မှတ်စုမှတ်တမ်း အုန်းနိုင် ဖြစ်ရပ်များ၊ အမှတ်တရများ

ဒီမိုကရေစီ အရေးတော်ပုံ – (၂၁)

ဒီမိုကရေစီ အရေးတော်ပုံ – (၂၁) 

အုန်းနိုင်

ဇန်န၀ါရီ ၁၂၊၂၀၁၄

 

 

♦ မာရှယ်လော  ရုပ်သိမ်းပြီ

အဲဒီနေ့  စီတန်းလှည့်လည်ပွဲ  အထိတော့ ကျောင်းသားနဲ့  လူငယ်က အဓိကဦးဆောင်နေပါတယ်။ ရန်ကုန် ဘားကောင်စီက စာထွက်လာတော့ ဒီမြို့ မှာရှိတဲ့ရှေ့ နေများကလည်း    ပါဝင်လာရုံတင်မကဘူး ခေါင်းဆောင်နေရာပါယူချင်လာပါတယ်။ မြို့ ပေါ်က အာဏာပိုင်အဖွဲ့ အစည်းက   လျော့ရဲရဲဖြစ်လာတော့ မြို့ နယ်အုပ်ချုပ်ရေးဘက်ကို အာရုံစိုက်လာကြ တယ်။ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့တော့မလို့ တောင်  ဟိုတစ်ရက် နှစ်ရက်လောက်က ဖြစ်ခဲ့သေးတာကိုး။ ကျနော်ကသာဗိုလ်မှူးထိန်ဝင်း  လာပြောတဲ့ ဦးအောင်တင်အိမ်မှာတင် လက်ခံပြီး ဖွဲ့လိုက်ရင်.. အဲဒါ  အုပ်ချုပ်ရေးအဖွဲ့ တကယ်ဖြစ် သွားမှာ။ ဘာပြု လို့လဲဆိုတော့ (၂၄) ရက်နေ့ ကျတော့ ရန်ကုန်မှာ ရော ပြည်မြို့  မှာပါ မာရှယ်လော ရုပ်သိမ်းလိုက်လို့ ပါပဲ။

ပြည်မြို့ မှာ   ကုလားဗမာ ရိုက်ပွဲကြောင့် မာရှယ်လော ထုတ်ထားလို့မလှုပ်ရှားနိုင်ခဲ့ တဲ့ မြို့ သူမြို့ သားတွေက ရန်ကုန်၊ မန္တလေး စတဲ့ တိုင်းပြည်အနှံ့ မြို့ တိုင်းမှာရှစ်လေးလုံး ဒီမိုကရေစီ အုံကြွ မှုကြီး အရှိန်ကောင်းနေချိန်မှာကြိတ်ဝိုင်းကလေးတွေ လောက်လုပ်နေရတာ။ လုပ်ခဲ့နိုင်တာ။ မာရှယ်လောရုပ်သိမ်းလိုက်ပြီဆိုတော့ တခါတည်း တန်းပြီး ဆန္ဒပြပွဲတွေ လုပ်ကြတော့တာပေါ့။ ရပ်ကွက် အုပ်စုအလိုက် သပိတ်အဖွဲ့ တွေသာမက၊ အုပ်ချုပ်ရေးအဖွဲ့တွေ ပါ ဖွဲ့ တော့တာပါပဲ။ ဘုန်းကြီးတွေနဲ့ တွဲပြီး တရားစီရင်ရေးအဖွဲ့တွေ ဖွဲ့ကြတယ်။ ပြည်မြို့ က သူများနောက်မှ   ဒီ အရေး အခင်းကြီးမှာပါလာရပေမဲ့ သူက အစောတဲက ကုလားဗမာနဲ့  စထားတာမို့  ပိုတက်ကြွ..။ပိုလှုပ်ရှား။ တခြားမြို့ နယ်တွေ  လိုက်စည်းရုံး ဟောပြောစတာတွေလုပ်လာကြတယ်။ ပြည်မြို့ လို   ခရိုင်မြို့ ကြီး က     ဒီလိုတွေဖြစ်လာတော့     ကျန်တဲ့ မြို့ နယ်တွေကလည်း အပြိုင်းအရိုင်းပေါ့..။ရွှေတောင်ဆိုရင်ပါတီကောင်စီက လူတွေ လောလောလတ်လတ် ဆောက်ထားတဲ့ အိမ်သစ်တွေကိုတောင် မီးရှို့ပစ်လိုက်ကြ တယ်။ သဲကုန်းဆိုရင်လည်း ပါတီအတွင်းရေးမှူးကို   လူထု ဆန္ဒပြပွဲထဲခေါ်လာပြီး လူထုရှေ့ မှာ ဝန်ချတောင်းပန်ခိုင်းတာတွေဖြစ်လာပါတယ်။

ဒီတော့…ကျနော်တို့ မြို့ မှာ လည်း ရှေ့ နေများအဖွဲ့ ကဦးစီးပြီး   လူထုအစည်းအဝေးကြီးတခုကို ဘုရားကြီးလမ်းမှာ လုပ်ပါတယ်။ဒီအချိန်မှာတော့ အစည်း အဝေးဆိုရင်  တက်မယ့် လူထုကတော့ အပြည့်ပဲ။ဒီအစည်းအဝေးမှာ ..ပေါင်းတည် အလယ်တန်းကျောင်းရဲ့ ကျောင်းအုပ် ကြီးဟောင်း၊(    )မြို့နယ် အထက်တန်းကျောင်းအုပ်ကြီးကနေ  ထွက်လာတဲ့ ဆရာကြီးဦးကြင်ဆွေက အပြော ကောင်း ကောင်း အဆိုကောင်းကောင်း ဆိုတော့ လက်ခုပ်သံတဖြောင်းဖြောင်းပါဘဲ။

ဒီအစည်းအဝေးမှာပဲ ရှေ့ နေဦးစံမောင်က မိန့် ခွန်းပြောရင်း၊ မြို့နယ်ပါတီကောင်စီ အမှုဆောင်များ ဒီနေ့ ည သန်းခေါင်အချိန်နောက်ဆုံးထားပြီး နှုတ်ထွက်လွှာ တင်ကြ ပါလို့  ရာဇသံပေးလိုက်ပါတယ်။        ဒါဟာ သူတစ်ဦးချင်းရဲ့ ရာဇသံပါ။ ဒီအချိန်အထိ ကျောင်းသားလူငယ်အတွင်းမှာ အုပ်ချုပ်ရေးအဖွဲ့ နဲ့ပဋိပက္ခ အသွင်ဆောင်တဲ့ အနေအထားမရှိသေးပါဘူး။ ဒါကြောင့်လည်း ..သူ့ နောက်ကတက်ပြော တဲ့ လူငယ် ခေါင်း ဆောင် ကိုခင်မောင်ဇော်က ဟောပြောတဲ့အခါမှာ“အခုအချိန်မှာ.. ငြိမ်းချမ်းစွာ ဆန္ဒပြရေး ညီညွတ်ရေးနဲ့ အကြမ်းမဖက်ရေးကအရေးကြီးဆုံးဖြစ်တယ်”  လို့   အဓိကထားပြီး ပြောသွားပါ တယ်။

နေ့ လည်ကျတော့ ..သူဘဲ ကျနော့ကိုလာတွေ့ ပြီး   “ဆရာကြီးရေ.. မနက်ကဦးစံမောင်ပြောသွားတာ ဘယ်နှယ့်လဲ”  လို့   ပြောပါတယ်။   “အေးကွ -ရာဇသံပေးတာက လွယ်တယ်။ ရာဇသံကိုမလိုက်နာရင် ဘာလုပ်မလဲ။ သူ့  မှာ ဘာ အကြံရှိသလဲ။ အဲဒါက အရေးကြီး တယ်”  လို့  ကျနော်ပြောတော့“လူများစုမှ ဝင်လာတာဆိုတော့ ဘာမှ လုပ်နိုင်မယ် မထင်ဘူး..။ ဒါပေမဲ့ကျောင်းသားခေါင်းဆောင် မင်းဆွေဇင်က သူ့ တူဖြစ်နေတော့.. ကျောင်းသားငယ်လေးတွေကို သူ ဆွဲဆောင်သွားနိုင်တယ်။ဒါကြောင့် ကျနော်ဆရာကြီး ကိုလာတွေ့ တာ..။ ကျောင်းသားတွေကို   ဆရာကြီး   ခေါ်ပြော ပေးပါလား”      လို့      သူကပြောတယ်။ သူပြောတာ နည်းလမ်းကျတယ်လို့  ယူဆတဲ့ အတွက် ကျနော်..မင်းဆွေဇင်ကို ပြောပြ  နိုင်ဖို့  အ.ထ.က ကျောင်းသားအုပ်စုနဲ့ တက္ကသိုလ်ပြန် ကျောင်းသားအုပ်စု က သမီးနှင်းနှင်းယုတို့ မျိုးမင်းထွန်းတို့ လူသိုက်ကို ခေါ်စုရပါတယ်။

အခြေအနေ  ပြောပြတော့ သူတို့က ဦးစံမောင် ဘာပြောသွားတယ်ဆိုတာတောင် သူတို့  အမှတ်တမဲ့ ဘဲလို့ ပြောပါတယ်။ ဒါက ..ရာဇသံပေးတာဘဲ။  ရာဇသံပေးတယ်ဆိုရင် ရာဇသံအတိုင်းမလိုက်နာရင် တစ်ခုခု လုပ်ရတယ်ဆိုတဲ့ ..နောက်ဆက်တွဲ ရှိရတယ်။ မရှိရင်သင်္ကြန်အမြောက်ဘဲ။ အဆံမပါဘူးလို့   ခေါ်တယ်။ သူကိုယ်တိုင်ရော ဒီအထိ သိသလား မသိဘူး..။သူ့ မှာတစ်ခုခု လုပ်နိုင်ဘို့  အားရောရှိသလား။ မင်းတို့  ကျောင်းသားရဲ့ အားကို  သူယူချင်သလား။ သူက ဒီလောက်ရည်ရွယ်ချက်ရှိချင်မှ    လည်းရှိမယ်။ ပြောကောင်းကောင်းနဲ့   ပြောသွားတာ ဘဲလား။ ဘာဘဲဖြစ်ဖြစ် တို့ကျောင်းသားတွေဘက်ကတော့ ..ခု အခြေအနေကို ဘဲ ဆက်ထိန်းထားချင်တယ်။ သူကစည်းရုံးလာရင်လည်း အကြမ်းဖက်တဲ့ ဘက်မလိုက်ဖို့ လိုတယ်။ ခင်မောင်ဇော်ကလည်း  ဒါကြောင့် မနက်က   ကိုစံမောင် ပြောအပြီးမှာ ငြိမ်းချမ်းစွာ   ဆန္ဒပြရေး၊ညီညွတ်ရေးနဲ့ အကြ မ်းမဖက်ရေးတွေကို ထည့်ပြောသွားတယ် လို့ ပြောပြပြီး …. သူတို့ အချင်းချင်း လွတ်လွတ်လပ်လပ် ဆွေးနွေးစေပါတယ်။

သူတို့ လက်ခံပါတယ်။ သူတို့  ကျောင်းသားတွေ အနေနဲ့   ဒီညနေခင်းဘဲ အသံချဲ့စက်မော်တော်ကားနဲ့     ဒီလိုင်းကို ပြည်သူလူထုထဲဝင်သွားအောင် လိုက်ဟောပြောမယ်လို့ ပြောပါတယ်။ ပြောတဲ့အတိုင်းလည်း လုပ်ဖြစ် ပါတယ်။ ဦးစံမောင်အနေနဲ့  ကတော့

ဒီကိစ္စ ဘာမှ ထူးထူးခြားခြား လှုပ်ရှားမှု မပြပါဘူး။ ဒါပေမဲ့ နောက်မှသိရတာက.. သူပြောတာကို  ကြောက်တဲ့ သူက ကြောက်သွားပြီး… အဲဒီညမှာ ပဲကောင်စီဝင် နှစ်ဦးနဲ့တရားရေး အဖွဲ့ ဝင် နောက်တစ်ဦးတို့   ထပ်ပြီး နှုတ်ထွက်တယ်တဲ့။ အရင်ကတည်းကထွက်ထားတဲ့ ကျနော်ရှိနေတော့ လေးယောက်ရှိ သွားပြီမို့   သူ ကျေနပ်သွားသ လား  တော့မသိပါ။

♦ ဗိုလ်အောင်ကြီး ပြန်လွတ် လာပြီ 

စစ်အုပ်ချုပ်ရေး ရုပ်သိမ်းအပြီးမှာ ရန်ကုန်မှာ အတော် ကလေးအေးချမ်းလာပါတယ်။ ဦးစိန်လွင် တက် လာတုန်းက အဖမ်းခံခဲ့ရတဲ့ ဦးအောင်ကြီးတို့  လူသိုက် ကို နောက်တစ်နေ့မှာ လွှတ်ပေးလိုက်ပါတယ်။ ချက်ခြင်းဘဲဦးအောင်ကြီးက   သူ့ အိမ်ရှေ့  ပဒုမ္မာကွင်းမှာ   လူထုဟောပြောပွဲကြီးလုပ်ပါတယ်။ ရုတ်တရက်စီစဉ်တဲ့ အစည်း အဝေးကြီးဖြစ်ပေမဲ့ တက်ကြွနေတဲ့ ရန်ကုန်လူထုကသိန်းချီတက်ပါတယ်။ သူကလည်းအဖမ်းမခံရခင်က ဦးနေဝင်း ဆီ ကို..ခုနစ်မျက်နှာ စာတို့..။ လေးဆယ့်တစ်မျက်နှာစာတို့..ရေးပြီး   ဒီအရေးတော်ပုံရဲ့ အစဦးက ပါခဲ့တာဘဲ။ အဲဒီညက ဘီဘီစီကတိုက်ရိုက်အသံလွှင့်ပေးတဲ့အခါ ဦးအောင်ကြီး ရဲ့  လူနဲ့ မလိုက်တဲ့အသံသေးသေးစူးစူးကလေးကို ကြား လိုက် ရပါတယ်။

“စစ်တပ်ကို လူထုက စိတ်နဲ့  တောင်မပစ်မှားကြ နဲ့ ”      တဲ့ ဘယ်နှယ်ကြီးပါလိမ့်။  တလျှောက်လုံးစစ်တပ်က  ကျောင်းသားကလေးတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ။ တလျှောက်လုံး စစ်တပ်ကလူထုကိုပစ်မှားလာခဲ့တာ။ စစ်တပ်တော့ သတိမပေးဘူး။ ပစ်မှားခံရတဲ့ လူထုကိုလာပြီး သတိပေးနေပါလိမ့်လို့     ထင်လိုက်မိပါတယ်။

ဒီမြို့ မှာလည်း ဒီရက်တွေအတွင်းမှာ သပိတ်စခန်းဖွင့်လို့ကျောင်းသားများက ဘုရားကြီး ထဲမှာဖွင့်ပါတယ်။ ဆန္ဒပြပွဲကြီးကြပ်မှုကော်မီတီဆိုပြီး လူငယ်နဲ့ကျောင်းဆရာများ၊ဝန်ထမ်းများက ဘုရားကြီးလမ်း လူမှုဝန်ထမ်းရုံးမှာ ဖွင့်ပါတယ်။ဦးစံမောင်နဲ့ စာရင်းရုံးက ဦးခင်မောင်ရီတို့  လူသိုက်ကလည်း သစ်တောဌာနကလူများနဲ့ ပေါင်းပြီး တရားရုံးနဲ့   နီးနီး မြို့ နယ်ခန်းမမှာ သပိတ်စခန်းတစ်ခုဖွင့်ပါတယ်။

ဒီရက်အတွင်းမှာ ရန်ကုန်က ဒီမိုကရေစီတန်ပြန်လှုပ်ရှားမှု အဖွဲ့ ဖွဲ့တယ်ဆိုတဲ့ သတင်းတစ်ခု ထွက်လာ ပါတယ်။ စာနဲ့ ပေနဲ့ ကိုထွက်တာပါ။

ဦးနေဝင်းအိမ်မှာ.. ဦးနေဝင်းခေါင်းဆောင်ပြီး   သူ့သမီးသုံးယောက်၊ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်၊ ဦးထွန်းတင်၊ ဦးကျော်ထင်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး စောမောင်  အပါအဝင် အရာရှိကြီးများပါဝင်ပြီး…။ ဦးစိန်လွင်က အတွင်းရေးမှူးအဖြစ်နဲ့ ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့   ရဲ့   သုံးသပ်ချက်က လူထုအုံကြွ မှု နှိမ်နင်းရေးမှာတပ်မတော်ရဲ့ သစ္စာရှိမှုအရေးကြီးတယ်။ တပ်မတော် က ပါသွားလို့ပါတီစုံဒီမိုကရေစီ ဖြစ်သွားရင် တပ်မတော်ရဲ့   ကဏ္ဍဟာ မှေးမှိန်သွားပြီး စစ်ပြန်စစ်မှုထမ်းတွေဟာ လူမလေး ခွေးမခန့် ဖြစ်သွားမယ်။ လူထုအုံကြွ မှုခြေမှုန်းရေး

အစီအစဉ်အရ ပထမကျောင်းသားနဲ့   လူထုကို သီးခြား ဖြစ်သွားအောင်  ခွဲပစ်ရမယ်။ ပြီးတော့ကျောင်းသားခေါင်းဆောင် အမာခံ တွေကို ခြေမှုန်းပစ်ရမယ်။ ပြီးရင်… လူထုအတွင်း ထောက်လှမ်းရေး၊   ထောက်လှမ်းရေးသတင်းပေး ၊ထောက်လှမ်းရေးအေးဂျင့်တွေ လွှတ်ပြီး၊ လူထုစိတ်ကို ဆွပေးမဲ့ မဟုတ်တရုတ်လုပ်ငန်းတွေ လုပ်ပြီး လူထုက မခံမရပ်နိုင်အောင်ဖြစ်လာရင် အကြမ်းဖက်မှုတွေပေါ်လာ မယ်။ တဘက်ကလည်း   စစ်တပ်ကဘဲအစိုးရဂိုဒေါင်တွေဖောက်၊ လူသတ်မှုတွေလုပ်၊ လူထုကပါလိုက်ပြီး အဲဒီလို ဖေါက်ထွင်းမှုတွေထွက်ပေါ်လာအောင်ဆက်လုပ်။ ဒီတော့မှ ..လူထုက အခြေအနေကို စိတ်ပျက်လာပြီးစစ်တပ်ကို ပြန်အားကိုးလာမယ်။ ဒီတော့မှ   အာဏာသိမ်းမယ်ဆိုတဲ့ သဘောမျိုးတွေပါတယ်။ (နောက်ဆက်တွဲတွင်ကြည့်) အဲဒီနောက်မှာတော့   အများသုံးရေကန်တွေကို   အဆိပ်ခတ်တာတို့ ဆန်ဂိုဒေါင်ဖောက်တာတို့  ဆိုတာတွေ ပေါ်လာလို့    ဒီမြို့  မှာ ရှိတဲ့သပိတ်အဖွဲ့   ပေါင်းစုံ နဲ့ ဘုန်းကြီးတွေပါဝင်ပြီး၊ အဲဒီလိုမျိုးလူတွေကိုဖမ်းပြီး အပြစ်ပေးတာတွေ ဖြစ်လာပါတယ်။ တရားရုံးက တရားရေးဝန်ထမ်း၊ဥပဒေဝန်ထမ်းနဲ့ ရှေ့ နေတွေက အတတ်နိုင်ဆုံး မျှတမှုရှိအောင် ဆုံးဖြတ်ပေးကြတယ်။ တရားရေးဝန်ထမ်းပါတော့ တစ်ချို့   အမှုတွေကို တရားရုံးကိုလွှဲတာမျိုးတွေ  လုပ်ရပါတယ်။

♦ ဗိုလ်ချုပ်အောင်ဆန်း သမီး   ဒေါ်အောင်ဆန်းစုကြည်

ရန်ကုန်မှာ သြဂုတ်လ(၂၆) ရက်နေ့  မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံစေတီ အနောက်မုဒ်မှာ လူထုအစည်းအဝေးကြီးလုပ်ပြီး  မိန့်ခွန်းပြောပါတယ်။ လူခုနစ်သိန်းလောက် တက်တယ်လို့  ဘီဘီစီက ခန့်မှန်းပါတယ်။ ဘီဘီစီက  မိန့် ခွန်းကောက်နှုတ်ချက်ကလေးတွေ   ထည့်လွှင့်ပေးပါတယ်။

မိခင်ကြီး   မကျန်းမာလို့   ပြု စုရအောင်ပြန်လာစဉ်ကျောင်းသားတွေကို ဒလကြမ်း  သတ်ဖြတ်နေတာတွေ့ ရ  လို့  ဗိုလ်ချုပ် အောင်ဆန်းရဲ့   သမီးပီပီ ဒီမိုကရေစီအုံကြွမှုကြီးမှာ ဖြင့်   ပါဝင်ရမှာဘဲလို့  ဆုံးဖြတ်ပြီးပါ လာတာ ဖြစ်တယ်… ဆိုတာမျိုး..။သူဟာ ဗြိတိသျှ နိုင်ငံသားနဲ့လက်ထပ်ထားတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါနဲ့  ဘဲ ကိုယ့်တိုင်းပြည်ရဲ့   သေရေးရှင်ရေး ကိစ္စကြီးမှာ မပါရတော့ဘူးလား ..ဆိုတာမျိုး..။’ကျမ  နိုင်ငံခြားမှာအနေများလို့   မြန်မာပြည်ရဲ့ နိုင်ငံရေးကို မသိဘူး လို့..ပြောကြတဲ့သူများကို      ကျမဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ခင်ကြည်တို့ ရဲ့   သမီး ဖြစ်လို့   မြန်မာပြည်နိုင်ငံရေးမှာ ကျမတို့မိသားစု ဘယ်လောက်ထိခိုက်ခဲ့ရသလဲ။ ဒီလို..ကိုယ်တိုင်ခံစားထိခိုက်ခံခဲ့ရလို့  လည်း ပိုပြီး မြန်မာပြည် နိုင်ငံရေး ကို နားလည်နေတာပါဆိုတာမျိုးနဲ့..။

နောက်ဆုံးတော့ အခုလှုပ်ရှားမှုကြီးဟာ   ဒုတိယ အကြိမ်မြောက် လွတ်လပ်ရေးကြိုးပမ်းမှုကြီးပဲ..လို့  မှတ်ချက်ချလိုက် တာကတော့  လူထုကို  ဘဝင်ခိုက်လောက်ပါပေတယ်။

ဘီဘီစီကလည်း   တက်လာတဲ့လူထုကြီးရဲ့   တက်ကြွ မှုနဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီး ရဲ့ အသံကို ကြားလိုက်ရတဲ့ အခါဗိုလ်ချုပ်အောင်ဆန်းကို  မှီလိုက်တဲ့သူများက    ဗိုလ်ချုပ်အောင်ဆန်းကိုပြန်ပြောင်းသတိရတယ်။ ဗိုလ်ချုပ်သမီးဟာ ဗိုလ်ချုပ်သွေးပီသပါပေတယ်   ..လို့ပြောကြတာတွေကိုပါ ထည့်သွင်းဖော်ပြခဲ့ပါတယ်။  ဒီအစည်းအဝေးကြီးရဲ့ ဆုံးဖြတ်ချက် ကတော့-

            -ဆန္ဒခံယူပွဲမလိုအပ်တော့ဘူး

             တပါတီစနစ်ဖျက်ပစ်

             ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ပေး

             လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေး။

             ကြားဖြတ်အစိုးရဖွဲ့ စည်းပေး –

ဆိုတာတွေ ဖြစ်တယ်လို့   ဆိုပါတယ်။ ကြားဖြတ်အစိုးရ ဖွဲ့ စည်းပေးဆိုတဲ့တောင်းဆိုချက်ကတော့ တစ်ဆင့်မြင့်လာတဲ့ တောင်းဆိုချက်ပါ။

ကျန်ခဲ့တဲ့ လေးငါးဆယ်ရက်လောက်မှာဘဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားအောင်ဆန်းဦးရဲ့ မိန့်ခွန်း တိတ်ခွေ ဆိုပြီး ပေါင်းတည်က အာဇာနည်ကျောက်တိုင်မှာ ဖွင့်ပေးပါတယ်။ ဘယ်ကရတယ် တော့မသိပါဘူး။အောင်ဆန်းဦးက သူ မြန်မာ ပြည် ကို အမြန်ဆုံးပြန်လာပြီး သူ့ အဖေလိုဘဲ တိုင်းပြည်ကိုခေါင်းဆောင်မယ် ။မဆလ အစိုးရရဲ့ လုပ်ရပ် တွေဟာ သူ့ အဖေ  ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းစဉ်နဲ့  မကိုက်ညီဘူး။ သွေဖီနေတယ်ဆိုတာတွေ ပြောပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ရဲ့ သွေးရင်းမိုလို့ကြားရတဲ့   လူတွေကလည်း အားတက်ပါတယ်။ တကယ်တမ်း  လူထုရှေ့ ထွက်လာတော့ သူ့အမေ နေမကောင်းလို့  ပြုစုရအောင် ဗမာပြည်ပြန်ရောက်နေတဲ့   သမီးပါ ။ရွှေတိဂုံအနောက်ဖက်မုဒ်  အစည်းအဝေးရဲ့  အခမ်းအနားမှူးကို ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေက လုပ်ပါတယ်။ အစည်းအဝေးမှာ တက်ရောက်လာတဲ့ လူအချို့ ကို ဘီဘီစီက မိတ်ဆက် ပေးတယ်။ ဘားကောင်စီက ကမကထ   ပြုတယ်လို့ အရိပ်အမြွက်ပြောတယ်။ ဘားကောင်စီက လူသိုက်ဟာ ကျနော်တို့    ၁၉၅ဝ ခုနှစ်နဲ့  ၁၉၆၂ ခုနှစ်အကြား လှုပ်ရှားတက်ကြွ ခဲ့တဲ့ ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဖြစ်နေလို့    ကိုယ့်မြို့ ကနေအသံကြားနဲ့   အားရနေရပြန်ပါတယ်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts