ကဗျာ ထွန်းဝင်းငြိမ်း

အိမ်တွင်းရေး၊ ဇန်နဝါရီ (Tun Win Nyein)


 

အိမ်တွင်းရေး၊ ဇန်နဝါရီ

ထွန်းဝင်းငြိမ်း၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၄

ဘဝဟာညွတ်ကွင်းတစ်ခုလား။

 

ကရွတ်ကင်း လျှောက်သူချင်းအတူတူ

လက်ထောက်ချသူကလည်း

လူလိုအရင်ဟစ်ပြီးတော့

မတော်မတရားဖြစ်နေတဲ့ ခေတ် ။

 

လက်ရုံးတွေကို နေလှန်းပြီး

ဒေါသနဲ့ ကန်းမနေကြနဲ့ ။

 

လေထုက နောက်ကျိတော့

ဘာမသိ ညာမသိ

စကားသံတွေ တအူအူ

ဟောင်သံတွေလည်း ဆူလို့။

 

လမ်းဆုံးလို့မှ ရွာမတွေ့သူ

ပြာပုံကို ဘာ ဘုံ ထင်နေလဲ မသိ ။

 

တအိအိ ပြိုနေတဲ့ အမှောင်မှာ

ရေညှိရောင် မျက်လုံးနဲ့

”အနန္တသူရိယ”ကို မုန်းသတဲ့ ။

 

မိတ်ဆွေတို့  . . .

မဟာဂေါ်ကီရဲ့

ဒဏ်ရာရ နှလုံးသားဟာ

ရှုတ်ချသံကြားမှ ဖွားမြင်ကြောင်း

ဆရာဖေါ်ဝေး ရေးခဲ့ဖူးတယ်။

 

တွေးမိတာက

မက်ခေယာဗယ်လီအမှတ်တံဆိပ်နဲ့

ချိတ်ပိတ်ထားတဲ့ ဒီမိုကရေစီကို

ဘယ်လိုသူတွေ ဂုဏ်ယူချင်ပါသလဲ ။

 

လူတချို့လက်ထဲက မိုးတိမ်တွေ

ခြေဖနောင့်ထက် နိမ့်သူတို့ရဲ့

အိမ်တွေအပေါ် ရွာချဖို့

ငြင်းနေကျ မိုးလေဝသကို

ငါ  . . . . . အော့နှလုံး နာမိတယ် ။  ။

 

 

ထွန်းဝင်းငြိမ်း

(၃၁ .၁ .၂ဝ၁၄)

(Photo credit – http://annecarolinedrake.files.wordpress.com/2009/03/peace-dove.jpg?w=300&h=237 )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts