သတင်းပဒေသာ

ဗျသနတရားငါးပါးအကြောင်း အမာရီလိုမြို့ တွင် အရှင်ဇ၀န (နိုင်ကျဉ်းဟောင်း) မိန့် ကြား

မိုးမခအထောက်တော်
ဇန်န၀ါရီ ၂၇၊ ၂၀၁၄

 

မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ခေတ္တခရီးကြွရောက်တော်မူလာသော အရှင်ဇ၀နသည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီမြို့  ရောက် မြန်မာတိုင်းရင်းသား မိသားစုများနှင့် ဇန်နဝါရီ ၂၆ ရက် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နေ့လည် ၂း ၀၀ နာရီတွင် တွေ့ ဆုံပွဲနှင့် တရားဟောပွဲကို အမာရီလိုမြို့  ဇေယျသုခ ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ ဆရာတော်က ပျက်စီးခြင်းသဘောဖြစ်သော ဗျသနတရားငါးပါး အကြောင်းကို ရှင်းလင်း မိန့်  ကြားတော်မူခဲ့ကြောင်း သတင်းရရှိသည်။

 

 

ဗုဒ္ဓဘာသာဝင်များ နေ့ စဉ်နေ့ တိုင်းနီးပါး သြကာသကန်တော့ချိုးဖြင့် ရွတ်ဆိုကန်တော့ကြရာတွင် ပါရှိသည့် ဗျသနတရားငါးပါးဟုခေါ်ဆိုသည့် ပျက်စီးခြင်းတရားငါးပါးနဲ့ လူတိုင်းလူတိုင်း မလွဲမသွေ တွေ့ ကြုံ ဆုံကြရစမြဲဖြစ်ကြောင်း၊ ၄င်းပျက်စီးခြင်းတရားများကို ဘာသာတရားမှ ပေးသော အဆုံးအမများဖြင့် ကျော်ဖြတ်နိုင်အောင် ကျင့်ကြံအားထုတ် ကြိုးစားကြရမည်ဖြစ်ကြောင်း အရှင်ဇ၀နက မိန့် ကြားတော်မူသည်။

 

“သြကာသကန်တော့ချိုးထဲမှာ ပါတဲ့ ဗျသနတရားငါးပါးလို့ ခေါ်တဲ့ ပျက်စီးခြင်းတရားငါးပါးနဲ့  လူတိုင်းလူတိုင်း ကြုံတွေ့  ကြရပါတယ်။ အဲဒီဗျသနတရားငါးကတော့ ဉာတိဗျသန = ဆွေမျိုးပျက်စီးခြင်း၊ ဘောဂဗျသန = စည်းစိမ်ပျက်စီးခြင်း၊ ရောဂဗျသန = ရောဂါနှိပ်စက်၍ပျက်စီးခြင်း၊ သီလဗျသန = အကျင့်သီလပျက်စီးခြင်း၊ ဒိဋ္ဌိဗျသန = အယူလွဲမှား၍ ပျက်စီးခြင်းတွေပဲ ဖြစ်ပါတယ်” ဟု ဆရာ တော်က ရှင်းလင်း မိန့် တော်မူသည်။

 

ဉာတိဗျသန=ဆွေမျိုးပျက်စီးခြင်းတရားနှင့်ပတ်သက်၍ ဆရာတော်က ၄င်း၏ ထောင်တွင်းအတွေ့  အကြုံများထဲမှ မှတ်မှတ်ရရရှိနေသည့် အကြောင်းအရာတစ်ခုကို မိန့် ကြားတော်မူရာ ဆရာတော် ထောင်ကျခံနေရစဉ်အတွင်း ဖခင်ဖြစ်သူကွယ်လွန်သွားသည့် သတင်းကို ထောင်ဝန်ထမ်းများမှနေတဆင့် ကြိုသိထားခဲ့၍ ခံနိုင်ရည်ရှိအောင်ကြိုးစားထားခဲ့ကြောင်း၊ တနေ့ တွင် အစ်မရင်းဖြစ်သူက ဆရာတော်အား ထောင်ဝင်စာလာတွေ့  သောအခါ ဖခင်ကွယ်လွန်သွားခဲ့သောသတင်းကို အမှန်အတိုင်း ဖွင့်မပြောပဲ ဖုံးဖိထားခဲ့သော်လည်း ဆရာတော်က ဖခင်ဖြစ်သူ ဘယ်ပုံဘယ်နည်း ကွယ်လွန်သွားသည်ကို အမှန်အတိုင်းဖွင့်ပြောဖို့ အစ်မရင်းဖြစ်သူအား တည်ငြိမ်စွာဖြင့်တောင်းဆိုရာ “အဖေဆုံးခါနီးကျတော့ သတိရတချက် မရတချက် ဖြစ်နေတဲ့အချိန်မှာ အဖေ့လက်ထဲကို စိတ်ပုတီးထည့်ပေးပါတယ်၊ အဖေ အဖေ ပုတီးစိတ် ပုတီးစိတ်လို့ ပြောတဲ့အချိန်မှာ အဖေက ခေါင်းညှိတ်နေတယ်၊ အဖေ အခုပြောနေတာဘယ်သူလဲ သိလားလို့ မေးတဲ့အချိန်မှာ မျက်လုံးဖွင့်ပြီးတော့ပြောတယ်၊ မသိပဲနေပါ့မလား ဦးဇင်း ငါ့ကိုလာပြောနေတာ” ဟု အစ်မဖြစ်သူက ဆရာတော်အား ဖခင်၏ နောက်ဆုံးဖြစ်ရပ်ကို ပြန်ပြောင်းပြောရာ “သားသမီးတွေ အများကြီးရှိပါလျက်နဲ့ အဖေတွေ့ ချင်နေတာ ငါပါလားလို့ သိလည်းသိလိုက်ရော ကိုယ့်ကိုကိုယ် ခံနိုင်ရည်ရှိတယ်ဆိုပြီး တင်းထားတဲ့စိတ်ဟာ ချက်ချင်း မျက်ရည်တွေဝဲကျလာခဲ့ရပါတယ်”ဟု ဆရာတော်က မျှဝေထုတ်ဖော် ဟောကြားတော်မူသည်။

 

ထို့ နောက်တွင် ဆရာတော်က ဗျသနတရားငါးအကြောင်းကို ဆက်လက်ရှင်းလင်းတော်မူပြီး သီလဗျသန = အကျင့်သီလပျက်စီးခြင်းနှင့် ဒိဋ္ဌိဗျသန = အယူလွဲမှား၍ ပျက်စီးခြင်း စသည့် ပျက်စီးခြင်း နှစ်ခု ကြုံဆုံကြရသောအခါ ဗုဒ္ဓဘာသာဝင်များ ပူဆွေးသောက ၀မ်းနည်းမှုဖြစ် မဖြစ်ကို လေ့လာဆန်းစစ်ကြဖို့ လည်း လိုအပ်ကြောင်း တိုက်တွန်းမိန့်  ကြားတော်မူသည်။

 

တရားပွဲတော်သို့ ဧည့်ပရိတ်သတ် ၆၀ ကျော်တက်ရောက် တရားနာယူခဲ့ကြပြီး ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရေစက်ချ အမျှဝေခဲ့သည်။ ထို့ နောက်တွင် တရားနာဧည့်ပရိတ်သတ်အပေါင်းမှ ဆရာတော်အား န၀ကမ္မအလှူငွေများ ဆည်းကပ်လှူဒါန်းပူဇော်ခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး တရားပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

 

ဆရာတော် ဇ၀နသည် ရန်ကုန်၊ ရွှေပြည်သာမြို့၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက်ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ၁၆ နှစ်ကြာအောင် အကျဉ်းထောင်များတွင် ကျခံသီတင်းသုံးတော်မူခဲ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်သည်။ မိုးမခ သတင်းဌာနတွင် အခန်းဆက်ဆောင်းပါးရှည်များရေးသားနေသော သံဃာတပါးလည်းဖြစ်ကြောင်း သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts