ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

၆၇ ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနေား ပြည်မြို့တွင် ကျင်းပ


ချမ်းမြ (မိုးမခအထောက်တော်)
ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄

 

ပြည်ခရိုင် နိုင်ငံရေးအင်အားစုများက ကြီးမှူးကျင်းပသော (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပြည်မြို့ ကမ်းနားလမ်း ဦးခင်ဦးအိမ်တွင်ကျင်းပသည်။ မနက်(၁၀)နာရီတွင် အခမ်းအနားကိုစတင်ဖွင့်လှစ်၍ဲပြည်ထောင်စု မြန်မာနိုင်ငံတော်အား အလေးပြုခြင်း၊ လွတ်လပ်ရေးတွင်ကျဆုံးသွားခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များအားလေးပြုခြင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူလူထု၊ ကျောင်းသား၊ကျောင်းသူ၊ လူငယ်၊ မောင်မယ် အပေါင်းတို့အား ဂုဏ်ပြုသောအားဖြင့် (၈) စက္ကန့် ငြိမ်သက်ခဲ့သည်။

 

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်ချမ်းရေး ကွန်ယက် ပြည်ခရိုင်မှ ဦးချစ်ဆောင်က သဘာပတိ အဖွင့်အမှာစကားပြောကြောင်း၊ အခမ်အနား ကျင်းပရေးကော်မတီ ဥက္ကဌ ဦးခင်ဦးမှ အမှာစကားပြောကြောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းစဉ်အား ကိုကိုးကျွန်းပြန် ဦးအောင်ငြိမ်းမှ ပြောကြားကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားများရဲ့ ရပိုင်ခွင့် ဆုံးရှုံးမှုများနှင့်ပတ်သက်၍ ကိုဇော်ထွန်း(HRDP)ကပြောကြားကြောင်း၊ အနောက်လက္ခုပ်ပင် ဆရာတော် ဦးပညာဝံသမှ ပေးပို့သောသြ၀ါသကထာဖတ်ကြားကြောင်း၊ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ယက်မှ သ၀ဏ်လွှာဖတ်ကြားကြောင်း၊ ကျင်းပရေးကော်မတီ၊ ပြည်ခရိုင် နိုင်ငံရေးအင်အားစုများ ပူးတွဲသဘောထား ကြေညာချက်အား ဦးဇော်ဝင်း(PPP)ဖတ်ကြားကြောင်း၊ သဘာပတိ အဖွဲ့ဝင် ၁၉၉၀ပြည့် ဒီမိုကရေစီ အင်အားစု ဦးမောင်မောင်အုန်း နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို လူ(၇၅)ယေက်တက်ရာက်၍ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

 

ပြည်ထောင်စုနေ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးပါအရာရောက်တဲ့ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ ပင်လုံစာချုပ်ဟာ တိုင်းရင်သားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူအခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အချုပ်အခြာအာဏာတည်ရှိရေး၊ တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုတို့ကိုအသိအမှတ်ပြုထားကြောင်း၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်နဲ့သွားရမည် ဖြစ်ကြောင်း၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ပီပီပြင်ပြင် ပေါ်ပေါက်လာဖို့ဆိုတာ အစိုးရဘက်ကရော၊ တိုင်းရင်းသားပြည်သူလူထုတွေ အကုန်လုံးကရော နိုင်ငံသားတိုင်းက တယောက်နဲ့တယောက် ကွဲပြားခြားနားမှုတွေကို လက်ခံ အသိအမှတ်ပြုဖို့ လိုပါကြောင်း၊ တရားလက်လွတ်၊ နှိမ်စက်ကလူပြုမှု၊ အုပ်စိုးမှုနဲ့ ဖိစီးညှဉ်းပန်မှုတွေကို နောက်ဆုံးမှာ မလွှဲသာ မရှောင်သာပဲ လက်နက်စွဲကိုင်ကာ တော်လှန်၊ ပုန်ကန်ခြင်းကြောင့် ပြည်တွင်းစစ်ဖြစ်ရကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဟာ မရှိမဖြစ် လို့အပ်ချက် ဖြစ်ကြောင်း၊လူ့အခွင့်အရေးတွေကို ဥပဒေနဲ့ ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ  လူ့အခွင့်အရေးစံနှုန်းတွေပါရှိမှ တိုင်းရင်းသားလူမျိုးစုအားလုံး လူသားပီပီ လူ့ဂုဏ်သိက္ခာရှိရှိနဲ့ လူဟာလူလို့ အသက်ရှင်ရပ်တည် နေနိုင်မှာဖြစ်ကြောင်း လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ (HRDP) ဘုတ်အဖွဲ့ဝင် ကိုဇော်ထွန်းမှ ပြောကြားကြောင်းသိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts