ရသဆောင်းပါးစုံ အုန်းနိုင်

ဒီမိုကရေစီ အရေးတော်ပုံ – (၂၂)

အုန်းနိုင်
ဇန်န၀ါရီ ၁၄၊ ၂၀၁၄
● ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်

ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးကလည်း ကျောင်းသားနဲ့ လူထုရှေ့ ဆေးရုံကြီးမှာ လာရောက် ထောက်ခံ ဟောပြောကြောင်း ကြား ရပြန်ပါတယ်။ အဲဒီအချိန်မှာလည်း ဗမာပြည်အရပ်ရပ်က ထောင်ကြီးတွေမှာ ထောင်ထမှုများဖြစ်တယ်။ ဒါကြောင့် ထောင်သားတွေ လွတ် သွားတယ်။ လွှတ်တဲ့ထောင်သားတွေကိုလည်း လွတ်ရက်ကြည့်ပြီး လွှတ်ပေးတယ်။ ဆိုတဲ့ သတင်းတွေထွက်လာပြန်ပါတယ်။ ထောင်ထတဲ့ မြို့ ကြီးတွေ က သပိတ် ကော်မီတီများက ထောင်ကထွက်လာတဲ့ သူတွေကိုစနစ်တကျ သူတို့ ရပ်ရွာ  ပြန်နိုင်အောင်   စီစဉ်ပေးရပါတယ်။ ဒီမိုကရေစီ တန်ပြန်လှုပ်ရှားမှု အဖွဲ့ ရဲ့  လှုပ်ရှားမှုတစ်ရပ်ဖြစ်မယ်လို့ ကျနော်တို့ယူဆကြပါတယ်။ စစ်တပ်ဟာ တော်တော်အကြံပက်စက်နေပြီး ဒေါက်တာမောင်မောင်လည်း လေသံသာပျော့တာ လုပ်ပုံကတော့ ပက်ပက်စက်စက်ပဲလို့ ယူဆပါတယ်။ ပေါင်းတည်မှာလည်း အချုပ်ထောင် ရှိနေတော့   အဲဒီက လွှတ်ပေးတဲ့ အချုပ်သားတွေကို စနစ်တကျ စည်းရုံးထောက်ပံ့ပြီးနေရပ်ရောက်အောင် ပြန်ပို့ဖို့ စီစဉ်ကြပါတယ်။ မြို့ ထဲ မှာလည်း မျက်နှာစိမ်း၊ ဟိုလိုလို ဒီလိုလို တွေ တွေ့ နေရလို့ ကျောင်းသားတွေကို သတိပေးနေရပါတယ်။

 

သြဂုတ်လ (၂၈) ရက်နေ့မှာတော့ အရင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနေရာ ကွက်လပ်ကြီးမှာ ကျောင်းသားများစုဝေးပြီး (A.B.F.S.U      All  Burma  Fedration  of Student’ s   Unions) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်ကိုဖွဲ့ စည်းလိုက်ကြပါ တယ်။ ဒီအစည်းအဝေးမှာ ကျနော်တို့   တက္ကသိုလ်တုန်းက ကျောင်းသားညီညွတ်ရေးတပ်ဦးမှာ အတူလုပ်ခဲ့တဲ့ ကိုလှရွှေတို့  ကိုတင်မောင်ဝင်း တို့ ကိုယုတို့  မိန့် ခွန်းပြောတယ်ဆိုလို့  ကျနော်တောင် ရန်ကုန်ဆင်းရကောင်းမလားတွေးမိပါတယ်။

 

ဗကသ ဖွဲ့ ချုပ်မှာ  ဥက္ကဌက    မင်းကိုနိုင် လို့  နာမည်ကြီးတဲ့သတ္တဗေဒ တတိယနှစ်ကျောင်းသား ပေါ်ဦးထွန်း ပါ။ ဒုတိယ ဥက္ကဌကနိုင်ငံတကာဆက်ဆံရေးကျောင်းသား ကိုကိုကြီး၊ အတွင်းရေးမှူးက မိုးသီးဇွန်ခေါ် ရူပဗေဒဘွဲ့ရ မျိုးသန်းထွတ် နဲ့  တွဲဘက်အတွင်းရေးမှူးက ဝင်းမိုးလို့သိရပြီး အမှုဆောင်တစ်ရာ   ကျော်ပါတယ်။ တပြည်လုံး ကျောင်းသားသမဂ္ဂများ ဖွဲ့ ကြဘို့  လည်း ညွှန်ကြားလိုက်ပါတယ်။

 

အစိုးရဘက်ကလည်း တဖြည်းဖြည်း တော့ ပြိုလာပါပြီ။ သမ္မတ ဒေါက်တာမောင်မောင်ကဖွဲ့ ပေးတဲ့  “‘ပြည်သူ့ဆန္ဒခံယူရေးကော်မရှင်”  ဟာ ပထမဆုံးရုံးစဖွင့်တဲ့ရက်မှာပဲ ပြည်သူလူထုက ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြလို့   ဥက္ကဌ ဦးတင်အောင်ဟိန်းက သူ့ကော်မရှင်ကို ဖျက်သိမ်းတယ်လို့ကြေညာပြီး ရုံးပိတ်ပေးလိုက်ပါတယ်။

 

ကျန်းမာရေးဝန်ကြီး ဦးထွန်းဝေလည်း   ဝန်ကြီး အဖြစ်ကရောလွှတ်တော်ကိုယ်စားလှယ် အဖြစ်ကပါ နှုတ်ထွက်ခွင့်တောင်းလာပါတယ်။ ပြည်သူ့လွှတ်တော်အရေးပေါ် အစည်းအဝေးကိုလည်း ခေါ်ယူရပြန်ပါတယ်။ တောင်သူလယ်သမားတွေအတွင်းပြဿနာ အကြီးအကျယ် ပေါ်ခဲ့ရ တဲ့ အခွန်တော်များကိုသီးနှံခွန်ပေးသွင်းရေး အမိန့် ကိုလည်း ပြန်လည် ရုတ်သိမ်းကြောင်းကြေညာ ပြန်ပါတယ်။

 

● အထွေထွေ သပိတ်ကော်မတီ

အခြေအနေတွေကတော့ နေ့ချင်းညချင်း ပြောင်းနေတာပဲ။ မဆလ အစိုးရက ထွက်မပေးသေးတာနဲ့အများ ထောက်ခံနိုင်တဲ့ ကြားဖြတ်အစိုးရမပေါ်သေးတာဘဲကျန်တော့တယ်။ နေ့တိုင်းညဘက် ရေဒီယိုမှာ ဒီသတင်းဘဲ နားထောင်နေ ရတယ်။ ဒေါက်တာမောင်မောင်လည်းဖွဲ့ စည်းပုံအခြေခံ ဥပဒေမှာ  ကြားဖြတ်အစိုးရဖွဲ့ စည်းပေးဖို့   ပုဒ်မ မပါလို့   ဒီလိုဖွဲ့စည်းမပေးနိုင်ကြောင်းပြောပါတယ်။ သတင်းစာတွေမှာ ဥပဒေ ပညာရှင်တွေကဒီကိစ္စပေါ် ဥပဒေကြောင်းအရ အကြံပြု ကြတယ်။ နိုင်ငံသိပုဂ္ဂိုလ်ကြီးများကလည်း ဒေါက်တာမောင်မောင်ထံ အိပ်ဖွင့်ပေးစာတွေ ရေးကြတယ်။ဒါပေမဲ့ လိပ်ခဲတင်းလင်းပါဘဲ။

 

အဲဒီလိုရက်မျိုးထဲမှာ ဝန်ကြီးချုပ်ဟောင်း ဦးနုက ခေါင်းဆောင်ပြီးဦးအောင်ရွှေ၊ ဦးတင်ဦး၊ တို့ ပါဝင်တဲ့ တပ်မှူးဟောင်းများ နဲ့ “ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ”   ဖွဲ့တဲ့သတင်းပါလာပါတယ်။ဒီလှုပ်ရှားမှုကာလထဲမှာပထမဆုံးပေါ်လာတဲ့ နိုင်ငံရေးပါတီပါ။ ကျန်တာတွေက သက်ဆိုင်ရာ သမဂ္ဂတွေဘဲ။ဒီမြို့ မှာ လည်း ဦးစံမောင်တို့ ဦးဖေမြင့်တို့  ဦးခင်ထွန်းတို့  ကဒီငြိမ်းအဖွဲ့ ဖွဲ့လိုက်ပါတယ်။

 

ဒီမြို့ မှာ  ဒီရက်အတွင်း  ဘုရားကြီးလမ်းနဲ့  ရန်ကုန်လမ်းဆုံရာဘုရားကြီးလမ်းရဲ့  အလယ်ကောင်မှာ ဟိုတုန်းက လမ်းပြပုလိပ်ရပ်တဲ့အုတ်ခုံမြင့်ပေါ်မှာ ခေါင်း တလားကြီးတစ်ခုတင်ပြီး မဆလ အသုဘ အခမ်းအနားကြီး ဆင်ထားတာဘဲ။ မြို့ လည်ကောင်မှာ ဒီလို ခေါင်းတလားကြီး ဆင်ထားပြီး မူးကြောင်ရူးကြောင်လူတွေကို အရက်တိုက်ပြီး ငိုချင်းချနေကြတာကို အများက မကြိုက်ကြပါ။တစ်ရက်လည်းမဟုတ်၊ နှစ်ရက် လည်း မဟုတ်။ ရက်အတော်ကြာကြာထားပါတယ်။ ကျနော်လည်း လုံးဝ မကြိက်ပါ။နည်းနည်းစုံစမ်းကြည့်တော့လည်း လူငယ်ပိုင်းကရောကျောင်းသားပိုင်းကပါ မကြို က်ကြောင်း ပြောကြပါတယ်။ ဒီကိစ္စ ဘယ်သူ့လက်ရာဆိုတာ ကျနော်သိပါတယ်။ သူ့ ကို ဒါကြီး ဖယ်ပစ်ဖို့  ပြောပါတယ်။ သူကဒီမိုကရေစီ အခွင့်အရေးအရ လုပ်ဆောင်တာသာ ဖြစ်တယ်။ မြန်မာ့ လွတ်လပ်ရေးသမိုင်းမှာ စစ်ကြိုခေတ် ဒေါက်တာ ဘမော်အလောင်းပုံ   ကြီးမီးရှို့ တာတွေတောင်လုပ်ခဲ့တာဘဲလို့  ပြောပါတယ်။ ဟိုဟာက စတိသဘောပဲလုပ်ပြီး မီးရှို့ပစ်တာ မင်းတို့ ဟာကြီးက သေသေချာချာ ပြင်ဆင်ပြီး နေ့ရှည်ရက်ရှည်လုပ်နေတာကတော့  သိပ် မကောင်းဘူးလို့ ပြောပေမဲ့ မရပါ။ တချို့ ကျောင်းသားများက ဖျက်ပစ်မယ်လို့  ပြောပါတယ်။ ဒါဟာ တစ်နည်းအားဖြင့်ဒီမိုကရေစီအုံကြွ မှု တန်ပြန်လှုပ်ရှားမှု အဖွဲ့ ရဲ့ လိုင်းထဲဝင်သွားမယ်ထင်လို့  ကျောင်းသားများကိုတားပြီး…..။ သူ့ ကိုဒီမိုကရေစီ အုံကြွ  မှု တန်ပြန်လှုပ်ရှားမှု ရဲ့  သဘောနဲ့  အံဝင်ဂွင်ကျ

ဖြစ်နေကြောင်း ဆွေးနွေးပါတယ်။ သူက ကျနော့်ကိုပါတီကောင်စီက တာဝန်ပေး သလား လို့ မေးပါသေးတယ်..။ကျနော်လဲ  သူ့ကို ဒီထက် ထပ်ပြောစရာအကြောင်းမရှိတော့ပါ..။

 

အဲဒီ အချိန်မှာ  ဗိုလ်မှူးထိန်ဝင်းကလည်း  မြို့လည်ခေါင်တလားကြီးနဲ့  ပတ်သက်ပြီး  ရေရှည်မှာကြည့်မကောင်းကြောင်းပြောလာတယ်..။ကျနော်လဲ  ဒီကိစ္စနဲ့ ပတ်သက်ပြီးဗိုလ်မှူးပြောချင်ရင် သွားပြောဖို့ လုပ်တဲ့သူကို  တားနိုင်မဲ့ လူကြီးတဦးကို  ညွှန်းလိုက်ပါတယ်..။သိပ်မကြာပါဘူး..။ မြို့ လယ်ကောင်ကတလားကြီး ပျောက်သွားပါတယ်။ အကျိုးဆက်ကတော့ ဗိုလ်မှူးထိန်ဝင်းနဲ့   ဂေါပကလူကြီးများ ကျွမ်းဝင်ရင်းနှီးမှု ရသွားစေတာပါပဲ..။

 

သြဂုတ်လကုန်ပိုင်း လောက်ကျတော့ ဒီမြို့ မှာ သပိတ်ကော်မီတွေ ဖွဲ့ဖြစ်ပါတယ်။ နဲနဲတော့ ဗဟိုနဲ့ စနစ်တကျ ဆက်သွယ်မှု ရှိတဲ့ အဖွဲ့ အစည်းတစ်ခုပါဘဲ။ အရင်ဖွဲ့ နေတဲ့ အဖွဲ့တွေက ကိုယ့်မြို့ နဲ့  ကိုယ် စိတ်ကူးရရာ ဖွဲ့ ကြ..။၊ ပြည်မှာဖွဲ့တယ်ကြားရင် ဒီမြို့ မှာလည်း ဖွဲ့ လိုက်ကြ   ဆိုတာမျိုး  ..။အခုအဖွဲ့ကတော့ ဗဟိုမှာ ကို တိတိကျကျ (General   Strike  Committee) လို့ခေါ်တဲ့ အထွေထွေသပိတ်ကော်မီတီပါ။ ဒီအဖွဲ့ မှာကျတော့ သပိတ်အဖွဲ့  ပေါင်းစုံက လူတွေပါအောင်ဖွဲ့ ရတာ..။  ဒီမြို့မှာ.. မြို့ နယ်ခန်းမ အခြေစိုက်တဲ့အဖွဲ့ ။ဘုရားကြီးထဲက ဓမ္မာရုံမှာ အခြေစိုက်တဲ့ ဆန္ဒပြပွဲကြီကြပ်မှု ကော်မီတီ စတာတွေအားလုံးမြို့ နယ်ခန်းမမှာ စုပြီး အစည်းအဝေး လုပ်ကြတယ်။ လူပေါင်းစုံမိန့်ခွန်းတွေ  ပြောကြတယ်။ အဲဒီအထဲမှာ ဦးစံမောင်က အခြေခံအလုပ်သမားအစည်းအရုံးတွေရဲ့   ဆိုင်းဘုတ်တွေ ကို ဖြုတ်ပစ်ဖို့

လိုက်ပြောပါတယ်။ သူက မိန့်ခွန်းတော့ တက်မပြောပါ။ သူပြောအပြီး..လူတွေကကျနော့ကိုလာပြီး မေးကြပြန်ပါတယ်။ ဆိုင်းဘုတ်တွေ   ဖြုတ်ရမလားပေါ့။ ကိုယ့်ဟာကိုယ်ဖြုတ်ချင်လည်းဖြုတ် ..။မဖြု တ်ချင်လည်း နေ..။သူ့ဟာသူ ဆိုင်းဘုတ် ရှိနေလဲ အလုပ်မဖြစ်ရင် ဆိုင်းဘုတ်ဆိုတာသံပြားတစ်ခုပါဘဲလို့ ပြောလိုက်ပါတယ်။ ဒီမှာ တစ်ခု အမှတ်ရပါတယ်။ မဆလလက်အောက်မှာ အလုပ်သမားအစည်းအရုံး အပြင် အလုပ်သမား သက်သာ ချောင်ချိရေးအဖွဲ့ ဆိုတာ ရှိတယ်။ ဒီအဖွဲ့   ရန်ပုံငွေကို ငွေစု စာအုပ်နဲ့ကိုယ့်ဖာသာကိုယ် ထုတ်ရ သွင်းရတယ်။ အဲဒီတော့ ကိုယ်နဲ့ဆိုင်တဲ့ အထကသက်သာချောင်ချိရေးငွေတွေကို အကုန်ထုတ်ပြီး အဖွဲ့ ဝင်ဆရာ ဆရာမအမှုထမ်းတွေကို လုပ်သက် အလျောက် ပြန်ထုတ်ပေးလိုက်တယ်။ဒါက…ကိုယ့်ပိုက်ဆံကိုယ်ပြန်ရတာကိုး.. ။ ဒီအသံကြားတော့ တခြား သက်သာချောင်ချိရေး အဖွဲ့ တွေကလည်း ငွေတွေထုတ်ပြီး ဝေကြပြန်တယ်။ဆိုင်းဘုတ်ဖြုတ်တာထက် ဒါကပိုပြီး ထိရောက် တယ်။ ပိုက်ဆံပြန်ရတယ်။ လည်း…အလိုလို ပျက်သွားတော့တာပေါ့။

 

အထွေထွေ သပိတ်ကော်မီတီက ဒီမိုကရေစီ အရေးတင်မဟုတ်ဘူး။ နိုင်ငံရေးအယူအဆအချို့ ပါလာ ပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေ အတွင်းမှာ စီပီ၊ စီပီနဲ့  ပြောလာကြပါတယ်။ တစ်ခြားမြို့ က လာတဲ့ သူတွေက စီပီဆန်တယ်လို့ပြောလာကြတယ်။ စီပီနွှယ်လာတယ်ပေါ့။ ဒါပေမဲ့ လူထုကို     စီပီလွှမ်းတာထက်ကျနော်က ကျောင်းသားတည်းက ဒီအနွယ်လို့ တော်တော်များများကသတ်မှတ်ကြပြန်တယ်..။ ဒါပေမဲ့ သူတို့ သပိတ်ကော်မီတီထဲကိုတော့ ကျနော်မဝင်ပါဘူး။ ဘယ်တရားပွဲမှလည်း မိန့် ခွန်း တက်မချွေ သေးပါဘူး။

အဲ…ဆရာများသမဂ္ဂမှာတော့ သဘာပတိအဖြစ်မိန့် ခွန်းပြောတယ်။ အခု…အရေးအခင်းကြီး တစ်လျှောက်လုံးမှာ ကျနော်မိန့် ခွန်းတစ်ခါမှ မပြောဘဲနဲ့   ထိန်းနေတာပါ။ အဲဒါဟာကျနော့်သမိုင်းနဲ့ လက်ရှိ လုပ်ရပ်တွေ သက်ဝင်ပြီး ရနေတဲ့ အရှိန်ပါ..။ဒါကို…သြဇာလို့  ခေါ်ရင်  ရမယ်ထင်ပါတယ်။

 

● မြို့ အုပ်ချုပ်ရေး အာဏာ

မြို့ သားတစ်ချို့ က ကျနော့်ကို မြို့ အုပ်ချုပ်ရေးအာဏာ ကိုယူစေချင်ကြပါတယ်။ ဒီအချိန်မှာ ကျနော်ကတော့ ယူလိုက်ရင်လည်းသိပ်မ ခက်ခဲပါဘူး။ ကျနော်အာဏာယူလိုက်ရင် ကျန်တဲ့ခေါင်းဆောင်တချို့ ကလည်း သူနဲ့   ဆိုင်ရာ ဆိုင်ရာ အာဏာရလာကြ  မှာမို့   သူတို့ ကကျနော့်ကို မြို့ အုပ်ချုပ်ရေးကို လွှဲယူစေချင်ကြ တာပါ။ ကျနော်က   ခုနကပြောခဲ့တဲ့ သြဇာနဲ့ ပဲ.. ထိန်းလို့   ရနေပြီ ဟာ..။ဒီသြဇာနဲ့ ပဲလုပ်ပိုင်ခွင့် တစ်ချို့   လုပ်ရနေပြီ..။ဝန်ထမ်းတွေကို ဆန်ဝေ ချင်တဲ့ခေါင်းဆောင်တစ်စုကို ကုန်သွယ်လယ်ယာ မန်နေဂျာနဲ့  ဆက်ပေး လိုက်တယ်။ စနစ်တကျဝေလို့  ရတယ်။ ကိုယ်တွေ က လုပ်ပိုင်ခွင့်ဘဲ ယူထားတယ်။ ငွေအဝင်အထွက်သူတို့  အမှုထမ်းအလုပ်..။ ကိုယ့်မှာ ငွေရေးကြေးရေးတာဝန်ကင်းတယ်။ မြို့နယ်ရဲ့ ဓါတ်ဆီနဲ့ဒီဇယ်ဆီဖြန့်ချီရေးကိုင်ဖို့  လူငယ်ခေါင်းဆောင်တစ်ချို့ ကိုမြန်မာ့ရေနံ အရောင်းဆိုင်နဲ့  တွဲပေး လိုက်တယ်။ ခုနက ဆန်ဖြန့် ဖြူးသလိုပဲ၊ ငွေက သူ့  ဝန်ထမ်း သူ့ ဖာသာကိုင်ထားတယ်။ ရဲတွေက တရားခံ ဖမ်းလာရင် ပထမ သပိတ်ကော်မီတီဆီလာတယ်။ သပိတ်ကော်မီတီက စီရင်ချင်တဲ့အမှုမျိုးဆိုရင် သပိတ်ကော်မီတီက တရားရေး ဝန်ထမ်း၊ ဥပဒေဝန်ထမ်းတွေ အကူအညီနဲ့  စစ်ဆေးစီရင် တယ်။ ထောင်ချရမယ့် အမှုမျိုးကို   ကြ တော့လည်း ရဲနဲ့ တရားသူကြီး  လက်ထဲ ပြန်လွှဲပေးလိုက်တယ်။ ဒီမိုကရေစီ အုံကြွမှု နဲ့ မဆိုင်တဲ့ ရိုးရိုး  ရာဇဝတ်မှု မျိုးတွေကျတော့  သူတို့ ကို  ပြန်လွှဲပေးလိုက်တာပါဘဲ။

 

ဒီလို စီရင်ရာမှာ တစ်ခါဘဲ နည်းနည်း အရုပ်ဆိုးတာဖြစ်သွားပါတယ်။ ဒါကသပိတ်ကော်မီတီမှာ အမြဲတမ်း သီတင်းသုံးနေတဲ့ ဘုန်းကြီး တစ်ပါးကိုချဲမှုတစ်ခုက ချဉ်းကပ်တာပါ။ ဘုန်းကြီးက ချဲပေါက်သူနဲ့ ချဲဒိုင်ကို ကော်မီတီရုံးခေါ်လိုက်တယ်။ ချဲဒိုင်ကလည်း လူလည်ဘဲ ..။သူ့

သားတွေနဲ့ ရွယ်တူကျောင်းသားအရွယ် လူငယ်တွေကို ခေါင်းပတ်အနီတွေပတ်ခိုင်းသူမိတ်ဆွေတစ်ချို့ ပါ ခေါင်းပတ်အနီတွေ ပတ်ပြီး ခွပ်ဒေါင်းအလံထူပြီး ကားနဲ့   ချီတက်လာပါတယ်။ ဒီတော့ မှကျန်တဲ့သပိတ်ကော်မီတီတွေသိပြီးဘယ်လိုဖြစ်တာလဲ ဆိုတော့ ဘုန်းကြီးက ချဲပေါက်သူရဲ့ တိုင်ချက်အရချဲဒိုင်ကို ခေါ်တဲ့ အမှု ဖြစ်နေတယ်။ သပိတ်ကော်မီတီမှာ ကအစတည်းက ချဲမှု ကို လုံးဝ ဝင်မစွက်ရ ဆိုတာရှိပြီး သား။ ဘုန်းကြီးက နားမလည်တာ။ဒီတော့  လူမှုဝန်ထမ်းရုံးရှေ့  ကသပိတ်ကော်မီတီက နှစ်ဘက်စလုံး ပြန်ကြပေါ့..။ ရုံးပေါ်ကဆင်းပြီး ရုံးရှေ့ရောက်တော့ သူတို့   နှစ်ဖွဲ့အချင်းများပြီး  ဒါးတပြက်၊ ဒုတ်တပြက် ဖြစ်ရုံမကဘူး ဂျင်ဂလိတွေနဲ့   ပစ်ကြခတ်ကြ  အထိဖြစ်သွားကြတယ်။      ထိခိုက်ဒဏ်ရာ ရမှုတော့ မဖြစ်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဒီမိုကရေစီ အရေးတော်ပုံ – (၂၂)
  1. I appreciate the details and the fact that you can remember this much after years but I also think we shouldnt live in the past forever and start thinking about what we ll do next.

  2. We are not living with or in past, but we should know and remember the past then we can go forward.
    I appreciate the article, some people may not know. With Kind Regards

Comments are closed.