ကကြိုးရှုပ်တဲ့ ရုပ်သေးရုပ်အသွင် (Ashin Dhamma Piya)

ကကြိုးရှုပ်တဲ့ ရုပ်သေးရုပ်အသွင်

ဒေါက်တာဓမ္မပိယ၊ ဧပြီ ၄၊ ၂၀၁၃

            ယခုတလော မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးတွေနှင့် ရှုပ်ထွေးနေတဲ့ အခြေအနေ များကို စဉ်းစားမိရင်း … ။ အမှတ်မထင် ဇာတ်ခုံပေါ်မှာ ကကြိုးရှုပ်နေတဲ့ ရုပ်သေးရုပ်လေးများကို မြင်ရောင်လာမိတယ်။ ရုပ်သေးရုပ်လေးများဟာ ကကြိုးမရှုပ်တဲ့အခါမျိုးမှာဆိုရင် မင်သားရုပ်က မင်းသားလေး လို လှလှပပ မြူးမြူးကြွကြွလေးနဲ့ ကနိုင်သလို၊ မင်းသမီးရုပ်လေးကလဲ မင်းသမီးလေးလို နွဲ့နွဲ့ နှောင်းနှောင်း သွယ်သွယ်ပြောင်းပြောင်းနဲ့ ချစ်ဖို့ကောင်းတဲ့ ကကြိုးမျိုးနှင့် ကနိုင်တာကို တွေ့ရတယ်။ ကဟန်က မာန်ပါ နေတော့ တကယ့်မင်းသားလေးတွေ၊ တကယ်မင်းသမီးလေးတွေ ကနေတာကို ကြည့်ရသလိုပဲ ခံစားမိတယ်။ သို့သော် အဲဒီရုပ်သေးရုပ်လေးများ ကကြိုးရှုပ်လာပြီဆိုရင်တော့ … ။

            ဒီလိုပါပဲ။ လူ့ဘ၀ဆိုတာ ဇာတ်ခုံပေါ်မှာရှိတဲ့ ရှုပ်သေးရုပ်လေးတွေလို ကကြိုးမရှုပ်တဲ့အခါမျိုးမှာ အချင်း ချင်း ချင်ချစ်ခင်ခင် ညီညီညွတ်ညွတ်နဲ့ ပျော်ဖို့ကောင်းသလို၊ တိုင်းပြည်ဟာလည်း တည်ငြိမ် အေးချမ်းနေခြင်း ပါ။ ဒါတွင်မကပဲ ပြည်တွင်းမှာနေကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေဟာ တစ်ဦးပေါ်တစ်ဦး ဗြဟ္မစိုရ် တရားတွေနှင့် လွှမ်းခြုံထားကြတော့ ဘ၀တွေဟာ လုံခြုံနေတယ်။ အေးချမ်းနေတယ်။ တည်ငြိမ်နေတယ်လို့ ဆိုရမှာ။ သို့သော် လူထဲက လူတွေဟာ လူမှုဘ၀ထဲမှာ သွားရင်း၊ လာရင်း၊ လှုပ်ရှားရုန်းကန်ရင်းနဲ့ လူမျိုးရေးကို အခြေခံလို့ပဲဖြစ်စေ၊ ဘာသာရေးကိုအခြေခံလို့ပဲဖြစ်စေ၊ ဖြစ်ပေါ်လာတဲ့ မာနတရားတွေ၊ အတ္တနှင့် ယှဉ်ထားတဲ့ အရှုပ်ထွေးတွေ၊ လူမျိုးရေးနှင့် ဘာသာရေးကြောင့်ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေနှင့် တစ်စတစ်စ လူနေမှုဘ၀ တွေဟာ အရှုပ်ထွေးတွေဖြစ်လာတယ်။ ဒီအခါမှာ ဒီလူနေမှုဘ၀တွေဟာ ပိုမိုရှုပ်ထွေးလာပြီ ဆိုရင်တော့ … ။

            ဒီလိုရှုပ်ထွေးတဲ့ လူ့ဘ၀ဇာတ်လမ်းကို ဘယ်အချိန်က စခဲ့သလဲလို့ မေးလာခဲ့ရင် … ။ လူရယ်လို့ ဖြစ်လာတဲ့အချိန်ကကစပြီး စခဲ့တယ်လို့ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုရင် ထိုအချိန်ကစပြီး လူသားတစ် ယောက်ရဲ့ ဘ၀မှာ လောကအနှောင်အဖွဲ့ဆိုတာတွေဟာ စတင်ဖြစ်ပေါ်လာလို့ပါ။ ဘ၀တစ်ခုကို ရလာရင် အမေဆိုတာ ရှိလာတယ်။ အဖေဆိုတာ ရှိလာတယ်။ သူဆိုတာရှိလာတယ်။ ငါဆိုတာရှိ လာတယ်။ ယဉ်ကျေးမှု ဆိုတာ ရှိလာတယ်။ ဓလေ့ထုံးစံဆိုတာ ရှိလာတယ်။ အဲဒါတွေအပြင် ဘာသာတရားဆိုတာဟာလည်း ရှင်သန်မွေးဖွားလာတယ်။ နောက်ပြီး လူသားတစ်ယောက် လျှောက်လှမ်းရမဲ့ ဘ၀လမ်းကြောင်းတွေဟာလည်း အစိတ်စိတ်အမွှာအမွှာ ဖြာထွက်လာတယ်။ အဲဒီအချိန်ကစပြီး လူတွေဟာ ဘ၀ခရီးလမ်းပေါ်မှာပဲ ငိုတခါ၊ ရီတလှဲ့နဲ့ အချိန်တွေကို ကုန်လွန်စေခဲ့ကြတယ်။ ဘ၀ဆိုတာ ဒီလိုပါပဲလေလို့ သံဝေဂစိတ်နှင့် နှလုံးသွင်းဆင်ခြင် နိုင်ရင်တော့ ဘ၀ထဲမှာ နေရတာ နေသာ၊ ထိုင်သာ ရှိပေမဲ့ မမျှော်လင့်တဲ့ လောကဓံမုန်းတိုင်းတွေနဲ့ ကြုံလာ၊ ဆုံလာပြီဆိုရင်တော့ လူတွေဟာ … ။

            လူဆိုတဲ့လူတွေဟာ မိမိဆန္ဒတွေ ပြည့်ဝဖို့အတွက် ပေးဆပ်ခြင်းတွေ၊ ရယူခြင်းတွေနဲ့ ဘ၀ကို အရင်း အနှီးပြုကြရတယ်။ ဒါပေမဲ့ ရှည်လျားလှတဲ့ ဘ၀ခရီးတစ်ခုကို အတူသွားကြရတဲ့အခါ … ။ တစ်ဦးက တစ်ဦး အပေါ်မှာ ကျေနပ်စရာတွေ၊ နှစ်သက်စရာတွေနဲ့ ပြုံးလို့၊ ရွှင်လို့၊ ပြီးတော့ မိုးမမြင် လေမမြင် အဖြစ်မျိုးထိ ဖြစ်ခဲ့ကြတာပါ။

            တစ်ယောက်က တစ်ယောက်အပေါ်မှာ နှစ်လိုဖွယ်ရာတွေ ကုန်ခမ်းလို့ အမုန်းဆိုတဲ့ လမ်းပေါ်မှာ လျှောက်လှမ်းခဲ့ကြပြီဆိုရင်တော့ အသိတရားတွေကင်းလာပြီး၊ ကတိသစ္စာတရားတွေဆိုတာ ဘယ်မှာလာပြီး ရှိနိုင်တော့မှာလဲ။ လူ့တွေရဲ့ဘ၀မှာ စိတ်ဝင်စားဖွယ်ကောင်းတာက – အသိတရားတွေ များပါတယ်ဆိုတဲ့ လူတွေ ဟာ အသိတရားတွေ နည်းပါးလှပါတယ်ဆိုတဲ့ တိရစ္ဆာန်တွေထက် ပြဿနာတွေက ပိုမိုရှုပ်ထွေးနေတာကို တွေ့ရတယ်။ ဒီလိုအရှုပ်ထွေးတွေ ရှိနေလို့ လူတွေရဲ့ အမူအယာကို ဆိုဆီယိုလိုဂျီ (Sociology) ရှုထောင့်ကနေ သုံးသပ်ကြည့်သူတွေလည်း ရှိလာတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဆိုဆီယိုလိုဂျီ ပညာရပ်ဆိုတာ လူမျိုးစုများ၊ ထိုလူမျိုးစု၏အမူအယာများ၊ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်များ၊ ပေါင်းစုဖွဲ့စည်း တည်ထောင်ထားတဲ့ လူ့အဖွဲ့အစည်းများကို သိပ္ပံရှုထောင့်ကနေ လေ့လာတဲ့ ပညာရပ်မျိုးကို ဆိုဆီယိုလိုဂျီလို့ ခေါ်တယ်။ (Sociology is the scientific study of human society[1] and its origins, development, organizations, and institutions.)

            လူတွေဟာ ပင်ကိုယ်အားဖြင့် အချင်းချင်းအပေါ်မှာ သဘောထားကြီးနိုင်ကြတယ်။ သို့သော်  တစ်စုံ တစ်ယောက်သောသူကို တစ်စုံတစ်ခုသောအကြောင်းကြောင့် ချစ်ခင်လာမိပြီဆိုရင်တော့ ထိုချစ်ခင်နေမိတဲ့သူ (သူများ)ကို အခြားသူတွေနှင့် ရောရောထွေးထွေး မနေစေချင်တော့တာ၊ မဆက်ဆံစေခြင်းတော့တာကြောင့် ကန့်သတ်ချုပ်ချယ်မှုတွေဆိုတာ ဖြစ်မှန်းမသိ ဖြစ်လာတယ်။ အချစ်ဆိုတာ ရယူခြင်းဆိုတဲ့ သီအိုရီဟာ ဒီနေရာမှာ သူအတွက် အဓိပ္ပါယ်ရှိနေခြင်းပါ။ လူတွေဟာ မေတ္တာစစ်နှင့် မေတ္တာတု ဤနှစ်ခုအကြား မသဲကွဲခဲ့ကြလို့ “မေတ္တာဆိုတာ ရယူခြင်း၊ (သို့မဟုတ်) ခွင့်လွတ်ခြင်း”ဆိုတဲ့ အဆိုနှစ်ရပ်အပေါ်မှာ ငြင်းခုံမှုတွေ ပြုနေကြခြင်းပါ။ တကယ်တော့ တစ်ဦးတစ်ယောက်အပေါ်မှာ ဗြဟ္မစိုရ်မေတ္တာမျိုးကို မထားနိုင်သေးသမျှကာလ ပတ်လုံး “မေတ္တာဆိုတာ ခွင့်လွတ်ခြင်း”ဆိုတဲ့ သီအိုရီကို လက်ခံနိုင်ကြဦးမည်မဟုတ်ပါ။ မေတ္တာစစ်က အချိန်တိုင်းမှာ အေးမြတယ်၊ မေတ္တာတုက အချိန်တိုင်းမှာ ပူလောင်တယ်။ ဒီစံနှစ်ခုကို အခြေခံပြီး မေတ္တာ သဘောကို နားလည်းနိုင်ကြဖို့ပါ။

            ဒါကြောင့် တစ်စုံတစ်ယောက်သောသူအပေါ်မှာ တစ်စုံတစ်ခုသောအကြောင်းကြောင့် မုန်းတီးစိတ်တွေ ၀င်လာမိပြီဆိုရင် အဲဒီ အမုန်းတရားတွေဟာ အဲဒီမုန်းတီးနေတဲ့သူကို ဒုက္ခရောက်စေချင်တာ၊ ဒီလောကကြီး ထဲမှာ ဆက်လက်မမြင်ချင်တော့တာ ဒီသဘောတရားတွေ ဖြစ်လာတယ်။ ဒီအခါမျိုးမှာ ထိုသူကို (သို့မဟုတ်) ထိုသူပိုင်ဆို်င်ထားတဲ့ပစ္စည်းတွေကို ဖျက်ဆီးပစ်ချင်တဲ့ စိတ်ရိုင်းတွေဟာ ဒီလှိုင်းလုံးကြီးတွေလို တလိမ့်လိမ့်နဲ့ လှိမ့်တက်လာတော့တယ်။ ဒီနောက်တော့ အချင်းချင်းအပေါ်မှာ ပြဿနာရှုထောင့်ကနေပဲကြည့်ပြီး ပြဿနာ တွေကို မဖြစ်ဖြစ်အောင် ဖန်းတီးလာတော့တယ်။  ဒါဟာ လူ့ဘ၀ရဲ့ ပုံရိပ်တွေပဲလို့ ဆိုရမှာပါ။

            နိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ်၊ ဘာသာရေးကြောင့်ပဲဖြစ်ဖြစ်၊ မိသားစုပြဿနာကြောင့်ပဲဖြစ်ဖြစ်  စိတ်သ ဘောထားချင်း မတိုက်ဆိုင်တဲ့အခါမျိုးတွေမှာ ချစ်စိတ်ကနေ မုန်းစိတ်အသွင်ကို ပြောင်းလဲပစ်မိတတ်ကြတယ်။ မုန်းစိတ်ကြောင့် ချစ်သူကိုပင် မုန်းမိတတ်ကြတယ်။ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း နာကျည်းစိတ်တွေနှင့် အတူ ဖျက်ဆီးပစ်ချင်လာတယ်။ အာဃာတတရားကြောင့် အကြမ်းဖက်ဝါဒကျင့်သုံးမိလာတယ်။ အကြမ်း ဖက်ဝါဒမျိုးဆိုတာ အဓိပ္ပါယ်မဲ့တဲ့ လုပ်ရပ်တွေကို ပြုလုပ်နေခြင်းဖြစ်လို့ ထိုအကြမ်းဖက်မှုတွေကို တစိုက်မတ်မတ် ကျူးလွန်နေသူတို့ရဲ့ဘ၀ဟာလည်း အဓိပ္ပါယ်မဲ့တဲ့ဘ၀ထဲကို အလိုလိုပင် ရောက်ရှိသွားကြခြင်းပါ။   

            ဘ၀ရဲ့တန်းဖိုးကို မြှင့်တင်လိုကြတဲ့လူတွေဟာ ဘ၀ရဲ့အဓိပ္ပါယ်ကို ရှာကြရတယ်။ ထိုအခါမျိုးမှာ ဘာသာ တရားကို လမ်းပြထားပြီး ရှာဖွေကြတဲ့သူတွေရှိသလို၊ လူ့အခွင့်အရေးကို စံထားပြီး ဘ၀အဓိပ္ပါယ်ကို ရှာကြသူ တွေလည်း ရှိနေခြင်းပါ။ ဘာသာတရားဆိုတာ ငြိမ်းချမ်းရေးရဲ့ မီးရှူးတန်ဆောင်လို့ လူအများက လက်ခံထားသ လို၊ လူ့အခွင့်အရေးဆိုတာဟာလည်း မျှတဲ့ခြင်းရဲ့ အလင်းရောင်လို့ သတ်မှတ်ပြောဆိုထားကြတယ်။ သို့သော် ဘာသာဝါဒတိုင်း ငြိမ်းချမ်းရေးအသွင်ကို ဆောင်နိုင်သလားဆိုတဲ့ အမေးမျိုးကိုတော့  ယခုအချိန်အထိ မေးနေ ကြဆဲပါ။

            လူ့တွေနေတဲ့ လူ့တွေရဲ့ အသိုင်းအ၀ိုင်းထဲမှာ ဘာသာမတူသူတွေ ပေါင်းစည်းပြီး အတူနေလာကြတဲ့ အခါ သတိထားစရာအချက်တစ်ခုကို မမေ့ကြဖို့ပါ။ ဘာသာတရားကြောင့်ပဲဖြစ်ဖြစ်၊ အသိတရားများနည်းပါးမှု ကြောင့်ပဲဖြစ်ဖြစ် အချင်းချင်းအပေါ်မှာ နားလည်းမှုတွေ၊ လေးစားမှုတွေ တစ်စတစ်စ နည်းပါးလာတတ်ကြ တယ်။ အဖြောင့်ပြောတဲ့ စစ်မှန်တဲ့မေတ္တာစွမ်းရည်တွေဟာ တစ်စတစ်စ နည်းပါလာတတ်ကြတယ်။ ဒါကြောင့် စောင့်ရှောက် လိုတဲ့စိတ်ဟာ ဖျက်ဆီးချင်တဲ့စိတ်အသွင်ကို ပြောင်းသွားတတ်တယ်။ ဒီအချက်ဟာ ၀မ်းနည်းစရာ ကောင်းတဲ့ အချက်တစ်ချက်ဖြစ်တယ်။ အမြင်မကြည်လင်မှုတွေ၊ မုန်းတီးမှုတွေဆိုတာ ငြိမ်းချမ်းတဲ့ လူ့အသိုင်း အ၀ိုင်းကို ဖျက်ဆီးပစ်နိုင်တဲ့ အဆိပ်အတောက်တွေဆိုတာ လူသားတွေ သတိမမူနိုင်ကြတော့ခြင်းပါ။

            မုန်းတီးတဲ့စိတ်ထဲမှာ အဆိပ်အတောက်တွေ ပါဝင်နေတာကို သိနိုင်ဖို့ဆိုတာ သတိတရားရှိသူမျိုးမှ ဖြစ်နိုင်တာ။ အဆိပ်ဆိုတာ သောက်မိတဲ့သူကိုလည်း ဖျက်ဆီးပစ်တယ်။ အဆိပ်သောက်သူရဲ့ ၀န်းကျင်ကိုလည်း ဆင်းရဲဒုက္ခတွေကို ဖြစ်စေတယ်။ ဒီလိုပါပဲ လူတွေမှာ အဆိပ်နှင့်တူတဲ့ မုန်းတီးစိတ်တွေ ဖြစ်လာပြီဆိုရင်တော့ အချင်းချင်း ခုတ်မယ်၊ ထစ်မယ်၊ လွှာမယ်၊ လှီးမယ်။ သတ်မယ်၊ ဖြတ်မယ်။ အခွင့်အခါသင့်ခဲ့ရင် သူတို့ပိုင်ဆိုင် ထားတဲ့ပစ္စည်းတွေကိုပါ ဖျက်ဆီးပစ်မယ်၊ မီးရှို့ပစ်မယ်။ ဖြစ်နိုင်မယ်ဆိုရင် ထိုသူနေတဲ့ရွာကို (မြို့ကို) မီးဟုန်း ဟုန်းတောက်စေမယ်။ ဒါမျိုးတွေပါ။ ဒါဟာ မုန်းတီးမှုလို့ခေါ်တဲ့ အဆိပ်သင့်နေသူတွေ ပြုမူတဲ့ အမူအကျင့် တွေဆိုတာကို အသိတရားရှိထားသူများမှ မြင်နိုင်တယ်အချက်ပါ။ ဒီသဘောသဘာဝတွေကို ကြည့်ပြီး ဘာသာ တရားကို မယုံကြည်သူ (ဘာသာမဲ့သူ) များက ဒီလို အစွန်းရောက်ပြစ်မှုတွေကို ကျူးလွန်နေ ကြခြင်းဟာ ဘာသာတရားကြောင့် ဖြစ်ရတာပါလို့ စွပ်စွဲပြောဆိုလာကြတယ်။ ဘာသာတရားရှိသူတိုင်း သတိမူစရာပါ။  

            တကယ်တော့ ဒါတွေဟာ ဘာသာတရားကြောင့် ဖြစ်ရတာမဟုတ်ပါ။ အဲဒီအချိန်မှာ အဲဒီလူတွေရဲ့ စိတ်ဓာတ်တွေဟာ အသိတရားများမဲ့နေခြင်း၊ တွေဝေနေခြင်း၊ အတ္တမာနအဆိပ်တွေ တက်နေခြင်း၊ ဆင်ခြင်တုံ မျှော်မြင်တုံတရားများ ဆိတ်သုဉ်းနေခြင်းစတဲ့ ဒီအကြောင်းတွေက ဘာသာတရားကို အမဲစက်တွေ ထင်စေခဲ့ ခြင်းပါ။ ဒီပုံဒီနည်းဖြင့် ဖြစ်စဉ်နဲ့ဖြစ်ရပ်ကို သဲကွဲစွာ မမြင်နိုင်သေးသမျှကာလပတ်လုံး မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူမှုအဖွဲ့အစည်းများဟာ “မီးခိုးမဆုံး၊ မိုးမဆုံး” ဆိုတာမျိုးလို ဖြစ်မြဲဖြစ်နေအုံးမှာပါ။ စဉ်းစားနိုင်ကြဖို့ပါ။

            မီးခိုးဆိုတာ အိုးအိမ်တိုက်တာနှင့် အဆောက်အဦးများကို တိုက်ရိုက်မလောင်ကျွမ်းနိုင်ပေမဲ့ လောင်နိုင်ဖို့ အကြောင်းတရားတွေ ပါဝင်နေခြင်းပါ။ တို့များနေတဲ့အိမ်ဟာ တိုက်အိမ်ဖြစ်လို့ မီးမလောင်နိုင်ပါဘူးရယ်လို့ အထင်မရောက်စေလိုပါ။ ဘာကြောင့်လဲဆိုရင် မီးခိုးရဲ့သတ္တိဟာ တိုက်အိမ်တွင်းမှာ နေသူကိုလည်း မွန်းကြပ် စေပြီး၊ မီးခိုးကို ကြာရှည်စွာ ရှူရှိုက်နေရပါက သေစေနိုင်လို့ပါ။  ဆိုလိုတာက မီးခိုးမှာလည်း အဆိပ်တွေ ပါဝင်နေခြင်းပါ။

            ဒီတော့ မြန်မာနိုင်ငံတွင်းမှာ နေထိုင်နေကြသူများဟာ ဘာသာတရားကို ညစ်ထေးစေနိုင်တဲ့ ဒေါသမီး၊ အာဃာတ မီးခိုးများကို စုပေါင်းပြီး စနစ်တကျ ကာကွယ်တားဆီးနိုင်ရန် ဘာသာပေါင်းစုံမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်များကို ဆီမီနာများပြုလုပ်ပေးသင့်ခြင်းပါ။ ထိုဘာသာရေးခေါင်းဆောင်များသည် သဘောထား ကြီးကြီး၊ အမျှော်အမြင်ကျယ်ကျယ်ဖြင့် ဘာသာဝင်အားလုံးအတွက် အကျုံးဝင်နိုင်သော ဖြစ်နိုင်ခြေရှိသော ဖက်က်စ် (Facts) အကြောင်း အချက်အလက်များကို ဆွေးနွေးညှိနှိုင်းနိုင်ကြဖို့်ပါ။

            အရေးကြီးသည်မှာ – ထိုသို့ဆွေးနွေးရာ၌ ဘာသာပေါင်းစုံ ပါဝင်နေ၍ ဘာသာတရားတစ်ခု၏မူကို စံမထားပဲ တည်ဆဲဥပဒေ၏မူကို စံထား၍ ညှိနှိုင်းဆွေးနွေးနိုင်ကြဖို့ပါ။ ထိုသို့အတူပူပေါင်း၍ ဆောင်ရွက်ခြင်းဖြင့် တန်းဖိုးရှိလှသော ဘာသာတရားနှင့် ဘာသာယဉ်ကျေးမှုများသာမက တန်ဖိုးကြီးလှသော ခြံမြေယာမြေကအစ အသက်အိုးအိမ် တိုက်တာစည်းစိမ်များကိုပါ ကာကွယ်စောင့်ရှောက်နိုင်ကြမည်ဖြစ်ကြောင်း မေတ္တာဖြင့် ရေးသား တင်ပြခြင်းပါ။ (ဆွေးနွေးလိုသူများ ဆွေးနွေးနိုင်ကြဖို့ပါ) ဘာသာတရား၏တရားဓမ္မများသည် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်နေတာမျိုးတော့ မဟုတ်လှသော်လည်း ဘာသာမဲ့သောတိုင်းပြည်သည် လူသားတို့၏ ငြိမ်းချမ်း ရေးကို အလျှင်အမြန် ပျက်စီးစေနိုင်ကြောင်း သမိုင်းခြေရာများရှိနေခြင်းပါ။ ထိုကြောင့် နိုင်ငံတိုင်း၌ ဘာသာ တရားဆိုသည်မှာ ရှိနေကြသည်သာဖြစ်၏။

            မြန်မာနိုင်ငံတွင်း၌နေထိုင်ကြသော လူမျိုးများသည် ဘာသာတရားကြောင့် လူမျိုးရေးပြဿနာမျိုးကို မဖြစ်စေသင့်ပါ။ မဖန်တီးသင့်ပါ။ ဘာသာတရားကြောင့် ဖြစ်ပေါ်လာသော ပြဿနာမျိုးသည် ရုပ်သေးရုပ်၌ ကကြိုးရှုပ်နေသည်နှင့် တူလှသောကြောင့် ပြဿနာဖန်တီးသူများကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက် အတိုင်း တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သင့်ခြင်းပါ။ ဘာသာတရားအမြတ်ထုတ်လိုမှုကြောင့် အကြမ်းဖက်ဝါဒကို ဖြစ်စေရန် (သို့မဟုတ်) လှုံ့ဆော်ရန် ထောက်ပံ့လာသော နိုင်ငံခြားအထောက်အပံ့များကို တရားဥပဒေနှင့်အညီ တားဆီးပိတ်ပင်ရန် လိုအပ်လာခြင်းပါ။ မြန်မာနိုင်ငံတွင်း၌ မွေးဖွားကြသော တိုင်းရင်း သားများအားလုံးသည် ဘာသာတရားကြောင့်လည်းကောင်း၊ အမျိုးသားရေးကြောင့်လည်းကောင်း စိတ်ဝမ်းများ မကွဲကြပဲ ကိုယ်နှစ်သက်ရာ ဘာသာကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိပြီး၊ ကြိုက်နှစ်သက်ရာ ဘာသာတရားကို ကိုယ်တိုင်ယုံကြည်ကိုးကွယ်နိုင်တဲ့အခွင့်အရေး (Freedom of religion) လူတိုင်းမှာ ရှိနေခြင်းပါ။ သို့သော် ဒီမိုကရေစီကျင့်ထုံးအရ ဘာသာရေးလွတ်လတ်ခွင့်ကို အကြောင်းပြပြီး ကိုယ်တိုင်က လူ့အခွင့်အရေးများကို  ချိုးဖေါက်နေသူမျိုး မဖြစ်အောင် သတိရှိနိုင်ကြဖို့ပါ။

            ဆိုလိုတာက ကိုယ်နှင့်ထိမ်းမြားလက်ထပ်ထားသူမှန်သမျှ ကိုယ့်ဘာသာဝင် ဖြစ်ကိုဖြစ်ရမည်ဆိုတဲ့ ဒီမိုကရေစီ ဥပဒေနှင့်မညီတဲ့ ရှေးရိုးအစွဲများကို ဆက်လက်မပြုလုပ်ခြင်း၊ ဘာသာရေးကျူးကျော်ရန်စမှုများကို ရှောင်ရှားကြခြင်း၊ အမျိုးသားရေး ကျူးကျော်ရန်စမှုများမှ ဝေးစွာရှောင်ကြဉ်ခြင်းတို့ကို ဆိုလိုခြင်းပါ။ အကယ်၍ နိုင်ငံတွင်းမှာ နေသူအားလုံးဟာ တစ်စုံတစ်ခုသောအကြောင်းကြောင့် ပြဿနာတစ်စုံတစ်ခုဖြစ်လာခဲ့သော် နိုင်ငံတော်မှ ချမှတ်ထားသော တရားဥပဒေများကို လေးစားလိုက်နာလျှက် တရားဥပဒေနှင့်အညီ ပြဿနာ များကို ဖြေရှင်နိုင်ကြဖို့ပါ။

            ဤပုံဤနည်းဖြင့် “ကျီးကိုဘုတ်ရိုသေ ဘုတ်ကိုကျီးရိုသေ” ဟူသော ကျင့်ထုံးကို ကျင့်သုံးကြလျှက် ရုပ်သေးရုပ်နှင့်တူသော မြန်မာပြည်ကြီးသည် ကကြိုးများကို မရှုပ်စေပဲ မြူးမြူးကြွကြွနှင့် ကချင်တိုင်းကနိုင်သော မင်းသားလေးလို၊ နွဲ့နွဲ့ပြောင်းပြောင်းနှင့် ယဉ်ချင်တိုင်းယဉ်နေသော မင်းသမီးလေးလို နိုင်ငံတကာရဲ့အလယ်မှာ ထယ်ဝါနေဖို့ပါ။ လူမျိုးအားလုံး ဂုဏ်သိက္ခာရှိဖို့ ပြည်သူအားလုံး နိုင်ငံတာဝန်ကို ထမ်းရွက်ကြဖို့ပါ။ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ညီညွတ်ကြဖို့ပါ။ တည်ငြိမ်စွာတိုးတက်နိုင်ရေးအတွက် အချင်းချင်း ခွင့်လွတ်နိုင်ကြဖို့ပါ။  ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။                                                                       ဒေါက်တာဓမ္မပိယ (ITBMU)