ခိုင်အောင်ကျော် (နယူးယောက်) ရေခြားမြေခြား မြန်မာများ
ကိုယ်ခြံကိုယ်ခတ် ကိုယ့်စည်းနဲ့  ကိုယ်နေ (Khaing AUng Kyaw)
ကိုယ်ခြံကိုယ်ခတ် ကိုယ့်စည်းနဲ့  ကိုယ်နေ
ခိုင်အောင်ကျော် (နယူးယောက်) ဇန်န၀ါရီ ၁၅၊ ၂၀၁၄
ကျွန်တော်က အမေရိကပြည်ထောင်စု နယူးယောက်မြို့ မှာ နေတယ် ။ စာပေသမားမို့ လို့  ရထားပေါ်မှာ -စာအုပ်ဆိုင်တွေမှာ -အင်တာနတ်မှာ-တီဗွီတွေမှာ သတင်းတွေ လျှောက်ဖတ်ဖြစ်တယ် ။ တီဗွီ ဆိုလို ပြောစရာလေး သတိရလာတယ် ။ သောကြာ-တနင်းလာဆိုရင် -Wrestling on television -ရှိတယ် ။ အမေရိကန် နပမ်းပွဲဖြစ်တယ် ။ အဲဒီပွဲကို အမေရိကန် တစ်နိုင်ငံလုံးက နှစ်သက်ကြည့်ကြတယ် ။ ထူးခြားမှုလေး တစ်ခုကို ပြောချင်တယ် ။ အဲဒါကတော့ နပန်းသမားတွေထဲမှာ မက္ကဆီကိုက အားကစားသမားတွေပါတယ် ။ သူတို့ နဲ့  ကစားကြမဲ့  အမေရိကပြည်ထောင်စုက နပန်းသမားတွေနဲ့ ဆိုရင် သူမသာ ကိုယ်မသာ တကယ့်ပွဲကောင်း တစ်ခုဖြစ်တယ် ။
 ဒါပေမဲ့  ပွဲကောင်းတာထက် ကိုယ်ခံပညာကောင်းတာတွေထက် အားကစားသမားနဲ့ အတူ လိုက်ပါလာတဲ့  အဖေါ်ဖြစ်သူ ကြေညာတဲ့ ဟာတွေက တကယ်စိတ်ဝင်စားစရာ ကောင်းတယ် ။ တစ်ချို့ အားကစားသမားတွေမှာ သူတို့ အတွက် ကြေညာပေးမဲ့  စကားပြောသူကို ခေါ်ယူလာတတ်တယ် ။ မက္ကစီကိုက အားကစားသမားနဲ့  ထာဝစဉ်ယှဉ်ပြိုင်နေတဲ့  အမေရိကပြည်ထောင်စုက နပန်းသမားတွေရဲ့  ကြေညာသူဟာ သူပြောနေကျ စကားနဲ့  ပရိတ်သတ်ကို မိတ်ဆက် ကြေညာလေ့ရှိတယ် ။ မက္ကဆီကိုက ကစားသမားတွေအပါအ၀င် မက္ကစီကို နိုင်ငံသားတွေဟာ အမေရိကကို မြွေလို ကြွင်းတွင်းဖေါက်ပြီး ခိုးဝင်လာတယ် ။ အရီးဇိုးနားပြည်နယ်နဲ့  တက္ကဆက်ပြည်နယ်က အဲဒီလို ခိုးဝင်လာတဲ့ အတွက် အမေရိကမှာ -၁၁-သန်းကျော် ရှိလာပြီ ။ မက္ကစီကိုက မြွေလို ခိုးဝင်လာတဲ့  သူတွေကြောင့် အမေရိကနိုင်ငံသားတွေဟာ အလုပ်အကိုင်တွေမှာ ရှားပါးလာနေရတယ် လို့  လူဦးရေ သောင်းနဲ့ ချီတဲ့  နပန်းကစားပွဲမှာ ခါတိုင်းလို ကြေညာပြတတ်တယ် ။ 
(အယ်ဒီတာ့ မှတ်ချက် – American Wrestling သည် ဖျော်ဖြေရေးဆန်သော ကစားပွဲဖြစ်သည်။ ထိုကစားပွဲတွင် ပရိသတ်သွေးဆူအောင်၊ ပြိင်ဖက်တို့ သွေးဆူအောင် တဖက်သားမခံမရပ်နိုင်သည့် ရန်စသည့် စကားတို့ ပြောဆိုလေ့ရှိသည်မှာ ထုံးစံဖြစ်ပါသည်။ အမေရိကန်လူဖြူများ၏ အချိန်ဖြုံးသည့် အပမ်းဖြေကြည့်ချင်ပွဲဖြစ်သည်။ အိုလံပစ်တွင် အားကစားသမားတို့ ပြိုင်ကြသည့် နပန်းပွဲ၊ ကိုယ်ခံပညာပြိုင်ပွဲ၊ လက်ဝှေ့ပွဲမျိုး မဟုတ်ချေ။ (စကားချပ်))
တစ်ခါတစ်လေမှာ သူတို့ ကို တရားဝင်နိုင်ငံသားဖြစ်စေဖို့  လမ်းပေါ်ထွက်ဆန္ဒပြကြတာ လုပ်ကြတယ် ။ အမေရိကပြည်ထောင်စုမှာ -၅-နှစ်နေဖူးရင် အမေရိကန်နိုင်ငံသားဖြစ်ဖို့  မေးခွန်းပေါင်း-၁၀၀- ကို မေးတယ် ။ ဒီတော့ အမေရိကန်စကားကို တစ်လုံးမှ မပြောတတ်တဲ့  ခိုးဝင်လာသူ မက္ကဆီကိုနိုင်ငံသားတွေဟာ ဘယ်လိုမေးခွန်းတွေကို ဖတ်ပြီး ဘယ်လိုဖြေကြရမှာလဲ ဆိုတာက ရှိနေသေးတယ် ။ ဒါပေမဲ့  တရားဝင်ရောက်လာသူတွေကိုမှ  အမေရိကပြည်ထောင်စုရဲ့  နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ -Green Card-လို့  ခေါ်တဲ့  ယာယီလက်မှတ်ကို နေထိုင်ခွင့်အတွက် ထုတ်ပေးတယ် ။ -၅-နှစ်နေပြီဆိုရင်တော့ အမေရိကန်နိုင်ငံသားဖြစ်ဖို့  နိုင်ငံသားစီစစ်ရေး စာမေးပွဲကို ဖြေဆိုရတယ် ။
(အယ်ဒီတာ့မှတ်ချက် – အမေရိကန်မှာ တရားဝင် သို့မဟုတ် လူဝင်မှုဥပဒေကြောင်းက လက်ခံသည့် နည်းလမ်းဖြင့် သတ်မှတ်ထားသည့် နှစ် (၅ နှစ်မှ မဟုတ်) နေပြီးလျင် အမြဲတမ်းနေထိုင်ခွင့် PR လျောက်ခွင့် ရှိပါသည်။ အဆိုပါ PR အဖြစ်နေပြီးသူ ၅ နှစ် သက်တမ်းရှိလျင် အလိုအလျောက် နိုင်ငံသားအဖြစ် ခံယူခွင့်ရအောင် လျောက်ထားနိုင်ပါသည်။ စိစစ်ပြီး လူဝင်မှုဥပဒေကြောင်းက လက်ခံမှသာ နိုင်ငံသားအဖြစ် ခံယူနိုင်ပါသည်။ စကားချပ်)
အမေရိပြည်ထောင်စုမှာ လူမှုလုံခြုံရေးကဒ် (Social Security Card) ဆိုတာ လုပ်ထားရတယ် ။ အဲဒီကဒ်မှာ နာမည်-မွေးသက္ကရစ်နဲ့  မိဘနှစ်ပါး လိပ်စာအပြည့်အစုံ ဖေါ်ပြရတယ် ။ ဒီတော့ခါ အမေရိကပြည်ထောင်စုမှာ တစ်စုံတရာ ဆောင်ရွက်ချင်တယ် ဆိုရင် အဲဒီကဒ်ကို ပြရတယ် ။ တကယ်လို့  ရာဇ၀တ်မှုဖြစ်ရင်တောင်မှ အဲဒီကဒ်ကို စစ်ဆေးလိုက်ရင် ပြေးမလွပ်တဲ့  ကဒ်ဖြစ်တယ် ။ တစ်ချို့ က ကောလိပ်ကျောင်းတွေ တက်ကြတယ်-တက္ကသိုလ်ကျောင်းတွေကို တက်ကြတယ် ။ ဒီနိုင်ငံမှာ ကောလိပ်-တက္ကသိုလ်ကျောင်းတက်ပြီး ဒေါက်တာဘွဲ့ ယူဖို့  အစိုးရက ပညာသင်ကြေး ထုတ်ပေးတယ် ။ အလုပ်လုပ်ပြီး ကျောင်းတက်ချင်ရင် ရတယ် ။ တစ်ချို့ က အမေရိကန်စစ်သားကို -၃-နှစ်ခွဲလောက် လုပ်ပြီး ပြန်ထွက်လာတော့ တက္ကသိုလ်ကျောင်းကို ဒေါက်တာဘွဲ့ ရသည်ထိ ပညာသင်ကြေးရပြီး ကျောင်းနေကြတယ် ။ သာမန်အရပ်သား ကျောင်းသားတွေကတော့ ကျောင်းနေဖို့  ထောက်ပံ့ငွေကို ရယူပြီး ပြန်မဆပ်ဘဲ နေခဲ့ ရင် သူ့ ရဲ့  လူမှု လုံခြုံရေးကဒ်မှာ ကြည့်လိုက်ရင် အားလုံးဖေါ်ပြပြီးသားဖြစ်နေတယ် ။ ဒါပေမဲ့  အစိုးရက ပြန်မဆပ်ရကောင်းလားဆိုပြီး အရေးယူအပြစ်ပေးတာမျိုး မရှိဘူး ။ အကယ်၍ မပြန်ဆပ်နိုင်တာကို သက်ညှာပေးချင်စေတယ်ဆိုရင် နိုင်ငံခြားကို ထွက်ပြီး လူမှုရေးလုပ်ငန်းတစ်ခုခုကို-၅-နှစ်လောက် ထမ်းဆောင်ခဲ့ တယ် ဆိုရင် အဲဒီပညာသင်ကြားခွင့်အတွက် ထုတ်ယူထားခဲ့ တဲ့  စကောလားရှစ် ထောက်ပံ့ ငွေတွေ ကျေပြီးသားဖြစ်တယ် ။
(အယ်ဒီတာ့မှတ်ချက် – အမေရိကန်၏ လူမှုလုံခြုံရေးကဒ် (Social Security Card) မှာ နိုင်ငံသား ဖြစ်ဖြစ် မဖြစ်ဖြစ်၊ အမေရိကန်ပြည်ထောင်စုအတွင်း တရားဝင်နေထိုင်သူသည် အခကြေးငွေ လက်ခံရရှိသူ (လစာ၊ လုပ်ခ၊ ထောက်ပံ့စာရိတ်တခုခု) ရရှိသူဖြစ်ပါက လူမှုဖူလုံရေးဆိုင်ရာ မှတ်ပုံတင်ကဒ် လျောက်ထားခွင့်၊ ရယူခွင့် ရှိခြင်းကို ဆိုလိုသည်။  ထိုကဒ်နံပါတ်ဖြင့် ၀င်ငွေခွန်ထမ်းဆောင်ခြင်း၊ ငွေကြေးနှင့် ပတ်သက်သည့် ကိစ္စများ ဆောင်ရွက်ခြင်း၊ လူမှုဖူလုံရေး ထောက်ပံ့မှု လျောက်ထားရယူခြင်း၊ ပေးဆောင်ခြင်းများ ပြုလုပ်ရပါသည်။ (စကားချပ်))
အဲဒီအခွင့်အရေးတွေကို မြွေလို မြေတွင်းက ဥမှင်လှိုဏ်ဂူဖေါက်ပြီး ခိုးဝင်လာတဲ့  သူတွေကတော့ မက္ကဆီက လာတဲ့ သူတွေ မရကြဘူး ။ သူတို့ ခံစားရကြတာက ထောင်နန်းစံရတာဘဲဖြစ်တယ် ။ မက္ကစီကိုနိုင်ငံသားတွေဟာ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြတယ် ။ ဒါပေမဲ့  သူတို့ မှာ ဘာမှ အထောက်အထား သက်သေခံ စာရွက်စာတမ်းတွေ တစ်ခုမှ မရှိတော့ အကျင့်စာရိတ္တ ကောင်းခြင်း မကောင်းခြင်းကို ဘယ်လိုမှ မသိနိုင်ကြတဲ့ အတွက် အိမ်ခန်းငှားရာမှာတောင် သူတို့ ကို ပေးမငှားတာများတယ် ။  လွန်ခဲ့ တဲ့ -၃-နှစ်လောက်က အိမ်ဝယ်မယ်ဆိုပြီး အိမ်ပွဲစားက လမ်းညွှန်လာလို့  သူနဲ့ အတူ သွားကြည့်ကြတယ် ။ ၃-လွှာပါတဲ့  အိမ်ဟာ ဈေးကြီးပေမဲ့  လူငှားထားပြီး နေမယ်ဆိုရင် ရတယ် ။ ဒါပေမဲ့  အိမ်ခန်းတွေထဲ ၀င်ကြည့်တော့ ပြွတ်သိပ်နေထိုင်ကြတဲ့  မက္ကဆီကို နိုင်ငံသားတွေကို တွေ့ ရတယ် ။ ကျွန်တော်က အိမ်ဝယ်ပြီး အိမ်ခန်းငှားစားချင်လို့  အိမ်ဝယ်ရန် သွားတာတောင်မှ သူတို့ တွေကိုမြင်တာနဲ့ တင် စိတ်ပျက်သွားရတယ် ။ လူတစ်ယောက်လောက် ကုတင်တစ်လုံးနဲ့  နေရမဲ့  အခန်းကို-၅-ယောက်လောက် စုပြီးနေကြတဲ့  သူတို့ လို လူမျိုးကို အိမ်ခန်းငှားဖို့  တော်တော်လေး စဉ်းစားရမှာဖြစ်တယ် ။ ဘာမှ အသိအမှတ်ပြု ကဒ်မရှိတဲ့  သူတို့ တွေဟာ ရာဇ၀င်လူဆိုးတွေလား-ဆေးခြောက်သမားလားဆိုတာ မပြောပြနိုင်ဘူးဆိုတော့ အကောင်းဆုံးက မက္ကဆီကိုနိုင်ငံသားတွေကို ပေးမငှားတာဘဲဖြစ်တယ် ။
အဲဒီလို ၁၁-သန်းလောက် ခိုးဝင်နေကြတဲ့  မက္ကဆီကို နိုင်ငံသားတွေကို မောင်းထုတ်လို့ မရလို့  ဒီအတိုင်းဘဲ လက်ပိုက်ကြည့်နေရတယ် ။ နောက်ထပ်ခိုးဝင်မလာရအောင် ခြံစည်းရိုးခတ်ပြီး ကာကွယ်တားဆီးနေရတယ် ။ ညဖက်ပတ္တရောင်ကင်းလှည့်တဲ့  ရဲကားတွေနဲ့  နေ့ ဖက် ကောင်းကင်က ဟယ်လီကော်ပတာတွေနဲ့  နယ်စပ်ဒေသ ခြံစည်းရိုးကာထားတဲ့  တောက်လျှောက်လမ်းတွေကို ကင်းလှည့်နေကြရတယ် ။ အမေရိကပြည်ထောင်စုဟာ လွတ်လပ်စွာ ဒီမိုကရေစီအခွင့်အရေးကို ကျင့်သုံးတဲ့  နိုင်ငံဖြစ်တယ် ။ ဒါပေမဲ့  လွပ်လွပ်စွာရေးသားခွင့် ရှိတယ်ဆိုပြီး လျှောက်ရေးလို့ မရတဲ့  ဥပဒေတွေ ရှိတယ် ။ သမ္မတကို ဝေဖန်လို့ ရတယ် ။ ရုပ်ပြောင်ကာတွန်းတွေနဲ့  ဝေဖန်ဆွဲပြလို့ ရတယ် ။ ဒါပေမဲ့  ကိုယ်လုံးတီးပုံတွေနဲ့ တော့ သွားလုပ်လို့  မရဘူးဆိုတဲ့  ဥပဒေက ရှိနေပြီးသားဖြစ်တယ် ။
သမ္မတရဲ့  ပြောဆိုကြေညာထားတဲ့ ဟာက အမိန့် ဥပဒေဖြစ်တယ် ။ အဲဒီအမိန့်ဥပဒေကို လွှတ်တော်က အတည်ပြုချက်ပေးထားရင် အဲဒီဥပဒေကို ပြည်သူက လိုက်နာရတယ် ။ မြန်မာနိုင်ငံမှာ သမ္မတက ပြောဆိုကြေညာထားပြီးသားကို လွှတ်တော်ကလဲ တရားဝင်ကြေညာထားတယ် ။ ဒါပေမဲ့  လွှတ်တော်က တရားဝင်အတည်ပြုအဖြစ် ဥပဒေမထုတ်ထားတော့ သမ္မတရဲ့  စကား-အမိန့် -ကြေညာချက်တွေဟာ နိုင်ငံတေ်ဥပဒေတစ်ခုအဖြစ် မဖြစ်လာဘဲ ဖြစ်နေတယ် ။ ဒါ့ကြောင့်မို့ လို့  ဥပဒေကို မတည်ဆောက်နိုင်ဘဲ လွှတ်တော်က ဒီအတိုင်းဆက်သွားနေလို့ ကတော့ မြန်မာနိုင်ငံဟာ ပြသနာတွေကို မီးမွှေးနေသလို ဖြစ်နေမှာ သေချာတယ် ။
အခုဘဲ ကိုယ့်ခြံကိုယ်ခတ် ကိုယ့်စည်းနဲ့  ကိုယ်နေကြရတဲ့  နိုင်ငံတွေမှာ မိမိတို့  နိုင်ငံရဲ့  အချုပ်အချာ နယ်မြေဥပဒေဆိုတာ ရှိတယ် ။ မြန်မာနိုင်ငံဟာ အချုပ်အချာ နယ်မြေကို မြန်မာနိုင်ငံရဲ့  အတွေးအမြင်နဲ့   ကျင့်သုံးရမှာဖြစ်တယ် ။ မြန်မာနိုင်ငံက သမ္မတကဖြစ်စေ နယူးယောက်က မြန်မာသံအမတ်ကြီးကဘဲဖြစ်စေ မက္ကဆီကို နိုင်ငံသား-၁၁-သန်းကို အမေရိကန် နိုင်ငံသားအဖြစ် အခုချက်ချင်း ဆောင်ရွက်သင့်တယ်လို့  ပြောကြည့်ပေးပါလား ။ ဟုတ်ကဲ့ - ကျွန်တော်ဟာ အမေရိကပြည်ထောင်စု နယူးယောက်မြို့ မှာ နေပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts