2013 Transit အင်တာဗျူး

(လမ်းခုလတ် ၂၀၁၃) တောင်တွင်းကြီးက NLD လူငယ်၊ ကိုမိုးကြီးနဲ့ စကားလက်ဆုံ

(လမ်းခုလတ် ၂၀၁၃) တောင်တွင်းကြီးက NLD လူငယ်၊ ကိုမိုးကြီးနဲ့ စကားလက်ဆုံ

မိုးမခ၊ ဒီဇင်ဘာ ၂၂၊ ၂၀၁၃

 

နိုဝင်ဘာ ၁၉ က မင်္ဂလာတောင်ညွန့်မြို့နယ်၊ အင်န်အယ်ဒီပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ဒေါ်ဖြူဖြူသင်း)ရဲ့ ရုံးခန်းမှာ နယ်ကနေ ရန်ကုန်ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတဲ့ တောင်တွင်းကြီးမြို့နယ်က အင်န်အယ်ဒီပါတီက လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမိုးကြီးနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူရဲ့ လှုပ်ရှားမှုများနဲ့ အတွေ့အကြုံတို့ကို မေးမြန်းစုံစမ်းဖြစ်ခဲ့ပါတယ်။

 

တောင်တွင်းကြီးမြို့နယ်နဲ့ NLD ပါတီအကြောင်း ပြောပါဦး

 

ကျနော်တို့မြို့နယ်မှာ ကျေးရွာပေါင်း ၂၈၀ ရှိတယ်၊ ပါတီဝင် ၂ သောင်း၊ လူဦးရေအားဖြင့် ၃ သိန်း၊ မြို့နယ်က ပါတီရဲ့  အလုပ်အမှုဆောင်တွေအဖြစ်၂၁ ဦး ရွေးကောက်တင်မြှောက်ထားတယ်။ ကျနော်က ပြန်ကြားရေးတာဝန်ခံ။ ကျနော်တို့ဆီက တိုင်းကနေ လူ ၃ ဦး ရွေးချယ်ပြီးတော့ ရန်ကုန်မှာ စာကြည့်တိုက်ပညာသင်တန်း တက်ရောက်ဖို့ စေလွှတ်လိုက်လို့ ရန်ကုန်ကို ရောက်နေတာပါ။

 

မြို့နယ်အလုပ်အမှုဆောင်တွေထဲမှာ ဘယ်လိုလူမျိုးတွေပါသလဲ

 

၂၁ ဦးထဲမှာ လူငယ်တွေရော၊ လူကြီးတွေရော မျှပြီး ပါဝင်တယ်။ အသက် ၆၀ ကျော် ၂ ဦးပါတယ်။ ဆရာဝန် ၄ ဦးပါတယ်။ အသက် ၂၈ အရွယ်လည်းပါတယ်။ ကျနော်တို့ကတော့ ၃၀ ကျော်တွေပေါ့။

 

မြို့နယ်လှုပ်ရှားမှုတွေက လောလောဆယ် ဘာတွေရှိသလဲ

 

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ရှင်းလင်းပွဲလှုပ်ရှားမှုတွေ၊ ခရိုင်၊ တိုင်းအဆင့်အထိ ချိတ်ဆက်ပြီး လုပ်နေကြတယ်။ ခရိုင်အဆင့်မှာဆိုရင် မြို့နယ် ၆ မြို့နယ် ပါတယ်။ နောက်ပြီးတော့ လူငယ်ညီလာခံကျင်းပရေး လုပ်နေကြတယ်။ လူငယ်ခေါင်းဆောင်အသစ်တွေ တိုးလာဖို့၊ လူငယ်ပါတီဝင်တွေ ထပ်မံတိုးတက်လာဖို့၊ ပြီးတော့ လူငယ်ခေါင်းဆောင်တွေအဖြစ် ပြန်လည် အရွေးခံကြဖို့။ လူငယ်ညီလာခံမှာက အသက်ကန့်သတ်ချက်က ၃၅ နှစ်အောက် ဖြစ်သွားတယ်။

 

ဒါဆိုရင် အရင်က ပါတီညီလာခံကျင်းပခဲ့တယ်။ ရွေးကောက်ပွဲနဲ့ ပါတီခေါင်းဆောင်အဆင့်ဆင့်တွေ ရွေးချယ်ခဲ့တယ်။ အခုဟာက လူငယ်ညီလာခံနဲ့ လူငယ် ပါတီခေါင်းဆောင်တွေ ထပ်မံရွေးကောက်တာဆိုတော့ လက်ရှိရွေးကောက်ထားပြီးသား မြို့နယ်အလုပ်အမှုဆောင်တွေအနေနဲ့ ဘယ်လို ချိတ်ဆက်မှု ပတ်သက်မှု ရှိမှာလဲ။

 

အခုဟာက လူငယ်အလုပ်အမှုဆောင်အဖွဲ့ကို ထပ်ဖွဲ့ကြမှာ။ ပြီးတော့ အဲသည်က လူငယ်ခေါင်းဆောင် ၂ ဦး၊ ပထမတာဝန်ခံ၊ ဒုတိယတာဝန်ခံတွေက မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ထဲမှာ တိုးချဲ့ပြီး ပါဝင်လာကြမှာ။

 

ဒါဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရေး လှုပ်ရှားမှုတွေ မရှိဘူးလား

 

ခုချိန်မှာ ၂၀၀၈ ဖွဲ့စည်းပွဲပြင်ဆင်ရေး ရှင်းလင်းပွဲတွေ၊ လူငယ်ညီလာခံတွေ အဆင့်ဆင့် ကျင်းပနိုင်ရေး လုပ်ကိုင်နေကြတာတွေကို လုပ်နေကြပါတယ်။ ပြန်ကြားရေးအနေနဲ့ဆိုရင် မြို့နယ်လှုပ်ရှားမှုသတင်းတွေ လုပ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သိသင့် သိထိုက်တဲ့ အချက်အလက်တွေ နယ်တွေကို ပြန်ဖြန့်တယ်။ ပါတီစာစောင် (ဒီလှိုင်း)ကို ဖြန့်ချိတယ်။

 

မြို့နယ်အလိုက် ပါတီသတင်းလွှာတွေ ထုတ်တာမျိုး မရှိဘူးလား။

 

မရှိသေးဘူး။ ဒါပေမယ့် ဖေ့စ်ဘွတ်ကနေပြီး NLD တောင်တွင်းကြီးဆိုတဲ့ နံမယ်နဲ့ ဖြန့်ချိတာတွေ လုပ်ပါတယ်။

 

အင်တာနက်နဲ့ ပြန်ကြားရေးလုပ်တာက ဘယ်လိုအခြေအနေရှိသလဲ။

 

အင်တာနက်မသုံးတဲ့ဆီကိုတော့ မရောက်နိုင်ဘူးပေါ့။ အင်တာနက်သုံးတဲ့ လူငယ်တွေရော၊ လူကြီးတွေအပါအ၀င်အတွက် ဖေ့စ်ဘွတ်ကနေ သတင်းဖြန့်ချိရတာက လွယ်လွယ်ကူကူနဲ့ မြန်ဆန်တယ်လေ။ သူတို့ကနေ ထပ်ဆင့်သတင်းဖြန့်ချိရတာပေါ့။ မြို့နယ်သတင်းလွှာလိုမျိုးကတော့ မလွယ်သေးဘူး။

 

ကျေးရွာပေါင်း ၂၈၀ ရှိတယ်ဆိုတော့ သူတို့တွေဆီ သတင်းအချက်အလက်တွေ ရောက်ဖို့က စာစောင်တွေ ဖြန့်ချိနိုင်တာမျိုးက ပိုမလိုဘူးလား။

           

စာစောင်လိုမျိုး ပုံနှိပ်ဖြန့်ချိဖို့က ရန်ပုံငွေတောင့်မှလေ။ ကျနော်တို့တွေဆီမှာ မြို့နယ်အလိုက် ပါတီရန်ပုံငွေရရှိဖို့လည်း လှုပ်ရှားမှုတွေက လုပ်နေပါတယ်။

 

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ လက်ရှိအစိုးရက ၂၀၁၄အတွင်းမှာ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ သန်းကောင်စာရင်းကောက်ယူဖို့ ပြင်ဆင်နေတယ်။ လုပ်ကိုင်နေတယ်။ နိုင်ငံရေးပါတီတခုက မြို့နယ်ပြန်ကြားရေး တာဝန်ခံတဦးအနေနဲ့ အဲသည် သန်းကောင်စာရင်းကောက်ယူရေးကိစ္စကို ဘယ်လိုမြင်သလဲ၊ ဘယ်လိုသဘောထားသလဲ။

 

ကျနော်တဦးတည်းသဘောနဲ့ ပြောရရင် … ဒီသန်းကောင်စာရင်းကောက်တာကို အရေးကြီးတယ်လို့ ယူဆတယ်။ မှန်မှန်ကန်ကန် ကောက်နိုင်ဖို့လိုတယ်။ မဲပေးခွင့်ရှိသူတွေ ကျန်နေမရစ်ဖို့လိုတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ စာရင်းထဲမှာ မပါလို့ မဲပေးခွင့် မရတဲ့တာမျိုး ကြုံရတယ်။ မဲပေးနိုင်တဲ့သူတွေ ကန့်သတ်မခံရဖို့ လိုတယ်။ လူဦးရေစာရင်း တိတိကျကျ မှန်မှန်ကန်ကန် ထွက်လာဖို့လိုတယ်။ စိတ်ဝင်စားသူတိုင်းကလည်း ပတ်သက်ကြဖို့ လိုတယ် ထင်ပါတယ်။

 

သန်းကောင်စာရင်းကောက်တယ်ဆိုတာ တိုင်းပြည်တပြည်အတွက် မဲပေးနိုင်တဲ့ လူဦးရေတင်မဟုတ်ဘူးပေါ့လေ။ လူဦးရေ ဖြန့်ကျက်နေထိုင်မှု၊ လူထု လူတန်းစား၊ တိုင်းရင်းသား အမျိုးအစား၊ အရေအတွက်တွေ သိရှိနိုင်ဖို့၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေးတွေမှာ လူဦးရေ၊ လူမျိုး၊ ကျားမ၊ အသက်အရွယ်မရွေးအတွက် ကိုယ်စားပြုနိုင်တဲ့ အကျိုးရှိနိုင်တဲ့ လုပ်ကိုင် ပြင်ဆင်မှုတွေအတွက်ပါ ကိန်းဂဏန်းတွေ ရရှိဖို့ လိုတယ်လို့ ကျနော်တို့အနေနဲ့ မြင်တာပေါ့လေ။ သည်တော့ တောင်တွင်းကြီးမြို့နယ်မှာ သန်းကောင်စာရင်းကောက်လာရင် တိုင်းရင်းသား လူဦးရေတွေပါ ပေါ်ထွက်လာမယ်လို့ ထင်ပါသလား။

 

လက်ရှိ စနစ်အရ ရွေးကောက်ပွဲမှာ ကျနော်တို့ မြို့နယ်က ကိုယ်စားလှယ် ၄ ယောက် ရွေးမှာ။ ပြည်သူ့လွှတ်တော်မှာတော့ အားလုံးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်ခံရဖို့ များမယ် ထင်ပါတယ်။ တိုင်းဒေသကြီးလွှတ်တော်မှာဆိုရင်တော့ တိုင်းရင်းသားလူဦးရေတွေအတွက် သူတို့အခြေစိုက်တဲ့ ဒေသတွေကနေ ကိုယ်စားလှယ်တွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ မြို့နယ်က ကျေးရွာ ၂၈၀ မှာ ဆိုရင် ချင်းတိုင်းရင်းသားတွေ အများစု နေထိုင်ကြတဲ့ ကျေးရွာ ၆ ရွာလောက် ရှိတယ်။ ဘာသာရေးအရကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာန် ပြီးတော့ ဟိဒ္ဓူဆိုပြီး ရှိကြတယ်။ ချင်းတိုင်းရင်းသားရွာတွေမှာတော့ ခရစ်ယာန်တွေ များတယ်။ အဲသလို ဖြန့်ကျက်မှု ရှိပါတယ်။

 

ပါတီက တာဝန်ခံတယောက်အနေနဲ့ လှုပ်ရှားမှုတွေ စည်းရုံးရေးတွေ လုပ်ဆောင်တဲ့နေရာမှာ ကျေးလက်ဒေသတွေနဲ့ ပတ်သက်ပြီး ရင်ဆိုင်ရတာတွေ အခက်အခဲတွေ ဘာတွေရှိသလဲ။

 

နိုင်ငံရေးနိုးကြားမှုနဲ့ ဗဟုသုတပျံနှံ့ဖို့က ကျနော်တို့တွေကိုယ်တိုင် ဆင်းပြီး လှုပ်ရှားရတာပေါ့။ စာဖတ်အားနည်းတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ လူတချို့ကလည်း ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်ပြီး မဲဆွယ်ခံထားရတာမျိုးတွေ တွေ့ရတယ်။ ဟိုဟာပေးမယ်၊ ဒီဟာပေးမယ် ဆိုတာမျိုးတွေကို နားယောင်နေတာတွေ ရှိတယ်။ တိုင်းပြည်ကို တကယ်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲပေးနိုင်တာ၊ ပြည်သူတွေကို အမှန်တကယ်ကိုယ်စားပြုပြီး ဆောင်ရွက်ပေးနိုင်တာကို သမိုင်းကြောင်းနဲ့ ယှဉ်ပြီး ဖြတ်သန်းမှုနဲ့ ယှဉ်ပြီး စဉ်းစား ရွေးချယ်ဖို့က အဓိကအရေးကြီးတာပေါ့။ ကျနော်တို့ NLD ပါတီက ပါတီဝင်တွေ၊ ပါတီခေါင်းဆောင်တွေရဲ့ ဆောင်ရွက်နေတာတွေ၊ ရပ်တည်နေတာတွေကို လူတွေ သိရှိကြဖို့ပေါ့။ ကျနော်တို့တတွေ မဲအနိုင်ရမှာသာ ဒေသအတွက်ကော၊ တိုင်းပြည်အတွက်ပါ အမှန်တကယ်ကောင်းမွန်တဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။ ပြည်သူတွေက ၀ိုင်းဝန်းထောက်ခံမှု ပေးကြဖို့ကို ပြောဆို ရှင်းလင်းရတာပေါ့။

 

လက်ရှိ အခြေအနေမှာကော ဒေသတွင်းက ပြုပြင်ပြောင်းလဲမှုတွေအတွက် ဘာတွေ ကြိုးစား လုပ်ကိုင်နေတာတွေ ရှိသလဲ။

 

အဓိကကတော့ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး မြှင့်တင်နိုင်ဖို့ ဒေသခံတွေအတွက် လိုက်ပြီး အကူအညီပေး ဆောင်ရွက်ပေးနေတာပေါ့။ သူတို့အတွက် ရပ်တည်ပေးနေတာပေါ့။ ဟောပြောပွဲတွေ ရှိတယ်။ လယ်ယာမြေသိမ်းဆည်းခံထားရတဲ့ ကိစ္စတွေ လိုက်လံ ရှင်းလင်းတယ်။ လယ်ယာမြေဥပဒေကို ပြည်သူတွေ နားလည်အောင်၊ သူတို့ ဆုံးရှုံးနေတာတွေကို ပြန်လည် တောင်းဆို ရယူနိုင်အောင်၊ တရားသဖြင့် ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ပေါ့။ ပညာရှင်တွေက မြို့နယ်တွေကို ဆင်းလာတယ်။ သူတို့ဆီကနေ ကျနော်တို့က နားထောင်၊ သင်ယူတယ်။ ပြီးရင် ကျနော်တို့တွေက နယ်တွေကို ဆင်းပြီး လိုက်လံရှင်းလင်းမှုတွေ လုပ်ရတယ်။ ပြည်သူတွေကို အကူအညီပေးရတယ်။ လူ့အခွင့်အရေးအကြောင်းလည်း အသိပေးရတယ်၊ ဟောရတယ်။ ပြီးတော့ နယ်တွေမှာ မိမိလိုလားချက်တွေ၊ နစ်နာချက်တွေ စနစ်တကျ ထုတ်ဖော် ရေးသား တောင်းဆိုနိုင်ဖို့ ရုံးစာရေးသားနည်း၊ ပြောဆိုနည်းတွေကိုလည်း ပို့ချပေးရတာတွေ ရှိတယ်။ တိုင်းရင်းသားတွေရှိတဲ့ ရွာတွေမှာ အဲသလို အကူအညီတွေ လိုအပ်နေတာ တွေ့ရတယ်။ ပြီးတော့ သဘာဝဘေးအန္တရာယ်တို့ ကျန်းမာရေးတို့ အရေးပေါ်အခြေအနေကျရောက်လာရင် ကျရောက်လာတိုင်းမှာ ကွန်ယက်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဒေသခံတွေကို တိုက်ရိုက်အကူအညီပေးတာတွေ ကျနော်တို့ လုပ်ရတယ်။

 

စစ်တပ်က သိမ်းထားတဲ့ မြေတွေနဲ့ ပတ်သက်ပြီး ခုလို အပြင်ကနေ ဆောင်ရွက်နေရတာ ဘယ်လောက်ထိရောက်လို့လဲ။

 

အတိုင်းအတာတခုအထိတော့ ပြည်သူတွေ၊ တိုင်းရင်းသားဒေသတွေအတွက် အကျိုးရှိတယ်။ သက်ဆိုင်ရာကို အကြောင်းကြားတယ်၊ တိုင်ကြားတာတွေ လုပ်နိုင်တယ်။ မှတ်တမ်းမှတ်ရာ ဖော်ထုတ်တယ်။ ဥပဒေအရ တင်ပြတယ်။ အဲသည်မှာ အကုန်လုံး မအောင်မြင်ပေမယ့် အတိုင်းအတာတခုအထိတော့ တန့်သွားတာမျိုး ရှိတယ်။ ဟန့်တားလို့ရတာမျိုး ဖြစ်လာတယ်။  ကျနော်တို့ဆီမှာ ဆရာဝန်တွေအပြင် ရှေ့နေတွေ ရှိတယ်။ စက်မှု လက်မှု ကျွမ်းကျင်သူတွေလည်း ရှိတယ်။ အလွှာအစုံက အသိပညာ၊ အတတ်ပညာတွေက ပြည်သူတွေအတွက် အများကြီး ဆောင်ရွက်ပေးနိုင်ပါတယ်။

 

မြို့နယ်ပါတီဌာနတခုအနေနဲ့ မိခင်ဗဟိုပါတီဌာနချုပ်တို့၊ အခြားမြို့နယ်တွေနဲ့ ဘယ်လောက်ထိ ချိတ်ဆက်ပြီးတော့ ဟန်ချက်ညီညီ လှုပ်ရှားနိုင်တယ်လို့ ထင်သလဲ။

 

ကျနော်တို့က ရှေ့ကိုအများကြီး ကြိုတင်ပြင်ဆင်မှုတွေ ကြိုးစားပြီးလုပ်ပါတယ်။ ဥပမာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုကို ဗဟိုက အသေးစိတ်ညွှန်ကြားချက် မထွက်လာခင်မှာပဲ ကျနော်တို့အနေနဲ့က လူထုဆန္ဒခံယူပွဲတွေ သဘောထားကောက်ယူတာတွေကို ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာမျိုး ဆွေးနွေးတာမျိုး၊ ပြင်ဆင်တာမျိုး လုပ်ခဲ့တယ်။ ဖွဲ့စည်းပုံအကြောင်း ဟောပြောပွဲတွေလုပ်နိုင်အောင် ကြိုတင်ပြင်ဆင်တယ်။ လှုပ်ရှားမှုစလာတဲ့အခါမှာ ဟောပြောပွဲတွေ အစောဆုံး လုပ်နိုင်ခဲ့တယ်။ အဓိက အရေးကြီးဆုံးကတော့ နယ်တွေမှာ အလုပ်လုပ်မယ့် အင်အားတွေ ရှိတယ်။ လုပ်စရာ အလုပ်တွေ အများကြီးပဲ။ သည်တော့ ကျနော်တို့က အလုပ်လုပ်ဖို့ပါပဲ။ အလုပ်လုပ်တဲ့ အခါကျတော့ ကိုယ့်ဖာသာကိုယ် စိုက်ထုတ်ပြီး လုပ်ရတာများပါတယ်။ နယ်တွေ ဆင်းတဲ့အခါ ကျနော်တို့ပါတီဝင်တွေက ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် ဆင်းရတာပေါ့။ ဆီဖိုးတွေ ဘာတွေတော့ လိုတာပေါ့။ စာရွက်စာတမ်းတွေ ရိုက်ဖို့ ဝေဖို့ကျတော့ စိုက်နိုင်သလောက်လည်း စိုက်ရတာပေါ့။ ၀ိုင်းပြီး ပံ့ပိုးမှုတွေလည်း လိုအပ်တာပေါ့။

 

အခုနိုင်ငံရေးလှုပ်ရှားမှုထဲမှာ ဘယ်အချိန်ကတည်းက စိတ်ဝင်စားပြီး ပါဝင်လာတာလဲ။ ရှေ့ကိုကော ဘယ်လိုမျိုး ရင်ဆိုင်သွားမယ်လို့ စဉ်းစားထားသလဲ။ လောလောဆယ် ၂၀၁၃ ခုနှစ်ဟာ လမ်းခုလတ်တခုမှာ ဆိုရင်ပေါ့လေ။

 

ကျနော်က ၂၀၀၇ သံဃာ့အရေးတော်ပုံနောက်ပိုင်း ပိုပြီးစိတ်ဝင်စားပြီး ပါဝင်လာတယ်။ တိုင်းပြည်ကောင်းစားစေချင်တယ်။ ကျနော်တို့ နယ်တွေမှာ ပိုပြီး အခြေအနေတွေ ဆိုးတယ်။ စာမသင်နိုင်ဘူး၊ ဆေးမကုနိုင်ဘူး။ တချို့ရောဂါတွေဆိုရင် တော်ရုံတန်ရုံ ကုလို့ ပျောက်နိုင်တယ်။ ဒါတောင် မကုနိုင်ဘူး။ ပညာလည်း မတတ်တော့ အသိဥာဏ်ဗဟုသုတ အားနည်းတယ်။ ပျက်စီးဖို့ ပိုများတယ်။ လူဖြစ်ရှုံးနေကြရတာပေါ့။ ကျနော်တို့ တိုင်းပြည်ကို ကောင်းစားစေချင်တယ်။ ကျနော်တို့ ဒေသကို တိုးတက် ထွန်းကားစေချင်တယ်။ ဒါ ကျနော်တို့ ဆန္ဒပဲ။ ဒါပေမယ့် စိန်ခေါ်ချက်တွေက ရှိနေမှာပဲ။ ကျနော်တို့ တိုင်းပြည်ဟာ နှစ်ပေါင်းရာချီပြီး ဖိနှိပ်ခံထားရတော့ ပြဿနာတွေက အများကြီးရှိတာပေါ့။ ခုလို နှစ်တိုတိုလေးနဲ့ မဖြေရှင်းနိုင်ဘူး။ ဥပမာ – အမေရိကန်က အာဖဂန်ကို ၀င်သိမ်းတယ်။ အခု ၁၀ နှစ်ကြာတော့ ပြန်ထွက်မယ်ဆိုတော့ လွယ်လွယ်နဲ့ မထွက်နိုင်ဘူး။ တိုင်းပြည်ကို သိမ်းတာ လွယ်တယ်လို့ ပြောမယ်။ ဒါပေမယ့် တိုင်းပြည်ကို လွယ်လွယ်နဲ့ ပြန်လည် မတည်ဆောက်နိုင်ဘူး။ ပြန် မထူထောင်နိုင်ကြဘူး။

ခုချိန်မှာ ကျနော်တို့ မြန်မာပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို ကျနော်တို့ သွားနေတယ် ဆိုပေမယ့် ဖြေးဖြေးချင်းသွားနေရသလို ဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့က တောင်းစရာ ရှိတာ တောင်းနေရမှာပဲ။ ပြောစရာရှိတာတွေ ပြောနေရမှာပဲ။ ခုချိန်မှာ ကျနော်တို့ ခေါင်းဆောင်တွေကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့က စပြီး ရ အောင် လုပ်နေကြပြီ။ ခေါင်းဆောင်တွေသာမက ကျနော်တို့ နောက်လိုက်တွေကလည်း ညီညီညွတ်ညွတ်နဲ့ ရအောင် လုပ်ကြရမှာပဲ။ နောက်ကို ပြန်လန်ကျဖို့ မရှိပါဘူး။ ကျနော်တို့ ၀ိုင်းဝန်းပြီး လုပ်ကြဖို့ပဲ ရှိပါတယ်။  ဆက်လုပ်နေကြရမှာပဲလို့ မြင်ပါတယ်။

 

ကျေးဇူးတင်ပါတယ်ခင်ဗျား။     ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts