ဆရာဖေမြင့်ရဲ့ တန်ဖိုးထားအပ်သောအရာများထဲမှ (၂) ခု

ဇော်အောင် (မုံရွာ)
ဇန်န၀ါရီ ၂၂၊ ၂၀၁၄
မြန်မာ့ရာဇဝင်က သူရဲကောင်း ငခင်ညို။

ငယ်စဉ်က မြန်မာ့သမိုင်းသင်သောအခါ ငါးစီးရှင်ကျော်စွာ၏ ကျွန်ယုံတော် ငခင်ညိုအကြောင်း ဖတ်ရသည်။ အဲသည်တုန်းက ခေါင်းထဲတွင် မရှင်းခဲ့တာ အမှတ်ရသည်။ ပြန်စဉ်းစားကြည့်သည့် အခါ ငခင်ညို၏လုပ်ရပ်က ကလေးတစ်ယောက်အတွက် အတော်မျက်စိလည်စေ သောကြောင့် ဖြစ်သည် ဟု သဘောပေါက်သည်။

 

ငခင်ညိုသည် ဘယ်သို့သောသူ ဟူ၍ ကျွန်တော်တို့အား သင်ကြားခဲ့သလဲ။

 

သမိုင်းစာအုပ်ထဲ (မှန်နန်းရာဇဝင်ထဲ) ပြန်ကြည့်သည့်အခါ ငခင်ညိုကို “ကျေးဇူးသိတတ်သော သူရဲကောင်း” ဟု ခေါင်းစဉ်တပ်ပြီး ဖော်ပြထားသည်ကို တွေ့ရသည်။

 

၎င်းဖော်ပြချက်ကို အနည်းငယ် ချုပ်၍ ပြောရသော်

 

ပင်လယ်မြို့စား ငါးစီးရှင်ကျော်စွာက စစ်ကိုင်းမင်း အသင်္ခယာစောယွမ်းကို လုပ်ကြံရန် သူ့လူတစ်ဦးဖြစ်သူ ငခင်ညိုအား စေလွှတ်သည်။ ငခင်ညိုသည် စစ်ကိုင်းတွင် ပုန်းအောင်း ချောင်းမြောင်းရင်း သုံးရက်ကြာသည်။ သုံးရက်လုံး ထမင်းငတ်သည်။ အခွင့်သာ၍ နန်းတွင်းသို့ ဝင်သည့်အခါ စစ်ကိုင်းမင်းနတ်တင်ထားသော ထမင်းပွဲကို အလျင်တွေ့သည်။ ထမင်းကို ဝအောင် စားပြီးနောက် အိပ်ဆောင်သို့ဝင်၍ ဘုရင့်အား ဓားနှင့် ခုတ်မည့်အခါ ချီတုံချတုံဖြစ်သည်။ သူ့ထမင်းကို ခုပဲစးခဲ့သည်။ ယခု သူ့ကို သတ်မည်ဟု ဆိုလျှင် ထမ်ငးရှင်ကို သတတ်သည့် အမှုအတွက် တမလွန်၌ အပြစ်ကြီးစွာ ခံရတော့မည် ဟု တွေးတောကာ ထိတ်လန့်သည်။ တစ်ဘက်တွင် သူ့သခင် ငါးစီးရှင်ကျော်စွာ ပေးအပ်လိုက်သည့် တာဝန်ကလည်း ရှိနေသည်။

 

စစ်ကိုင်းမင်း ခေါင်းရင်းတွင် ဓားကို အကြိမ်ကြိမ် ချွတ်လိုက်၊ စွပ်လိုက် လုပ်နေမိပြီးနောက် စစ်ကိုင်းမင်းကို သတ်နိုင်သည့် အနေအထားထိ ရောက်ရှိကြောင်း အထောက်အထား အဖြစ် စစ်ကိုင်းမင်း၏ ပတ္တမြားဓားကို ယူပြီး ပြန်ခဲ့သည်။

 

ပင်လယ်သို့ ရောက်၍ သူ့သခင်အား ဖြစ်ပျက်ပုံ အလုံးစုံ တင်လျှောက်ပြီး ပတ္တမြားဓားကို ဆက်သည့်အခါ ငါးစီးရှင်က ထမင်းလေးတစ်ပွဲ စားရရုံဖြင့် ဤမျှလောက် ကျေးဇူးသိက အစဉ်ကျွေးမွေးသော ငါ၏ ကျေးဇူးကိုကား ဆိုဖွယ်ရှိမည်မဟုတ် ဟု ဝမ်းမြောက်ချီးကျူးကာ ငခင်ညိုအား ဆုလာဘ် ချီးမြင့်သည် ဟု ဆိုပါသည်။

 

အဲဒီမှာ ကျွန်တော်တို့ စဉ်းစားမရခဲ့သည်က…

 

ရှင်ဘုရင်ကရော ..သူခိုင်းလိုက်သည့် အလုပ်ကို မေ့သွားသည်လား…

 

လုပ်ကြံရန် တာဝန်ကို ကျေပွန်စွာ မထမ်းရွက်၊ ဓားတစ်လက်သာ ခိုးပြီးပြန်လာသည့် ငခင်ညိုအား ဝတ္တရားပျက်ကွက်မှုဖြင့် မသုတ်သင် မစီရင်ဘူးလား။

 

ကျန်တဲ့ အမှုထမ်းတွေကပါ သူ့ပုံစံလိုက်ကာ ခိုင်းတာတခြား လုပ်တာတခြား ဖြစ်လာခဲ့ရင် ရှင်ဘုရင် ဘယ်လို ဆက်စခန်းသွားမည်လဲ..စသဖြင့်….။

 

သို့သော် သူတို့အချင်းချင်းက အထက်မှာဆိုခဲ့သည့်အတိုင်း အေးအေး ဆေးဆေး ကိစ္စပြီးသွားခဲ့သည်။

 

သည်ကနေ့ ကျွန်တော်တို့ ခွဲခြမ်းစိတ်ဖြာ ကြည့်သည့်အခါမှာတော့…

 

ငခင်ညိုမှာ တန်ဖိုးထားရမည့် အရာနှစ်ခု လာတိုက်နေတာ၊ ပြဌာန်းချက်နှစ်ခု အပြိုင်ဖြစ်နေတာ သွားတွေ့ရသည်။

 

တာဝန်နှင့်ကျေးဇူး..။

 

ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့နှင့် သူ့ကျေးဇူးကို သိခြင်းဟူသော အခြေခံ ကိုယ်ကျင့်သီလကို စောင့်ထိန်းဖို့။

နှစ်ခုစလုံး လုပ်၍မရ၊ တစ်ခုလုပ်လျှင်၊ တစ်ခုပျက်ရမည်။

 

အဲသည်တွင် ကျေးဇူးရှင်ကို ပြစ်မှားရမှာ အကြီးအကျယ် ထိတ်လန့်မိသော ငခင်ညိုက ကိုယ်ကျင့်သီလကို ရွေးပြီး တာဝန်အပိုင်းကို လျှော့ခဲ့ခြင်းဖြစ်သည်။

 

ငခင်ညိုနှင့် ဆင်တူယိုးမှား အနေအထားမျိုး ကြုံခဲ့ရသည့် ပုဂ္ဂိုလ်တွေ သမိုင်းတစ်လျှောက် အမြောက်အများ ရှိပါလိမ့်မည်။ သူတို့တွေ ဘာကို ဘယ်လို ရွေးချယ်ခဲ့ပါသလဲ…။

 

မှတ်ချက်…။

 

မြန်မာပြည် လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော စစ်ဗိုလ်ဟောင်းကြီးများသည် အထက်ပါ မြန်မာ့ရာဇဝင်အတိုင်း ကျေးဇူးတရားကို နံပါတ်(၁) ထားမည်မှာ သေချာပေသည်။ အတိတ်က လုပ်ခဲ့တာတွေအတွက် နောက်ကျောင်းပြန် ဥပဒေမသက်ရောက်ရန် ကာကွယ်ထားပါသည်။

 

သို့သော် ဆက်ကာ၊ ဆက်ကာ လုပ်နေသူများအတွက်မူ ကျေးဇူးတရားအတွက် ကန့်သတ်ချက်ရှိပါသည်။ ထိုသို့ တစ်ခါ ကျေးဇူးပြုခဲ့သူများက ဆက်ကာ၊ ဆက်ကာ မလျှော်မကန် စီးပွားရေး၊ အဂတိ၊ Corruption & Nepotism လုပ်စားနေကြသူများအတွက် အထက်ပါ ကျေးဇူးတရားသည် ပျက်ပြယ်မည်ဖြစ်သည်။

 

********************

ဆရာဖေမြင့်က စာအုပ်၊ အခန်း (၅) တွင် ကြားဖူးနေကျ တံငါသည်ဇတ်လမ်းဖြစ်ပါသည်။

 

တစ်ခါက ရှင်ဘုရင်တစ်ပါးမှာ ပထမဆုံးရင်သွေးရတနာ မွေးဖွားလာချိန်တွင် ဧည့်ခံပွဲကြီးတစ်ခု ကျင်းပရာ၊ ထိုနေ့က ပင်လယ်မုန်တိုင်းကြောင့် ငါးဖမ်းဝံ့သူမရှိသဖြင့် ငါးဟင်း မရနိုင်ဖြစ်နေသည်။ ဘုရင်လဲ ထိုနေ့တွင်ငါးဖမ်းနိုင်သူအား ဆုချီးမြှင့်မည် ဆိုသောကြောင့် တစ်ငါသည်တစ်ဦး သည် စွန့်စားပြီး၊ လေပြင်းမုန်တိုင်းရှိလျှက်နှင့် ပင်လယ်သို့ ထွက်ကာ ဘုရင့်အတွက် ငါးဖမ်းနိုင်ခဲ့သည်။

 

ရရှိသောငါးကြီးကို ဆွဲပြီး ဘုရင့်ထံသို့ လာရောက်ဆက်သရာ.. ဘုရင့်ရှေ့ရောက်ချိန် မောင်မင်း ဘာဆုလိုချင်ပါသလဲ …ဟု ဘုရင်ကမေး သည်။ ကြိမ်အချက် ၁၀၀ လိုချင်ပါသည်ဟု ဖြေသောအခါ ဘုရင်ကလည်း စိတ်မနှံ့သူဖြစ်မှာပဲ …လောလောဆယ်တော့ အချိန်မကုန်စေရန် သူ့တောင်းဆိုတဲ့အတိုင်း …ရိုက်စေဖို့ အမိန့်ချမှတ်လိုက်လေသည်။

 

ပါးကွက်သားကလည်း ဘုရင်မှာထားသည့်အတိုင်း နာအောင်မရိုက်ပဲ၊ ခပ်သောသော ကြိမ်ရိုက်နေစဉ် အချက်၅၀ပြည့်ချိန်၌ … ခဏရပ် ပေးပါ။ တစ်ခုပြောချင်လို့ပါ … ကျွန်တော် နန်းတော်စောင့် တံခါးမှုးက ဆုလပ်ငွေရဲ့ တဝက်ပေးဖို့ တောင်းဆိုတာကြောင့် ပေးပါမယ် ဂတိပြုခဲ့ပါ တယ်။ အဲဒါကြောင့် ကျန်တဲ့ ကြိမ်ဒဏ် တဝက်ကို တံခါးမှုးအား ဆက်ပြီးရိုက်ပါရန်.. ပြောသောအခါ ကြိမ်ဆရာ နားမလည် နိုင်ဖြစ်ပြီး ရှင်ဘုရင့်ထံ ပြေး၍ တင်ပြရသည်။

 

ဘုရင်က လိုက်လာမေးမြန်းသောအခါ ဒီငါးကို ဘုရင့်ထံဆက်သဖို့ လာချိန်မှာ ဆုလဘ်ရဲ့ တဝက်ကို ပေးမှ ဘုရင့်ဆီဝင်ခွင့်ပေးနိုင်မယ် တောင်းဆိုသောကြောင့် ဂတိပြုခဲ့ရကြောင်း ပြောပြသောအခါ၊ ရှင်ဘုရင်က နန်းတော်စောင့် တံခါးမှုးအား ကြိမ်အချက် ၅၀ ရိုက်စေပြီး၊ ရာထူးမှဖယ်ရှားလိုက်လေသည်။

 

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော ကြိမ်ဒဏ်၅၀ ခံပြီး၊ ပြုပြင်ပြောင်းရေးအတွက် အနစ်နာခံသူများစွာ ရှိနေပါသည်။

ကိုးကားချက်
တန်ဖိုးထားအပ်သောအရာများ (ဖေမြင့်)
http://www.mediafire.com/download/yr526ox8d5itnso/phaymyint_(tanphoe).pdf