မှတ်စုမှတ်တမ်း အခန်းဆက်များ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁၉ )

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁၉ )
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဖေဖော်ဝါရီ ၉၊ ၂၀၁၄
 
 
သီးသန့်ထောင်ထဲ ရောက်ပြီး ထောင်ထဲ မရောက်ခင် အပြင်ကတည်းက သိခဲ့သူ၊ အပြင်ကတည်းက လက်တွဲလုပ်ကိုင်ခဲ့ပြီး ခုတခါပြန်လည်ဆုံစည်းရသူတို့ကို ပြန်လည်ဆုံတွေ့ရသည်။ ထိုသူတွေထဲက တယောက်အကြောင်းကို အခန်း (၈) ၌ အနည်းငယ် ရေးခဲ့ဘူးသည်။ အပြင်တွင် တခရီးတည်းသွားပြီး ခုတခါပြန်ဆုံတော့ ကိုယ် အကြောင်းကို သူသိသလို သူ့အကြောင်းကိုလည်း ကိုယ်က သိနေသည်။ ဦးမောင်မောင် နှင့် တွေ့ဆုံဘူးတာက ၈၈ အာဏာသိမ်းပြီး ရက်ပိုင်းကဖြစ်သည်။ သူနဲ့တွေ့တော့ သူက စပြီး
“ဦးဇင်း ဟိုနာနတ်သီး တွေကော”
သူပြောစကားက အကြောင်းရှိသည်။ သူ့ကို ပြောပြထားဘူးသည်ကို သည်ပုဂ္ဂိုလ် ကောင်းကောင်းမှတ်မိနေသည်။ သူပြောစကားကြားရတော့ ၈၈အရေးတော်ပုံကာလသည် စိတ်ဒိုင်ယာယီထဲမှာ မှတ်တမ်းတင် ရေးထားသည့် မှင်တောင်မခြောက်သေးသော ဇာတ်လမ်းဖြစ်နေသည်။
နယ်အသီးသီးမှ သပိတ်စခန်းများ ကိုယ်ပိုင်အစီအစဉ်ဖြင့် ဖြစ်သင့်ရာရာ လမ်ကြောင်းများကိုရွေးချယ်ကြသည်။ တစ်ချို့က မြို့ပေါ် ၊ တစ်ချို့က တောထဲ။ ရှေ့ခရီး အတွက် လုပ်သင့်လုပ်ထိုက်သည်တို့ကို ရှာဖွေနေဆဲကာလ ဖြစ်သည်။ ၈၈အရေးအခင်း ကာလက တန်ပြန်သပိတ် ။သပိတ်မှောက်ဆန္ဒပြနေသူတို့ ဖြိုခွင်းရန်  မဆလ တို့ အကြီးအကျယ် ကြိုးပမ်းခဲ့မှု။ ဒီလိုကိစ္စမျိုး ဦးဇင်းတို့မြို့မှာလည်း ကြုံခဲ့ရသည်။နောက်ပိုင်း စစ်အုပ်စု က ထိုကိစ္စများသည် ကောလာဟာလဟု ကမ္ဗည်းတပ်ပြီး သပိတ်ကို ဖြိုခွင်းမည့်သူများကို သာသာထိုးထိုး ပုံဖော်ပြီး  ဆန္ဒပြသူများဘက်က အမှားဖြစ်အောင် ပုံဖော်ထားကြသည်။ ဒိုက်ဦးမြို့မှ အဖြစ်ကတော့ သူတို့တွေ ဘယ်လိုပဲပြောပြော လူထုက လက်ခံမည်မဟုတ် ။ လူတွေ ထောင်နှင့်သောင်းနှင့်ချီ ရှိနေသော လူအုပ်ကြား ဖြစ်ပွားခဲ့သောကိစ္စ မို့ဖြစ်သည်။
သတင်းစကားကို လူထု ချီတက်ပွဲ တက်လာကြသော ပရိသတ်တို့ကတော့ ကြားသိချင်မှကြားသိပေမည်။ သပိတ်စခန်းထဲက တာဝန်ရှိသူတွေကတော့ သိနေကြသည်။ သတင်းကြိုရထားပြီးလည်း ဖြစ်သည်။ မြို့နယ် ကောင်စီ အတွင်းရေးမှူး သူရအေးရွှေ(တမြို့နယ်လုံးကငါရအေးရွှေဟုခေါ်ကြသည်)၏ အစီစဉ်ဖြင့် လူထုအတွင်း ဖေါက်ခွဲမှု တစ်ခုပြုလုပ်ရန် အစီအစဉ်ကိုကြားသိထားသည်။ သူတို့ သတင်းရထားသော မြင့်နိုင်ဆိုသူကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။ သူ၏ လှုပ်ရှားမှု တိုင်းအတွက် သတိကြီးကြီး ထားပြီး အနီးအနားမှာ ကပ်ပြီးနေကြသည်။ လွယ်ထားသော လွယ်အိတ် အတွင်းလက်ကို နှိုက်ပြီးချီတုန်ချတုန်းဖြစ်နေသော မြင့်နိုင်ကို  သပိတ်စခန်းမှ လူများ  ပိုပြီး သတိရှိစေရန် အချက်ပေးသလိုရှိနေသည်။
 ဒီအချိန်မှာပဲ သူ့ကို နောက်ကနေ သိမ်းကြုံးပြီး ဖမ်းချုပ်လိုက်သည်။ လက်တစ်ဖက်စီကို တစ်ယောက်စီ အတင်း ချုပ်လိုက်သည်။ သူ့လွယ်အိပ်ကို တစ်ယောက်က အမိအရ ဖြုတ်သိမ်းလိုက်နှိုင်သည်။ သတင်းကြးရသည့်အတိုင်း သူ့လွယ်အိတ်ထဲ မှာ ဗုံးတစ်လုံး။ သူဖော်ထုတ် ပြောဆိုချက်အရ နောက်ထပ်တစ်ယောက်ကိုဗုံးနှင့်အတူ ဖမ်းမိလိုက်သည်။ ထိုသူတို့ထံက သိမ်းဆည်းရမိသော ထိုပစ္စည်းကို ထားစရာနေရာ မရှိဖြစ်နေသည်။ နားလည်သူတွေကို တိုင်ပင်ကြတော့အဖြေက အမျိုးမျိုး ။ အာဏာသိမ်းပြီးရန်ကုန်တက် ပြီး ပါတီတွေအဖွဲ့ အစည်းတွေ ကိုတွေ့ကြတော့ ဒီအကြောင်းကိုစကားစပ်ပြီး ပြောဖြစ်သည်။ ဒီတုန်းက ဦးမောင်မောင်က ဦးအောင်ကြီး အိမ်မှာ တာဝန်ယူပြီး  နယ်ကတက်လာသူတွေကို ပြန်လည် ဆွေးနွေးပေးရေသူဖြစ်သည်။ ဒီအထဲက စပြီး သူနဲ့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ နောက်ပါတီတွေဖွဲ့တော့  ဦးအောင်ကြီး ကအင်အယ်လ်ဒီမှာ ပါလာသည်။ ဒီတော့ဦးမောင်မောင်တို့ပါ တက္ကသိုလ်ရိပ်သာလမ်းကိုရောက်လာသည်။ ကြုံတိုင်း သူက ဆွမ်းကပ်သည်။ ဒီအထဲက တရင်းတနှီးရှိခဲ့သည်။ နောက်သူတို့ ပါတီက ထွက် ကိုယ်လည်း သူတို့ကို မတွေ့ရတော့။ အဖမ်းမခံရမှီ အချိန်က ဦးအောင်ကြီးနှင့်အဖွဲ့ ငှက်သိုက် ကိစ္စ ဖြင့် တရားစွဲဆိုခံရကြောင်း သိခဲ့ရသည်။ အခုကိုယ် ထောင်ထဲရောက်တော့ သူတို့က ရောက်နှင့်နေသူ ကိုယ်တွေက ကျသစ်။ ပြန်လည်တွေ့ကြတော့ ဟို၈၈က ပြောခဲ့ဘူးသောစကားကိုသူကပြန်မေး နေခြင်းဖြစ်သည်။ ထိုစဉ်က သီးသန့်ထောင် ဆေးရုံဆောင်တွင် ဦးအောင်ကြီးကို မကြာခဏ လှမ်းတွေ့ရတတ်သည်။ သူထောင်ဝင်စာ လာသောရက်များတွင် ၅-ည အများစု ရှိရာ အဆောင်သို့ ငါးပိကြော် ငါးခြောက်ကြော်စသည်များကိုဝေငှတတ်သည်။
နောက် အပြင်မှာသိရှိခဲ့ အတူတူ ကိစ္စရပ်တစ်ချို့ကို ဆောင်ရွက်ဘူးသူ တစ်ယောက်ကိုလည်း သီသန့်ထောင်တွင် ဆုံတွေ့ခဲ့ရသေးသည်။ သူ့ကို၁၉၈၈ ထဲကသိနေခဲ့သည်။ နောက်ပိုင်း ၁၉၉၀ပြည့်ရွေးကောင်ပွဲ အပြီး ဂန္ဓီခန်းမကြေငြာချက်ထွက်ပြီးနောက် မကြာမှီ ရက်ပိုင်းကဖြစ်သည်။ ရွေးကောက်ပွဲတွင် တခဲနက်မဲပေးလိုက်ကြသော ပြည်သူတို့ဆန္ဒက တမျိုး၊ ဖြစ်ပေါ်လာသောရလာဒ်က တမျိုးဖြစ်နေခြင်း အပေါ် မကျေနပ်သူတို့စုမိကြသည်။ တရားမဝင် အဖွဲ့အသီး အသီးက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လှုပ်ရှား နေကြသည်။ ဒီတုန်းက အင်အယ်လ်ဒီ  အလုပ်အမှုဆောင်အဖွဲ့က တကယ်လှုပ်ရှားနေကြသော ပြင်ပ အဖွဲ့အစည်းများကို လက်ခံတွေ့ဆုံသည်။ အင်အယ်လ်ဒီက အတွင်းရေးမှူးဦးချစ်ခိုင် အပါအဝင် ထိုစဉ်က တာဝန်ရှိသူများဖြစ်သော ခေါင်းဆောင်များက လက်ခံတွေ့ဆုံခဲ့သည်။ ဂန္ဓီ ကြေငြာချက်နှင့် ပတ်သက်ပြီး သူ့ဘက်ကိုယ့်ဘက်အမြင်များကို ပြောဆိုကြသည်။ ၉-ရက် ၉-လ ၁၉၉၀ နေ့ ၉ သုံးလုံးလှုပ်ရှားမှုအတွက် လုပ်ဆောင်နေသည်များကို လည်း ပြောကြားကြသည်။ အင်အယ်လ်ဒီ ဘက်ကလည်း လူထု လှုပ်ရှားမှု အတွက်ပြင်ပ အဖွဲ့အစည်းများ ဆန္ဒရှိနေမှုကို သိရှိခွင့် ရရှိခဲ့သည်။ အားလုံးထိုတွေ့ဆုံမှု တွင် လူပေါင်း၁၅ယောက်လောက်ရှိမည်။ မှတ်မိသည့် လူရှိသလို မမှတ်မိတော့သည့်လူတွေလည်းရှိနေသည်။
ထိုစဉ်က အင်အယ်လ်ဒီကိုတွေ့ဆုံအပြီး ပြန်ဆုံရန် နောက်တနေ့ကို ချိန်းလိုက်ကြသည်။ လူစုခွဲပြီး အသီးသီး တစ်နေရာစီကို ပြန်ခဲ့ကြသည်။ နောက်တနေ့ကို ချိန်ဆိုခြင်းမှာလည်း အကြောင်းရှိသည် မန္တလေး၌ ထုတ်ဝေသော ဥတ္တမဂျာနယ်လိုမျိုး ဝိစာရဂျာနယ် ဟုဂျာနယ်တစ်စောင်ထုတ်ရန် အတွက်ဖြစ်သည်။ စာမူများ အားလုံးယူဆောင်ပြီး သူတို့ချိန်းဆိုရာ ရန်ကင်းလမ်းဆုံး လဘက်ရည်ဆိုင်နားရောက်တော့ အရင်အခေါက်တွေတုန်းကလိုမျိုး လူတစ်ဦးတစ်ယောက်မျှကိုမတွေ့ ။ဆိုင်လွန်သွားတော့ နောက်နားကနေ လူငယ် တစ်ယောက် ကပ်လာသည်။
“ဘုန်းဘုန်းဦးဇဝနလား တပည့်တော်ကို လှည့်မကြည့်နဲ့ မသိသလိုဆက်လျှောက် တပည့်တော် လျှောက်ပြမယ်ဘုရား”
လူရွယ်၏ ပြောစကားကြောင့်အခြေနေကိုသဘောပေါက်လိုက်သည်။ လမ်းယှဉ်လျှောက်ရင်း သူ့စကားတွေကိုနားထောင်ရသည်။
“ညက အရှင်ဘုရားတို့ ရွှေဂုံတိုင်ကိုသွားတွေ့တဲ့သူတွေတော်တော်များများကို ဖမ်းသွားကြပြီ ကိုဇော်ငြိမ်းလတ်ပါတယ် နောက်ပြီး—”
သူလူတွေကိုတန်းစီပြီးရွတ်ပြသည်။ ၉သုံးလုံး အုပ်စု အားလုံးပါသွားကြပြီ။
“ဇာနည်ကော ပါသွားလား”
“အခုသူစောင့်နေတယ် သူပါမသွားဘူး”
ရွှေဂုံတိုင် ရုံးသွားတွေ့သည့် ကိစ္စကော နောက် ကိုးသုံးလုံး ကိစ္စ ဒါတင်မက အခြားကိစ္စများက သူတို့ကို ဖမ်းဆီးသည့်ကိစ္စဖြစ်မည်။ ဇာနည်ကိုတွေ့တော့ ညက ကိစ္စတွေကိုပြောပြသည်။ သူတရောရောက်နေလို့ ကံကောင်းသွားသည်။ ဒီအထဲက သူရောကိုယ်ရော ပေါ်ပေါ်ထင်ထင်ရှိမည့်နေရာကို ရှောင်ခဲ့သည်။
ကိုယ်ကတော့ကိစ္စရပ်တော်တော်များများကိုနောက်ကွယ်ကသာ အကူအညီပေးရတော့သည်။ ကွဲကွာနေသည်မှာ သုံးနှစ်နီးပါးရှိမှ ပြန်လည်ဆုံတွေ့ဖြစ်ကြတော့သည် ။ တွေ့မည့်တွေ့တော့လည်း ထောင်ထဲ။ သူက ကိုယ်ထက်စောပြီးရောက်နှင့် နေသည်။ ထောင်ထဲရောက်ပြီးခါစက စကားစပ်မိပြီး မေးကြည့်တော့သူ တစ် ဆောင်ဘက် အခြမ်းတွင် ရှိနေသည်ဆိုတာကို သိလိုက်ရသည်။ တနေ့ သူထောင်ဝင်စာကအပြန် ခပ်လှမ်းလှမ်း ဖိုကြီးရှေ့ကနေ လက် လှမ်းပြသည်။
ထောင်ဆိုတာက အခုကျပ်လိုက် အခုချောင်လိုက် အတည်မရှိ။ သဘောကောင်းသော တာဝန်ခံလာလျှင် သဘောကောင်းသလို လွတ်လပ်သည်။ ရာထူး အတွက်သာ ကြည့်တတ်သော အရာရှိများ တာဝန်ကျလာလျှင် သူအာဏာ တည်မြဲရေး အတွက် အထက်လူကြီးသဘောကျ ဖိနှိပ်မည်။ ဒီပုံစံအတိုင်း ထောင်ထဲမှာ ကြုံခဲ့ရသည်။ ခု သီးသန့်ထောင်တွင်တွင်လည်း အစရောက်စက တင်းကျပ်ထားသော စည်းမျှဉ်းတို့ ပျောက်နေသောကာလတစ်ခုကို ကြုံတွေ့ခဲ့ရဘူးသည်။ ထိုစည်းကမ်းတို့ မတင်းကျပ်သော ကာလာတွင် သီးသန့်ထောင်သည် ပျော်စရာကောင်းနေတော့သည်။ ဟိုဖက်ဆောင် ဒီဖက်အဆောင် ကူးပြီး လည်ကြသည်။ ဒီချိန်မှာ တဖက်ဆောင်တွင်ရှိသော ဇာနည်နှင့် သူ့အခန်း ကိုယ့်အခန်းလည်ဖြစ်ကြသည်။ သူထောင်ကျခဲ့ပုံတွေ ထောင်မကျခင် သူ့ရဲ့လှုပ်ရှား မှုတွေကို သိရသည်။

 

ဤလွတ်လပ်မှု့၏ နောက်ဆက်တွဲအဖြစ် ဟိုဖက်အဆောင် ဒီဖက်အဆောင် မိတ်ဆွေရဲဘော်များ ဆုံတွေ့ရမှု့အပြင် ထူးခြားသော အခမ်းအနား ပျော်ပွဲရွှင်ပွဲတို့ကိုပါ ဆက်တိုက်ပြုလုပ်နိုင်ခဲ့သည်။ ထောင်တွင်း ရှားရှားပါးပါး ကြုံခဲ့ရသော လွတ်လပ်မှု့ တစ်ခုကို အမိအရ ဆုပ်ကိုင်ပြီး ထောင်ထဲ အမှတ်ရဆုံးသော ပျော်ပွဲကို ဟိုဖက်အဆာင် ဒီဖက်အဆောင် ကူးပြီး ဆင်နွှဲနိုင်ခဲ့သည်။ အပြင်ကတည်းက ဆုံတွေ့ခဲ့ရသော မိတ်ဆွေတို့ ကြောင့်ကျမှု့ကင်းကင်းတွေ့ဆုံနိုင်သော ကာလလေးတခုက ဘာမှမကြာမြင့်ခဲ့ပါ။ ထိုမကြာမြင့်သော်လည်း ထိုအချိန်ကာလ သီးသန့် နေရသူတိုင်း အမှတ်ရသော ကာလပင်ဖြစ်ပေမည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts