Suu L Linn သတင်းဆောင်းပါး

မိတ္ထီလာ တောင်သူများ တာချီလိတ်ကိုသွား

မိတ္ထီလာ တောင်သူများ တာချီလိတ်ကိုသွား

ဆူးအယ်လ်လင်း
ဖေဖော်ဝါရီ ၂၊ ၂၀၁၄

 


တာချီလိတ်သို့သွားရန် ရွာမှ အထွက် (ဓာတ်ပုံ – ဆူးအယ်လ်လင်း)
မိုးခေါင်ရေရှားဒေသ  မိတ္ထီလာမြို့နယ်ဝန်းကျင်သို့ ရောက်လျှင် သတိပြုမိစရာ ထူးခြားချက်တစ်ခုမှာ လူငယ်လူလတ် အများအပြား နေရပ်ကို စွန့်ခွာကြသည်ဟူသောအချက်ဖြစ်သည်။

နေရပ်စွန့်ခွာပြီး မြို့အသီးသီးသို့ သွားရောက်ကြသော်လည်း အများအပြားက  ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့သို့ ရောက်ရှိသွားကြသည်ဟု ဆိုသည်။

ညောင်ကုန်းရွာရာအိမ်မှူးဦးရွှေဝင်းက ၎င်းတို့ကျေးရွာရှိ ကာလသား၊  ကာလသမီးများ အပါအ၀င် အလုပ် လုပ်နိုင်ကိုင်နိုင်သူ  ကျားမ မရွေး တာချီလိတ်သို့ ရွှေ့ပြောင်း လုပ်ကိုင်နေရကြောင်း ပြောပြသည်။

“ကျနော်တို့ဒီရွာမှာ အိမ်ခြေ(၇၅)လုံးရှိတယ်။ မသွားတဲ့အိမ် မရှိဘူးဗျ။ အိမ်တိုင်း သွားတယ်။ အို၊  နာ၊  ကျိုး၊  ကန်း မသွားနိုင်တဲ့သူတွေပဲ မသွားတာဗျ။ မိသားစုလိုက် သွားတဲ့သူတွေလည်း ရှိတယ်”

မိတ္ထီလာမြို့နယ် ညောင်ကုန်းရွာသို့ မကြာသေးမီက ရောက်ရှိစဉ် လူမရှိသည့်အိမ်တချို့ကိုလည်း တွေ့ခဲ့ရသည်။ အိမ်တံခါးပိတ်ပြီး မိသားစုလိုက် ထွက်ခွာသွားကြခြင်းဖြစ်သည်။

မိတ္ထီလာ ကျေးလက်ဒေသတခုက အိမ်ရှင်မရှိတဲ့အိမ် (ဓာတ်ပုံ – ဆူးအယ်လ်လင်း)ဒေသခံတို့၏အဆိုအရ ကျောက်ပန်းတောင်း၊  မလှိုင်၊  မြင်းခြံ၊  ပခုက္ကူ စသည့် မြို့နယ်တို့တွင်လည်း တာချီလိတ်သို့ သွားရောက် လုပ်ကိုင်ကြသည်ဟု သိရသည်။

ဤဒေသ၏ ပြဿနာမှာ အလုပ်အကိုင်နည်းပါးလာခြင်းမဟုတ်ဘဲ လုပ်အားခ နည်းပါးခြင်းကသာ ပြဿနာ ဖြစ်နေသည်။

“ကျနော်တို့ဆီမှာ တောင်သူ လုပ်ငန်း လူအလိုအပ်ဆုံးပဲ။ သို့သော် နေ့စားခကို ကျနော်တို့ အများကြီး မပေးနိုင်ဘူး။ ကျနော်တို့ပေးတဲ့လုပ်အားခနဲ့လည်း သူတို့ မလောက်ဘူး” ဟု ဆိုသည်။

လယ်ယာလုပ်ငန်းကို စွန့်ခွာလာကြခြင်းမှာ  လွန်ခဲ့သည့် (၁၅) နှစ်တာ ကာလ ကတည်းက ဖြစ်ကြောင်း သိရသည်။

ဒေသခံတောင်သူတို့၏ အခက်အခဲများထဲတွင် သီးနှံအထွက်နည်းခြင်း၊  မြေသြဇာ မသုံးနိုင်ခြင်းတို့လည်း ပါဝင်နေသည်။

“ဓာတ်မြေသြဇာတို့ ပိုးသတ်ဆေးတို့ မသုံးနိုင်တဲ့အဆင့်လည်း ရှိတာပေါ့။ စိုက်ပျိုးရေုး မမှီတာပေါ့။ အဲဒါလေးတွေကို အကုန်လုံး သုံးနိုင်မယ်၊  မိုးလေ၀သ အဆင်ပြေသွားမယ် ဆိုရင်တော့ စားဖြစ်လောက်မယ့်အဆင့်လေး ရှိမယ်” ဟု ညောင်ကုန်းရွာရာအိမ်မှူးဦးရွှေဝင်းက အေးစက် တည်ငြိမ်စွာပြောပြသည်။

မြို့နယ်စိုက်ပျိုးရေးဌာနနှင့် ဆက်စပ်မှု အခြေအနေကိုလည်း သူက ပြောပြသည်။

“မြို့နယ်က မြေသြဇာ ချမပေးနိုင်တာ ကြာပြီ”  ဟု ဆိုသည်။

အစိုးရ စိုက်ပျိုးရေးဋ္ဌာနက ထုတ်ပေးသည့် မြေသြဇာက ပြင်ပဈေးထက် အနည်းငယ် သက်သာသည်။ သို့သော် ပြင်ပရောင်းဝယ်ရေးဆိုင်များ၏ အားသာချက်မှာ အကြွေးဖြင့် ၀ယ်ယူသုံးစွဲပြီး သီးနှံ ပေါ်မှ ပြန်ဆပ်နိုင်ခြင်းဖြစ်သည်ဟု ကျောင်းဆရာတစ်ဦးက ရှင်းပြသည်။

မိုးခေါင်ရေရှားခြင်း၊  လယ်ယာထွက်ကုန် နည်းပါးလာခြင်းကြောင့် တောင်သူတို့ ၀င်ငွေ နည်းလာသည်။
တောင်သူတို့ ၀င်ငွေနည်းပါးသောကြောင့် လှူနိုင်တန်းနိုင်သည့်အင်အားလည်း နည်းပါးလာကြသည်။

“တောင်သူလုပ်ငန်းနဲ့ လှူနိုင်တဲ့သူ မရှိပါဘူး။ အခုဆို ဗြောသံစည်သံတောင်မှ နည်းနည်းလေး စဲသွားတာ ကြာပြီ။ တာချီလိတ်တွေ ကောင်းစားလာတော့ တစ်နှစ်တစ်ခါ ပြန်ကြားလာတယ်ပေါ့” ဟု ညောင်ကုန်းရွာ ရာအိမ်မှူး ဦးရွှေဝင်းက   မိုးမခကို ပြောပြသည်။

ဦးရွှေဝင်း၏ စကားအသုံးအနှုန်းအရ တာချီလိတ်မြို့သို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်ခြင်း များပြားကြောင်း သိသာနေသည်။

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့နှင့် အနီးဝန်းကျင်သို့ သွားရောက်ပြီး အလုပ်အကိုင် ရှာဖွေရုံသာမက ထိုလမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက်သူများလည်း ရှိသည်။

မိတ္ထီလာမြို့နယ် ညောင်ကုန်းရွာသို့ မကြာသေးမီက ရောက်ရှိစဉ် လှည်းပေါ်သို့ အထုပ်အပိုးများ တင်ဆောင်ပြီး အိမ်တံခါးပိတ် ထွက်ခွာနေသူတချို့ကို တွေ့ရသည်။
ဒေသခံ အများအပြားကဲ့သို့ပင် ၎င်းတို့၏ ရွှေ့ပြောင်းခရီးက နယ်စပ်ဒေသ တာချီလိတ်မြို့သို့ ဦးတည်နေလေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts