လင်းနွေးအိမ်
ဇန်န၀ါရီ ၂၀၊ ၂၀၁၄
ကျနော့်ရှေ့ကလူတွေက ကျနော့်ကိုပြဌာန်းခဲ့လို့
ကျနော်ဒီနေ့ပြဌာန်းခံဖြစ်နေတယ်။
ကျနော့်နောက်ကလူ ပြဌာန်းခံမဖြစ်အောင်
ကျနော်မပြဌာန်းချင်ဘူး။
အခုဆိုကျနော် အလိုမကျမှုတွေနဲ့
လွမ်းနေတယ်။
လွမ်းနေတာမှ အကြီးအကျယ်လွမ်းနေတယ်။
တနေ့ တနေ့ လွမ်းစိတ်ကို
အရည်ကြိုသုံးခွက်တခွက်တင်ကြည့်လိုက်တဲ့အခါ
ကျနော်ချစ်တာ ကျနော့်မွေးရပ်ဇာတိဖြစ်နေတယ်။
အသွေးထဲအသားထဲထိ ကင်ဆာမြစ်တွယ်ညိသလို
ဆေးထိုးလဲမရ ဓာတ်ကင်လဲမသေနဲ့
အဲဒီချစ်စိတ်ပဲ။
ကိုယ့်ဟာကိုယ် အစာဖြောင့်ဖြောင့်မရှာနိုင်လောက်အောင်
အသိုက်ထဲကအနာဂတ်သန္ဓေဥပေါ်မှာ
နှလုံးသားရင်ငွေ့ တွေလွှတ်ထုတ်နေတာလဲ
အဲဒီချစ်စိတ်ပဲ။
ရန်ပွဲတွေ စစ်ပွဲတွေ
လုပွဲတွေ ထုပွဲတွေ
လမ်းဟောင်းတွေ မြို့ဟောင်းတွေ ရွာဟောင်းတွေ
လှည်းဟောင်းတွေ ကားဟောင်းတွေ
အဟောင်းအမြင်း အမှိုက်ပုံတွေ
အတွေးဟောင်းနဲ့ လူဟောင်းတွေ
ဟောင်းချင်ဟောင်း ထောင်းချင်ထောင်း ချေချင်ချေ
မကြေတာလဲ ဒီချစ်စိတ်ပဲ။
ဒီထဲမှာ ပစ္စည်းဟောင်းကရှင်းလို့လွယ်ပေမယ့်
အတွေးအခေါ်ဟောင်းတွေက
ရီဆိုက်ကယ်လုပ်လို့မရ၊ မြေမြှုပ်လို့မကြေ
ရေမျှောလို့မပျော်
အော် — ဝမ်းဗိုက်ပေါက်လှေတစင်းကို
ဖနောင့်ပိတ်လှော်နေရသလို
ခြေထောက်မရှိသူက မျက်မမြင်ကျောပေါ်လိုက်နေရသလို
နေ့ရက်တွေဟာ လွမ်း။
ဘယ်လိုပဲဖြစ်ဖြစ်
နေရစ်တော့လို့ မပြောရက်တာ
အဲဒီချစ်စိတ်ပေါ့။ ။