတက်လာကာ အူယား ဖားယား လျှောက်ထားသည်။

 

တပည့်တော်လဲ စနေသားပါဘုရား … ဘုန်းကြီးက အောင့်သီးအောင့်သက်ဖြင့် ဤသို့မိန့်လိုက်လေသတဲ့။

 

မင်းက စနေအစစ် မဟုတ်ဘူး၊ စနေလေ … စနေလွင့်ကွ ….

 

စနေသားတောင်မှ အစစ်နှင့် စနေလေ စနေလွင့်ဟု ၂ မျိုး ခွဲခြားလိုက်သေးသည်။ လူရည်ချွန်ရသူတွေထဲမှာလည်း လူရည်ချွန်လေ၊ လူ ရည်ချွန်လွင့်တွေ ရှိသေးသလားဟု မေးရမလိုရှိ၏။

 

စနေသားတိုင်း ထိပ်တန်းရောက် တော်မွန်သူ မဟုတ်။ လူရည်ချွန် ရသူတိုင်းလည်း လူတော်လူကောင်း ဖြစ်ချင်မှဖြစ်မည်။ လောက သဘာဝ လူတွေ၏သဘာဝကို ယထာဘူတကျကျ အရှိကို အရှိအတိုင်း လေ့လာသုံးသပ်နိုင်ဖို့ သိပ်ပြီးအရေးကြီးပါသည်။

xxxx

 

စာရေးသူလည်း ဟိုတချိန်က လူရည်ချွန်ရူး  ရူးခဲ့သူတစ်ဦး ဖြစ်သည်။ လူရည်ချွန်အဖြစ် ရွေးချယ်ခံရလျှင် အင်းလေး ခေါင်တိုင်၊ ငပလီ၊ စက်စဲ စသော အပန်းဖြေစခန်းများသို့၊ နိုင်ငံတော်စရိတ်ဖြင့် သွားရောက်လည်ပတ်ခွင့်ရမည်။ အပန်းဖြေခွင့် ရမည်။ဂုဏ်ပြုခြင်း အမျိုးမျိုး ခံရမည်။ထိုစဉ်က လူရည်ချွန်ဆု ရွေးချယ်ခံရသူစာရင်းကို သတင်းစာထဲမှာ ထင်ထင်ရှားရှား ဖေါ်ပြပေးသည်။ မိမိ အမည်ပါလာလျှင်  ပျော် လိုက်မည့်ဖြစ်ခြင်း။

 

၁၉၈၀ မှ ၁၉၈၄ ကာလများသည် သတ္တမတန်းမှ ဒဿမတန်းထိ သင်ကြားအောင်မြင်ခဲ့သော ကာလများဖြစ်သည်။ ထိုကာလများတွင် စာ ရေးသူလည်း လူရည်ချွန်ဖြစ်ဖို့ အားသွန်စိုက်ကြိုးစား၍ စိတ်ကူးယဉ်နေခဲ့၏။

 

သို့သော် တခါမျှ လူရည်ချွန်မရခဲ့ပေ။ လူရည်ချွန်ဖြစ်ဖို့ အဓိကအားဖြင့် မြို့နယ်အဆင့်နှင့် ပြည်နယ်၊ တိုင်းအဆင့်ဟူ၍  ၂  ဆင့် ကျော်ဖြတ်ရ၏။ အတန်းထဲမှာ စာအတော်ဆုံးများအနက်၊ ၃ ဦးကို ရွေးချယ်ပြီး မြို့နယ်အဆင့် လူရည်ချွန်စစ်ဆေးရေးအဖွဲ့သို့စေလွှတ်ပါသည်။ မြို့နယ်အ တွင်းရှိ ကျောင်းပေါင်းစုံမှ စေလွှတ်လိုက်သော ပြိုင်ပွဲဝင်တို့ပြိုင်ကြရသည်။ ဖြေရာတွင် စာရေးသူ မှတ်မိသလောက် ၄ ပိုင်း ပါဝင်သည်။

 

(၁) ရေးဖြေ

(၂) ကိုယ်လက်ကြံ့ခိုင်ရေး

(၃) ဥာဏ်ရည် ဥာဏ်သွေး

(၄)လူတွေ့။

 

(၁) ရေးဖြေတွင် ၁ နာရီစာ မြန်မာစာမေးခွန်းလွှာနှင့် ၁ နာရီစာ အထွေထွေမေးခွန်းလွာတို့ပါဝင်၏။

 

(၂) ကိုယ်လက်ကြံ့ခိုင်ရေးကိုစစ်ရာ၌ မိန်းခလေးများကိုတော့ ဘာတွေစစ်သည် မသိ။ စာရေသူတို့ ယောင်္ကျားလေးများကိုမူ (က) မီတာ ၁၀၀၀  တာဝေး ပြေးစေသည်။ (ခ) မီတာ ၁၀၀ တာတိုပြေးစေသည်။ (ဂ) ရပ် အလျားခုန် ခုန်စေသည်။ (ဃ) ဒိုက်ထိုးစေသည်။ (င) အိပ်ထ မတင် လုပ်စေသည်။

 

(၃) ဥာဏ်ရည်ဥာဏ်သွေးကို စစ်ရာ၌ မှတ်ဥာဏ်နှင့် ဖြတ်ထိုးဥာဏ်တို့ကို စစ်ပါသည်။ မှတ်ဥာဏ်စစ်နည်းတခုမှာ ဤသို့တည်း။ စားပွဲခုံ ပေါ်တွင် တွဲယ်အပ်၊ ခဲတံ၊ ဘောပင်… စသဖြင့် ပစ္စည်း ၁၀ မျိုးကို တမိနစ်ကြာ ကြည့်စေပြီး ချက်ချင်ပြန်သိမ်းသွားပါသည်။ ပြိုင်ပွဲဝင်တို့က ထို ၁၀ မျိုးကို မှတ်မိသလောက်ပြန်ချရေးရသည်။ စာရေးသူကတော့ ၇ မျိုးလောက်သာ မှတ်မိပါသည်။

 

(၄) လူတွေ့၌ ၀တ်စားဆင်ယင်ပုံ၊ ပြောပုံဆိုပုံ၊ အမူအရာနှင့် ကိုယ်ရေးကိုယ်သွေးတို့ကို စစ်ဆေးပါသည်။

ပြည်နယ်နှင့်တိုင်းအသီးသီးတွင် လူရည်ချွန်စစ်ဆေးရေးဌာနများ သတ်မှတ်ထားသည်။ ဥပမာ စာရေးသူတို့ အလုံမြို့နယ်သည် မင်္ဂလာ တောင်ညွှန့်ဇုံတွင် ပါဝင်၏ ။ ထိုဇုန်၌ မြို့နယ် ၆ မြို့ပါဝင်သည်ဟု အမှတ်ရပါသည်။

 

စာရေးသူသည် ၇ တန်းမှ ၁၀ တန်းအထိ ၄ နှစ်တိုင်တိုင် ၄ ကြိမ်တိတိ မြို့နယ်အဆင့်လူရည်ချွန် အဖြစ်ရွေးချယ်ခံရပြီး တိုင်အဆင့်သို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည်။ သို့သော် တိုင်းအဆင့် (နောက်ဆုံးအဆင့်) လူရည်ချွန် မရခဲ့ဖူးပေ။ ဆရာမတဦးက ယခုလိုပြော၏။ (လူရည် ချွန် ရခဲ့ဘူးရင် နောက်တကြိမ်မှာ အမှတ်သီးခြားပိုပေးတယ်။ အဲ့ဒီတော့ အမှတ်ချင်း မတိမ်းမယိမ်းဖြစ်နေရင်၊ တူနေရင် ရပြီးတဲ့သူက နောက်နှစ်မှာ ထပ်ရဖို့ ရာခိုင်နှုန်းများသွားတယ်။ ဒီအခွင့်အရေးပေးတာ ဖြစ်သင့် မဖြစ်သင့်  တချို့က စောဒကတက်ကြတယ်။ ဒါပေမဲ့ ဒီ အ မှတ်ပေး စည်းမျဉ်းအတိုင်းပဲ လက်ခံကျင့်သုံးလာခဲ့ကြတာပေါ့။ )

 

စာရေးဆရာကြီး တစ်ဦးကလည်း သို့ကလို မှတ်ချက်ပြု၏။

 

(လူရည်ချွန်ဆိုတာ ကျောင်းသားလောကမှာ သည်းခြေကြိုက်ဖြစ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ပညာတတ် သီးခြားဇိမ်ခံ လူတန်းစားတစ်ရပ်ကို မွေး ထုတ်ပေးတယ်လို့လဲ ပြောစရာပဲ။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံ့သားကောင်းတွေ များများပေါ်ထွက်စေချင်ရင်တော့  ဂျပန်နိုင်ငံရဲ့ ပညာရေးကို လေ့လာသင့်တယ်။ အတုယူစရာရှိရင် အတုယူသင့်တယ်။ သူတို့က အတန်းခေါင်းဆောင်ကို ပုံသေမထားဘူး။ ကျောင်းသား တိုင်း အတန်းခေါင်းဆောင်အဖြစ် အလှည့်ကျ လုပ်သွားရတယ်။ ဦးဆောင်တတ်တဲ့အလေ့အကျင့်ကို လူတိုင်းရသွားတဲ့အပြင်၊ နောက်လိုက် ကောင်း ဖြစ်ဖို့လဲ လေ့ကျင့်ပေးသွားတယ်။)

 

လူရည်ချွန်စီမံကိန်းများသည် ၁၉၈၈ အရေးအခင်းနှင့်အတူ ရပ်ဆိုင်းသွားသည်။ ထို့နောက်ပိုင်းတွင် စာရေးသူ၏မိတ်ဆွေတစ်ဦးက သူ့စိတ် ဓါတ်နှင့် သူ့လုပ်ရပ်ကိုပြောပြရာ၊ ပြောကြားချက် မှန်ခဲ့လျှင် သူသာ တကယ့်လူရည်ချွန်ပါလားဟု သုံးသပ်မိသည်။

 

(ကျုပ်က လူရည်ချွန် ၂ ကြိမ် ဆက်တိုက်ရထားတယ်။ သေသေချာချာ ကြိုးစားရင် ၃ ကြိမ်မြောက်လဲ ရမှာပါ။ ဒါပေမဲ့ ငါချည်းပဲ ဆက် တိုက်ယူနေတာ တရားရဲ့လားလို့ စဉ်းစားမိတယ်။ ပြိုင်ဖက်တွေလည်း အရည်အချင်းမှာ ကိုယ်နဲ့ မတိမ်းမယိမ်းတွေပါပဲ။ သူတို့ထဲက တစ်ဦး ဦးကိုလည်း ရဖူးတယ်ရှိအောင် ရစေချင်တယ်။ အဲဒါနဲ့ အဲဒီနှစ်မှာ ကျန်းမာရေးအကြောင်းပြပြီး သွားမဖြေတော့ဘူး။ ကျုပ် စေတနာကို ကျုပ်ပဲ အသိဆုံးပါ။ သူများ သိဖို့မလိုပါဘူး။ စေတနာ ဟံ ကမ်မံ ဝဒါမိ့လို့ ဘုရားရှင် ဟောခဲ့တယ်လေ။)

 

 လူရည်ချွန်စီမံကိန်းတွင် ပါဝင်ကွပ်ကဲခဲ့သော လမ်းစဉ်လူငယ်အဖွဲ့၊ မြို့နယ်အတွင်းရေးမှူးဟောင်းတစ်ဦးက ယခုလို ပြောပြခဲ့ဖူး၏။ (မဆလ ပါတီမှာ အားသာချက်၊အားနည်းချက်တွေ ဒွန်တွဲရှိနေတာ မှန်ပါတယ်။ဒါပေမဲ့ လူငယ်တွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ သာဓကတွေက အများကြီး ရှိပါတယ်။ ဗလ ၅ တန်မှာ ဗလ ၄ တန် ဖွံ့ဖြိုးစေတဲ့အစီအစဉ်ကတော့ လူရည်ချွန်စီမံကိန်းပဲ။ ကာယဗလဆိုတာ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ ကျန်းမာရေးနဲ့ ညီညွတ် အောင် နေထိုင်တတ်မှုပါ။ ဥာဏဗလဆိုတာ ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်အောင် ကြိုးစားမှုပါ။ မိတ်တဗလဆိုတာ မိတ်ကောင်းဆွေကောင်းကို ရွေးချယ်ပေါင်းသင်းတတ်မှု၊ အပေါင်းအသင်း ဝင်ဆံ့မှု၊ ဆက်ဆံရေး ကောင်းမှုပါ။ စာရိတ္တ ဗလဆိုတာ ကိုယ်ကျင့်သိက်ခါကို ထိန်းသိမ်းတတ်မှုပါ။ ဘောဂဗလကတော့ ဆိုရှယ်လစ်ခေတ်ဆိုတော့ တိုက်ရိုက် မပါပါဘူး။ ဒါပေမဲ့ မိဘငွေကြေးကို ဖြုန်းတီးလေလွင့်စေခြင်း မရှိဘူးဆိုရင် ဘောဂဗလလဲရှိတယ်လို့ ဆိုနိုင်မှာပါ။ အဲသလို ကောင်းမြတ်သော ရည်ရွယ်ချက် တွေထားရှိပြီး၊ ဆောင်ရွက်ခဲ့ပေမဲ့ အတိုင်းအတာတစ်ခုအထိပဲ အောင်မြင်ခဲ့တယ်။ စိစစ်ရွေးချယ်တဲ့နေရာမှာ ဘက်လိုက်မှု၊ ခြစားမှုတွေလဲ ရှိတန်သလောက် ရှိခဲ့ကြောင်း ဝန်ခံရမှာပါ။ ဆိုလိုတာက လူရည်ချွန် အရွေးချယ်ခံရသူတိုင်း ထိုက်ထိုက်တန်တန် အရွေးခံရသလားဆိုတာ သုံးသပ်သင့်ပါတယ်။ အရွေးမခံရပေမဲ့ လူရည်ချွန်အရည်အချင်းပြည့်ဝနေသူတွေကော မရှိနိုင်ဘူးလား။)

 

စာရေးသူသည် လူရည်ချွန် အရွေးမခံခဲ့ရခြင်းအတွက် စိတ်မကောင်းဖြစ်ခဲ့ရဖူးသည်။ ဆရာမဒေါ်တင်ဝင်း၏ခင်ပွန်း ဗိုလ်မှူးကျော်ဝင်း (နောင်တွင် ဒု-ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူသူ) က ဝေါဟာရ ၂ လုံးကို ရှင်းပြခဲ့၏။ ထူးချွန်မှု (Outstanding) နှင့် ထက်မြက်မှု (Bright)။ ထို့နောက်ပိုင်းတွင် စိတ်မကောင်းရခြင်းများ ပျောက်သွား၏။

(Outstanding ဆိုတာ အစုအဖွဲ့တစ်ခုမှာ ပိုပြီးထူးချွန်သူတွေကို ရွေးလိုက်တာ။ ဥပမာ  ကျောင်းအလိုက်၊ အတန်းအလိုက် အမှတ်အများ ဆုံးရသူကို ပညာရည်ချွန် ပထမ၊ ဒုတိယ၊ တတိယ စသဖြင့်ပေးကြတယ်။

 

ဒါဟာ Outstanding ဖြစ်သူကို ရွေးတာပေါ့။ ပြည်နယ်က ပညာရေး၊လူမှုရေး၊ စီးပွားရေး အဖက်ဖက်မှာ နိမ့်ကျဆင်းရဲတယ်။အဲဒီပြည်နယ်က အ့ထ့က ကျောင်းတစ်ကျောင်းမှာလဲ ပညာရည်ချွန်ဆုတွေ ပေးတယ်။ ရန်ကုန်တိုင်း၊ လသာက အထကကျောင်းတစ်ကျောင်းမှာလဲ ပညာ ရည်ချွန်ဆုတွေ ပေးတယ်။ ပထမဆု ရတာချင်းတူပေမဲ့ အမှတ်ချင်းတူမှာ မဟုတ်ဘူး။ ပြည်နယ်က ပထမရသူရဲ့အမှတ်ဟာ၊ လသာက တတိယ ရသူထက်တောင် နည်းကောင်း နည်းနေလိမ့်မယ်။ ဒါ့ကြောင့် Outstanding ဖြစ်သူဆိုတာ သတ်မှတ်ချက်တစ်ခု အတွင်းက ပေါ်ထွက်လာတာ။

 

Bright ထက်မြက်မှုဆိုတာကျတော့ ဘယ်အခြေအနေ အချိန်အခါမှာမဆို အကောင်းဆုံး၊ အသင့်တော်ဆုံးဖြစ်အောင် လုပ်သွားနိုင်တဲ့သူ ပေါ့။ သတ်မှတ်ချက်ဘောင်ကိုကျော်ပြီး တော်နေတဲ့သူပေါ့။ ဥပမာ- ဗဟုသုတ လေ့လာရှာဖွေတဲ့နေရာမှာ လူရည်ချွန်ဆု ရဖို့မျှော်လင့်ပြီး လေ့လာတာ  မဟုတ်ပဲ၊ သိသင့် သိထိုက်တာ သိချင်လို့၊ လက်တွေ့ဘဝမှာ အသုံးချချင်လို့ လေ့လာတဲ့သူတွေကို Bright ဖြစ်သူလို့ ခေါ် တယ်။

 

၁၀ တန်းမှာ အမှတ်များအောင် ကြိုးစားပြီး ဆေးကျောင်းသား ၅၅၀ ရွေးတော့ ဝင်ခွင့် ရသွားတာ Outstanding ဖြစ်တာ။ ဆရာဝန် ဖြစ် တာချင်းတူပေမဲ့ လေ့လာမှု မရပ်ပစ်ပဲနဲ့ အစဉ်အမြဲ ကြိုးစားကြံဆနေတာက  Bright ဖြစ်တာ။ တနည်းအားဖြင့် ဆရာဝန်တွေ ခေတ် ကောင်းနေလို့ ဆေးကျောင်းဝင်ခွင့်ရအောင် လုပ်နိုင်သူက Outstanding ဖြစ်တာ။ ဆရာဝန်တွေ ခေတ်ကောင်းကောင်း ၊ မကောင်းကောင်း ဆေးပညာကို တန်ဖိုးထားပြီး မိမိကောင်းကျိုး သူတပါးကောင်းကျိုးတွေ လုပ်ကိုင်နေသူက Bright ဖြစ်သူပေါ့။)

 

ရန်ကုန်တက္ကသိုလ် သမိုင်းဌာနတွင် နည်းပြဆရာ လုပ်ခဲ့ဖူးသူတစ်ဦးကမူ ယခုလို ဆို၏။

 

(ဘက်စုံထူးချွန်သူကို လူရည်ချွန်လို့ ပြောခဲ့ကြတယ်။ သဘာဝမကျပါဘူး၊ ဘက်စုံထူးချွန်ဖို့ဆိုတာ မလွယ်ပါဘူး။ သတ်မှတ်ချက်အချို့မှာ ထူးချွန်သူဆိုမှ မှန်မယ်။ ဟိုစပ်စပ်၊ ဒီစပ်စပ်ရနေရင် ဘယ်နေရာမှာမှ ထိပ်တန်းရောက် မထူးချွန်နိုင်ပါဘူး။)

 

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ယခုလိုပြော၏။

 

(ကျွန်တော့်ဇနီးက ကျောင်းသူဘဝတုံးက လူရည်ချွန် ၃ ထပ်ကွမ်းပေါ့။ လူရည်ချွန်ဆိုတာ ကိုယ်လက်ကြံ့ခိုင်ရေး၊ ကျန်းမာရေးဖက်မှာလဲ ဂရုစိုက်တဲ့သူ ဖြစ်သင့်တယ်။ ခုတော့ဗျာ …. ဝလာလိုက်တာ၊ ပွင့်လို့တောင်ပြောရမလားပဲ။ စားချင်တာ စားတယ်။ အားကစား လေ့ကျင့် ခန်းလဲ မလုပ်ဘူး။ လူရည်ချွန်တုံးက ချွန်ခဲ့တာတွေကို ဘဝမှာ အသုံးမချတော့ လူရည်မချွန် ဖြစ်သွားတယ်။) လူရည်ချွန်မရခဲ့စေကာမူ ကျောင်း အုပ်ဆရာကြီးဦးသန်းဝင်းနှင့် မိဘဆရာအသင်းကမူ စာရေးသူအား၊ မြို့နယ်အဆင့် လူရည်ချွန်ဆုကို နှစ်လည်ဆုပေးပွဲတွင် အမြဲ တစေ ချီးမြှင့်ပါသည်။

 

ဆရာမတစ်ဦးက ယခုလို ဆို၏။ (ငါ့တပည့်ဟာ အမှတ်မတိမ်းမယိမ်းနဲ့ ကပ်ပြီး အရွေးမခံရဘူးလို့ ငါတို့ယူဆတယ်။ ပြည်နယ်၊ အထက က လူရည်ချွန် အရွေးခံရသူထက် မင်းက အမှတ်များမယ်လို့ ငါတို့ယူဆတယ်။ ကိုယ့်ကိုယ်ကို မညံ့ဘူးဆိုတာသိနေအောင် မင်းကို ထိုက် ထိုက်တန်တန် ဆုပေးတာ။)

 

မိမိတပည့်မို့ အလွန်အကျွံ မြှောက်ပေးသည်ဟု ဆိုကြပါစေဦး။ စာရေးသူကတော့ ဆရာကြီးနှင့် ဆရာ ဆရာမများပေးသော လူရည်ချွန် ဆုကိုတန်ဖိုးထားပါသည်။ တကယ်ရခဲ့သည်ဟုလဲ ယုံကြည်နေဆဲ။

 

လူရည်ချွန်မဟုတ်သော လူရည်ချွန်ပေါ့ခင်ဗျား။ စာရေးသူကော လူရည်ချွန်ဟောင်းတွေ တွေ့ဆုံပွဲမှာ တက်ရောက်လို့ ရမလားဟု မေးချင် နေမိသည်။ မရဟုဆိုလျှင်လဲ စိတ်ဆိုးမည့်သူတော့ မဟုတ်ပါခင်ဗျား။ လူရည်ချွန်ဟု သတ်မှတ်မခံရသော လူရည်ချွန်များလည်း ပုံစံမျိုးစုံနှင့် ရှိနေနိုင်သည်ကို သိစေလိုခြင်းဖြစ်ပါသည်။ အိမ်နီးချင်းတစ်ဦး ပြောပြခဲ့ဖူးတာကိုလဲ မျှဝေလိုပါသေး၏။

 

 

(လူရည်ချွန်ဆိုတာ စာမေးပွဲစစ်ဆေးပြီး ပေးလို့ရတာမျိုး မဟုတ်ဘူး။ ဘဝမှာ ကိုယ့်လုပ်ရပ်ကို မှတ်ကျောက်တင်ခံပြီး ကိုယ့်ဘာသာ ကိုယ်ရ တာ။ စာပေဗိမ္ဗာန်က ၁၉၆၀ မတိုင်မီက ထုတ်ခဲ့တဲ့လူရည်ချွန်ဆိုတဲ့စာအုပ်ကိုဖတ်ရင် သဘောပေါက်မယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “လူရည်ချွန် မဟုတ်သော လူရည်ချွန်များ
  1. သိပ်ကောင်းတဲ့ လူရည်ချွန်အကြောင်းပါ…ကျေးဇူးပါပဲ
    “ဝ” တာနဲ့လူရည်ချွန်မချွန်တော့ဘူး ဆိုတာတော့ မထောက်ခံပါဘူး..:)
    စာရိတ္တမှန်ကန်သူများပဲ လူရည်ချွန်အစစ်ဖြစ်တယ်လို့ .. ခံယူပါတယ်…။ ပညာသင်ချိန်.. အပြိုင်အဆိုင်ပါ။ အသက်ရွယ်ရတော့ ..တစ်မျိုး၊.. အသက်ကြီးလာတော့.. တစ်မျိုး၊ အသက်ရွယ်အားလုံးအတွက်က- စာရိတ္တပါပဲ။

Comments are closed.