“၂ဝ၁၄ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ”
မင်းအဂ္ဂ (ပြည်သူ့ဆန္ဒဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၉၊ ၁၂.၁၂.၂ဝ၁၃)
Facebook Recollection
၂ဝ၁၄ သန်းခေါင်စာရင်း မေးခွန်းလွှာမှာ မေးခွန်းပေါင်း (၄၁)ချက် ပါဝင်ပါတယ်။ အိမ်တစ်အိမ်ကို မေးခွန်း (၄၁)ချက်ကို ဖြေဆိုဖို့ ပျမ်းမျှ အချိန် မိနစ် ၂ဝ ကနေ မိနစ် ၃ဝ ထိ ကြာနိုင်ပါတယ်။ မေးခွန်းတွေကို ဖြေတဲ့အခါ ၁ ၂ ၃ ၄ ဆိုပြီး ရေးမှာမဟုတ်ပါဘူး။ ခဲတံနဲ့ ခြစ်ရမှာဖြစ်ပါတယ်။ အဲလိုလုပ်နိုင်ဖို့အတွက် သန်းခေါင်စာရင်းကောက်ရမည့်သူတွေကို သင်တန်းပေးထားပြီးသားဖြစ်ပါတယ်။ အခြေခံဖွဲ့စည်းပုံအရ တိုင်းရင်းသား (၁၃၅)မျိုးရှိတယ်လို့ ပြဋ္ဌာန်းထားတယ်။
ပတ်ဝန်းကျင်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်နိမိတ်တွေမှာ အချို့လူမျိုးစုတွေရှိနေပါတယ်။ အထူးသဖြင့် ရခိုင်ဘက် (ဘင်္ဂလားဒေ့ရှ်နယ်စပ်)၊ နာဂဘက်မှာ၊ ပြည်တွင်းမှာလည်းရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပေးအရဆိုရင် လူမျိုးစုတစ်စုသည် စုစုပေါင်းလူဦးရေရဲ့ ဝ. ဝဝ၁ % အရေအတွက်ရှိမယ်ဆိုရင် လွှတ်တော်မှာ နေရာတစ်နေရာရမယ်။ တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာရမယ်။ အဲဒါကြောင့် ရှမ်း၊ မွန်၊ ချင်းတွေက ရန်ကုန်မှာ သူတို့လူမျိုးစု ဘယ်လောက်ရှိသလဲဆိုတာ စစ်တမ်းကောက်တယ်။
အမှန်တော့ အဲဒါတွေက သန်းခေါင်စာရင်းနဲ့ မဆိုင်ပါဘူး။ ရွေးကောက်ပွဲကော်မရှင်နဲ့ပဲ ဆိုင်ပါတယ်။ အချို့လူမျိုးစုတွေကလည်း သူတို့လူမျိုးစုကို အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းနေတဲ့သူတွေလည်း ရှိပါတယ်။ လူမျိုးစုတွေကို ထည့်သွင်းရေး၊ မထည့်သွင်းရေးဆိုတာ သန်းခေါင်စာရင်းကိစ္စမဟုတ်ပါ။ အဲဒါက နိုင်ငံရေးရာကိစ္စ ဖြစ်ပါတယ်။ မည်သည့်တိုင်းရင်းသားဖြစ်နေပါစေ၊ မျိုးနွယ်စုကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါမှာ ပါကိုပါရပါလိမ့်မယ်။
၁၉၈၂ ခုနှစ် မတိုင်မီက လူမျိုးစု (၁၄၄)မျိုး ရှိရာမှာ ၁၉၈၃ ခုနှစ် နောက်ပိုင်းမှာ လူမျိုးစု (၁၃၅)မျိုးသာ ပါဝင်ပြဋ္ဌာန်းခဲ့တယ်။ ပျောက်သွားတဲ့ လူမျိုးစု (၈)မျိုးက သူတို့ရဲ့ လူမျိုးစု ပါဝင်နိုင်ရေးအတွက် လုပ်ဆောင်ကြတယ်။ ဒါက နိုင်ငံရေးအပိုင်းပါ။
၁၃၅ မျိုးမှာ ပါဝင်တဲ့ မျိုးနွယ်တွေအတွက် code no. တွေ ပါရှိပြီးသားဖြစ်ပါတယ်။
အဲဒီထဲမှာ မပါဝင်တဲ့ မျိုးနွယ်စုတွေကိုတော့ Other ဆိုတဲ့ အကွက်ထဲမှာ ထည့်ပါလိမ့်မယ်။ ကိုယ့်မျိုးနွယ်စု မပါဝင်သူတွေဟာ Other ဆိုတဲ့ code no. က ၉ ၁ ၄ ။ အဲဒီဘေးက ကွက်လပ်ကလေးမှာ ကိုယ့်ရဲ့မျိုးနွယ်စုကို ဖွင့်ဟပြောပါ။
စာရင်းကောက်သူက ကာယကံရှင်ပြောတဲ့အတိုင်း ၉ ၁ ၄ ရဲ့ ဘေးကကွက်လပ်မှာ ကိုယ်ပြောတဲ့မျိုးနွယ်စုကို ရေးပေးပါလိမ့်မယ်။
အချို့ မှတ်ပုံတင်ကတ်တွေမှာ ကိုယ့်လူမျိုးအမည်အမှန်ကို မရေးထားခဲ့လျှင်လည်း သန်းခေါင်စာရင်းကောက်သူကို ကိုယ့်မျိုးနွယ်စုကို မှန်ကန်တိကျစွာ ပြောရပါမယ်။
မှတ်ပုံတင်ကတ်ပြားကို ထုတ်ပြစရာ မလိုပါဘူး။ ဘာကတ်မှမရှိရင်လည်း မရှိဘူးလို့ ပြောလိုက်ရုံပဲ။
ကိုယ့်မိဘရဲ့ လူမျိုးက ဘာဖြစ်ဖြစ် ကိုယ်ထည့်ချင်တဲ့လူမျိုးကို ထည့်ခွင့်ရှိပါတယ်။
ကိုယ်ဆန္ဒရှိတဲ့ လူမျိုးကို ထည့်တာကို သန်းခေါင်စာရင်းကောက်သူက ရေး၊ မရေး သေချာကြည့်ပါ။
သန်းခေါင်စာရင်းမှာ ဖြည့်စွက်ထားသည့် လူအမည်ကိုမကြည့်ပါ။ အဓိက ဘာသာ၊ လူမျိုးစုကိုသာ ကြည့်မှာဖြစ်ပါတယ်။
သန်းခေါင်စာရင်းကောက်ပြီးနောက် ပထမဆုံး ထုတ်ပြန်ချိန်မှာ Other လို့ပဲ ထုတ်ပြန်မှာဖြစ်ပြီး မျိုးနွယ်စုအမည်တွေ မပါပါဘူး။
ဒါပေမဲ့ နောက်ပိုင်းထုတ်ပြန်တဲ့အခါ တစ်မျိုးချင်းစီ ထုတ်ပြန်ပေးပါမယ်။
သေချာသုံးသပ်စိစစ်ပြီးတဲ့အခါမှာ နောက်တစ်ချိန်ရေးဆွဲမယ့် နိုင်ငံသားဥပဒေအတွက် အကျိုးသက်ရောက်မှု ရှိလာပါမယ်။ ဒါကြောင့် သန်းခေါင်စာရင်းမှရသော အချက်အလက်သည် ဥပဒေပြုရာတွင်လည်း အသုံးဝင်ပါတယ်။
အဲဒီအတွက် ဖြေဆိုသူသည် မိမိဆန္ဒရှိသော မျိုးနွယ်စုကိုသာ ပွင့်ပွင့်လင်းလင်း၊ မှန်မှန်ကန်ကန် ဖြေဆိုပါ။ ကိုယ်က အသေအချာပြောရဲ့သားနဲ့ မရေးဘူးဆိုရင် ကြီးကြပ်ရေးမှူးကို တိုင်လို့ရပါတယ်။
အဲဒါမှ အရေးမယူဘူးဆိုရင် အထက်အဆင့်ဆင့်ကို အချိန်မီတိုင်ကြားလို့ရပါတယ်။
သူတို့မေးတာကို ကောင်းကောင်းမွန်မွန် ပြန်မဖြေဘူဆိုရင်လည်း အိမ်ရှင်ကို တရားစွဲလို့ရပါတယ်။
ကိုယ့်မိသားစုဝင်တစ်ဦးဦးက ပြည်ပမှာရောက်နေသူရှိရင် ဘယ်နိုင်ငံမှာ ရောက်နေပါတယ်လို့ ပြောနိုင်တယ်။ ဘယ်လိုနည်းနဲ့ သွားခဲ့သွားခဲ့၊ အရေးယူခြင်း / မယူခြင်းနဲ့ မဆိုင်ပါဘူး။ ကိုယ့်နိုင်ငံသား / မိသားစုဝင်တစ်ယောက် အခြားဘယ်နိုင်ငံမှာ ရှိနေတယ်ဆိုတာ ပေါ်လွင်သွားစေပါတယ်။ အဲဒါမှ ကိုယ့်သန်းခေါင်စာရင်းမှာ ကိုယ့်မိသားစုဝင်အားလုံးပါဝင်မယ်။ ကိုယ့်မိသားစုဝင်ထဲမှာ ပျောက်ဆုံးနေသူရှိရင်လည်း ပြောပြရပါမယ်။
အခြားဘယ်နယ်ကို ရောက်နေတယ်ဆိုတာကိုလည်း ပြောပြရပါမယ်။ သန်းခေါင်စာရင်းကောက်ပြီးလို့ စာရင်းထုတ်ပြန်တဲ့အခါ အမည်စာရင်းထုတ်ပြန်မှာမဟုတ်ဘဲ လူဦးရေစာရင်းကို ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ် / တိုင်းအဆင့် စသဖြင့် ထုတ်ပြန်မှာဖြစ်ပါတယ်။
၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ခံပြီးတဲ့အခါ မြန်မာနိုင်ငံမှာ လူဦးရေဘယ်လောက်ရှိသလဲဆိုတာ အကြမ်းဖျင်းရလဒ်ရှိလာပြီ။ အမျိုးသားဦးရေ၊ အမျိုးသမီးဦးရေကို ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် အသီးသီးဖော်ပြပေးပါလိမ့်မယ်။
နောက် ၁၁ လ ကြာတဲ့အခါ အကုန်အပြည့်အစုံ ထုတ်ပြန်ပေးပါမယ်။
သက်ဆိုင်ရာဌာနအလိုက် အစီရင်ခံစာ စစ်တမ်းတွေထွက်လာမယ်။ နောက် ၁ဝ နှစ်၊ အနှစ် ၂ဝ မှာ ဖြစ်လာမယ့် လူဦးရေ၊ မွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ သက်ကြီးရွယ်အို၊ လူငယ်အရေအတွက် စသဖြင့် အားလုံးကို ခန့်မှန်းနိုင်မယ်။ လူမျိုးစုအချို့ တိုးလာဖို့ရှိသလို လျော့သွားနိုင်တဲ့ လူမျိုးစုလည်း ရှိနိုင်ပါတယ်။ သန်းခေါင်စာရင်းဆိုတာ အိမ်ထောင်စုစာရင်းနဲ့ မတူပါဘူး။
မှတ်ပုံတင်ကတ်နဲ့ မဆိုင်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူအချင်းချင်း သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး သိသမျှကို မျှဝေရပါမယ်။ မှန်မှန်ကန်ကန် ဖြေပေးကြဖို့။ လှည်းနေလှေအောင်း မြင်းစောင်းမကျန် လူမှန်သမျှ သန်းခေါင်စာရင်းထဲမှာ ပါဝင်ရမယ်ဆိုတာကို ပြည်သူအချင်ချင်းလည်း အသိပေးဖြန့်ဝေကြရပါမယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ရေရှည်စီမံကိန်းတွေအတွက် အထောက်အကူ ဖြစ်လာစေပါလိမ့်မယ်။
မင်းအဂ္ဂ (ပြည်သူ့ဆန္ဒဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၉၊ ၁၂.၁၂.၂ဝ၁၃)