Suu L Linn သတင်းပဒေသာ

မသန်စွမ်းသူများအားကစားအတွက် ကိုယ်ထူကိုယ်ထ ကစားကွင်းနဲ့ ကိုက်ညီတဲံ့ပတ်ဝန်းကျင် လိုအပ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မသန်စွမ်းသူများအားကစားအတွက် ကိုယ်ထူကိုယ်ထ ကစားကွင်းနဲ့ ကိုက်ညီတဲံ့ပတ်ဝန်းကျင် လိုအပ်

ဆူးအယ်လင်း၊ မိုးမခ၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၄

       မြန်မာနိုင်ငံမှာ ပါရာဂိမ်းကျင်းပနိုင်မယ့် အားကစားကွင်းမျိုး လုံလုံလောက်လောက်ရှိရဲ့လား ဆိုတာ ဖြေရမယ့် မေးခွန်းဖြစ်ပါတယ်။ အားကစားကွင်းဆိုတာတောင် မသန်စွမ်းညီအကိုမောင်နှမများက မည်သူတဦးတယောက်ရဲ့ အကူညီမျိုးမှမယူဘဲ ကိုယ်တိုင်သွားလာနိုင်တဲ့ အားကစားရုံမျိုးကိုရည်ရွယ်ပါတယ် ။ ဒါတင်မကသေးပါဘူး နိုင်ငံတကာကလာရောက် ယှဉ်ပြိုင်ကြမယ့် မသန်စွမ်း မောင်နှမများလည်ပတ် သွားလာနိင်ဖို့ အများပြည်သူသွားလာရာနေရာတွေမှာ ပြင်ဆင်ပေးထားခြင်း မရှိသေးပါဘူး။ ဥပမာ …. ရန်ကုန်မြို့ရဲအပန်းဖြေစရာနေရာဖြစ်တဲ့ အင်းယားကန်ဘောင်လိုနေရာမျိုးမှာလည်း မသန်စွမ်း ညီအကိုမောင်နှမများအတွက်  အဆင်သင့် သွားလာတက်ဆင်းနိုင်ဖို့ ဆောင်ရွက်ထားခြင်း မရှိတာကိုတွေ့ရပါတယ်။

       အရှေ့တောင်အာရှရဲ့ (၂၇)ကြိမ်မြောက် ဆီးဂိမ်းကြီးကို မြန်မာနိုင်ငံမှာ အောင်မြင်စွာပြီးဆုံးပြီးအောင်ပွဲခံ နိုင်ခဲ့ပါတယ်။ အခုတခါထပ်မံရောက်လာတာက အာဆီယံပါရာဂိမ်းပါ ။ ပါရာဂိမ်းဆိုတာက အရှေ့တောင်အာရှ မသန် စွမ်းအားကစားပြိုင်ပွဲ ဖြစ်ပါတယ် ။ ဒီပါရာဂိမ်းကျင်းပခွင့်ရမယ့်နိုင်ငံကလည်း ဆီးဂိမ်းကိုအိမ်ရှင်နိုင်ငံအ ဖြစ်ကျင်းပခွင့်ရခဲ့တဲ့နိုင်ငံကဘဲ ဆက်လက်ကျင်းပခွင့်ရမှာဖြစ်ပါတယ် ။    

ဗမာပြည်အရပ်ရပ်က မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ၁၉၆၄ -၁၉၇၅ ၀န်းကျင်တုန်းက ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည့် ဦးကျော်ညွန့်က “ အဘတို့မှာ တောင်းဆိုချင်တာက wheel chair နဲ့ တောက်လျောက် အတက်အဆင်းဖြစ်ဖြစ်၊ ဘယ်နေရာပဲ သွားသွား၊ သွားလို့ရတဲ့နေရာတွေ ပြင်ဆင်ပေးထားတာတွေမှာ မမီသေးဘူးပေါ့နော်။ ဥပမာ မှီလို့ရတဲ့အရာလေးတွေပေါ့၊ ဘ၀အခက်အခဲက ဒီမသန်စွမ်းသူများကို ခြေတုလက်တု ကောင်းမွန်သောခြေတုလက်တုလုပ် ပေးဖို့ပေါ့နော်၊နောက်ပြီးတော့ အဘတို့ သက်ကြီးပိုင်းဆိုကြပါစို့ ခြုံပြီးတော့ ပြောရရင် အသက်ကြီးပိုင်းမှာ နေနိုင်စားနိုင်ရင်ထားပါတော့။ မနေနိုင်မစားနိုင်တဲ့ပုဂ္ဂိုလ်များကို နိုင်ငံတော်က စားဖို့ ထောက်ပံ့ ပေးစေချင်တယ်။အဘတို့မှာ ခြေတု ‘အားပြုကရိယာ’ လို့ခေါ်တယ်။ အားပြုကရိယာအနေနဲ့ လှုပ်ရှားသွားလာနေတဲ့နေရာမှာ ဒါဟာ အခွင့်ထူးခံလုပ်နေတာ မဟုတ်ဘူး။ လိုအပ်လို့ အားပြုရတာ ဖြစ်ပါတယ်။” လို့ ပြောပြပါတယ်။

       မိမိတို့အနေဖြင့် မသန်စွမ်းသူများဖြစ်နေသောကြောင့် နိုင်ငံတော်အနေနှင့် သွားနိုင်လာနိုင်အောင်ဆောင် ရွက်ပေးစေချင်ကြောင်း။ ကမ္ဘာပေါ်တွင် မသန်မစွမ်းသူများသည် လူ့အဖွဲ့စည်းတစ်ခုအဖြစ် အသိအမှတ်ပြုမှု ကျယ်ပြန့်လာပြီ ဖြစ်ကြောင်း၊ မစွမ်းမသန်ဖြစ်ရခြင်းမှာ ဘ၀ပေးအခြေအနေအရဖြစ်စေ၊ ကံကြမ္မာဆိုးကြောင့်ဖြစ်စေ မလွဲမရှောင်သာ ဖြစ်ရခြင်း ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာသည့်သူအား နိုင်ငံတော်အနေနှင့်သာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ စိတ်ချမ်းသာစွာ ရှင်သန်ခွင့် ဆောင်ရွက် ဖြည့်ဆည်းပေးကြစေချင်ကြောင်းနှင့် မသန်စွမ်းသည့်လက္ခဏာကြောင့် လူတန်းစားခွဲခြားဆက်ဆံခြင်းများလည်း ခံနေရကြောင်းမိုးမခ သို့ပြောကြားပါတယ်။

     မသန်စွမ်း အားကစားသမားဟောင်းကြီးဖြစ်သည့် ဦးကျော်ညွန့်က ဆက်ပြောတာကတော့ …

“ဘ၀မှာ မသန်မစွမ်းဖြစ်နေပေမယ့် စိတ်ဓါတ်မကျ အားမလျှော့ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အောင်မြင်နေတဲ့ မသန်စွမ်းတွေလို မသန်ပေမယ့် စွမ်းအားတွေရှိပါတယ် ။ကာယဥာဏအား တွေရှိပါတယ်လို့ အဘပြောချင်ပါတယ်။”

(ဓာတ်ပုံ – ရန်ကုန်မြို့ အင်းယားကန်ဘောင်ပေါ်သို့ မသန်စွမ်းသူတဦးကို ဘီးတပ်ကုလားထိုင်ဖြင့် ပို့ဆောင်ရန် ခက်ခက်ခဲခဲ ကြိုးစားနေစဉ် ရက်စွဲ ရေးမထား)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts