မိုးမခကို ပေးတဲ့စာ

မိုးမခသို့ ကျေးဇူးစကား (Win Aung Gyi)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

မိုးမခသို့ ကျေးဇူးစကား

ဝင်းအောင်ကြီး၊ မတ် ၂၉၊ ၂၀၁၃

            အပတ်စဉ်ဝတ်ပြုပွဲသို့အသွား မိတ်ဆွေကသူ့ကားနဲ့လာခေါ်လေ့ရှိပြီး အပြန်မတော့ ကျွန်တော်လမ်းလျှောက် လာလေ့ရှိတယ်။ နေပူလွန်းတဲ့အခါ သစ်ပင်ကြီးအောက်မှာ ခိုနားရတဲ့အရသာဟာ အအေးဓာတ်ပေးထားတဲ့ ဧည့်ခန်းဆိုဖာပေါ်ထိုင်ရတာထက် ပိုကောင်းတယ်။ ငယ်ငယ်တုန်းက ရွာမှာ ညောင်ပင်ကြီးအောက် ကုက္ကိုပင်ကြီးအောက် ဆော့ကစားခဲ့ရတာကိုသတိရမိတာကိုး။

ဒါပေမယ့် သစ်ပင်စိုက်သွားသူဝေးလို့ အရိပ်ခိုရတဲ့အတွက် အပင်ကိုကျေးဇူးတင်ဖို့တောင်မေ့နေလို့ ရှက်မိသလိုလို တာဝန်ပျက်သလိုလို ခံစားမိတယ်။

သန်းဝင်းလှိုင်

မိုးမခမှာ သန်းဝင်းလှုင်ရေးသားနေတဲ့ အတ္ထုပ္ပတ္တိတွေကို တွေ့တိုင်း ကျေးဇူးတင်မိတယ်။ သေသေချာချာမသိဘဲ စိတ်ထင်တိုင်း ကွန်မင့်ဆိုတဲ့လွတ်လပ်ခွင့် အလွဲသုံးစားလုပ်ကာ တခါတလေ မကြားဝံ့မနာသာ မိုက်ရိုက်စော်ကားခံရသူ တွေအတွက် စိတ်မကောင်းဖြစ်ခဲ့ရလို့၊ အဲဒီပုဂ္ဂိုလ်ကြီးတွေ အကြောင်းအမှန်အတိုင်း သိပြီဆို ကြိုက်သလိုထင် ကြိုက်သလို မြင်။ သန်းဝင်းလှိုင်ရေးတာ သူတို့ဖတ်မဖတ်ကျွန်တော်မသိပါ။ သန်းဝင်းလှုင်ရေးတာ ပြီးပြည်စုံခြင်းရှိမရှိလည်း မပြောနိုင်။ အဘက်ဘက်က ဖျက်ဆီးခံနေရတဲ့ မြန်မာပြည်မှာ သတင်းအချက်အလက်တွေ ကမောက်ကမဖြစ်ကုန်ခဲ့ရာ တည့်ပေး မတ်ပေးသူကို အားပေးအသိအမှတ်ပြုကြရမယ်လေ။

မိုးမခပင်ကြီး

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်သေဆုံးတာ ၂၅ နှစ်ပြည့်သွားပြီးကိုးလို့ မိုးမခက ပြန်လည် ဖေါ်ပြပေးတဲ့ စက်မှုအားမာန်မှ မဏ္ဍပ်မထိုးရ— ဆောင်းပါးဖတ်ပြီးသတိရလိုက်တယ်။ သွေးစွန်းတဲ့လမ်းတွေပေါ် အလောင်းတွေကြား ပြေးရင်းလွှားရင်း ကျွန်တော်တို့ သတင်းစာစောင်ထုတ်ခဲ့ကြတယ်။ ရုန်းကန်လှုပ်ရှား ထောင်သွင်း အကျဉ်းချခံပြီး အသက်စတေးသွားသူတွေ။ အသက်မသေ ရှင်ကျန်လွတ်မြောက်လာသူ တစ်ယောက်ရဲ့ကြိုပမ်းမှု အမှတ်အသား။

၁၀ နှစ် သက်တန်းရှိလာတဲ့ မိုးမခပင်ကြီး။ မျိုးစေ့ချ၊ အပင်ပေါက်လေး ယိမ်းမသွား ယိုင်မသွား ချိမသွား နဲ့မသွားအောင် ထိန်းသိမ်းကာ မြေတောင်မြှောက်ပေး ရေလောင်းပေးသူက ၀ါသနာပါလို့ ရေးတယ်။ ထားပါတော့။ လမ်းလျှောက်ရင်း သီချင်းအော်ဆိုသလို၊ အေးအေးလူလူထိုင်ကာ ရုပ်ရှင်ကြည့်သလို၊ အိပ်ယာပေါ်ပက်လက်လှန်ရင်း ၀တ္ထုဖတ်သလို ၀ါသနာမျိုးတော့မဟုတ်။ အရိပ်အာဝါသက ကျေးဇူးဘယ်လောက် ကြီးမားသလဲဆိုတာပြနေလေရဲ့။

လွတ်လပ်မှုနဲ့တာဝန်

မနက်အိပ်ယာကလာပြီး ကော်ဖီခွက်ကိုင်ကွန်ပျူတာရှေ့ထိုင်ကာ မိုးမခဖွင့်လိုက်ရင် သတင်းတွေသိရ၊ ဆောင်းပါးတွေဖတ်ရ၊ ဓာတ်ပုံတွေ ကာတွန်းတွေကြည့်ရတယ်။ လွတ်လပ်တဲ့နယ်မြေက ခေတ်မီနည်းပညာကျေးဇူး။ များပြားစုံလင်လို့  ကြိုက်ရာရွေးဖတ်။ အမှားအမှန် ရဲရဲဝံ့ဝံ့ဝေဖန် ထောက်ပြလေ့ရှိတဲ့ တူမောင်ညိုဆိုလည်း လက်လွှတ်လို့ မရ။ ဆရာအုန်းနိုင်ရဲ့ မှတ်တမ်းတွေကလည်း ဖြတ်သန်းခဲ့တာတွေ ပြန်ပေါ်လာစေတယ်။

ဒီကြားထဲ ဘ၀င်မကျစရာတွေ တွေ့မိဖတ်မိတော့လည်း စိတ်မကောင်းဖြစ်ရတယ်။ မြန်မာပြည်မှာ တာဝန်မဲ့ကြလို့ လွတ်လပ်ခွင့်ဆုံးရှုံးရတာကို သက်ကြီးရွယ်အိုအနေနဲ့ဆင်ခြင်မိသလို၊ စာရေးရင် စင်မြင့်ကိုရော စာဖတ်သူကိုပါလေးစားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ကျင့်ဝတ်ကိုလည်း ကလောင်အိုကြီးသတိရမိတယ်။

မြ၀တီရဲခေါင်

          ၁၉၉၂ ခုနှစ်မေလ မြန်မာပြည်ကထွက်လာပြီး ဘန်ကောက်မှာ ဘီဘီစီမြန်မာပိုင်းအတွက် သတင်းထောက်လုပ် နေစဉ်၊ ခေတ်ပြိုင်မှာ မြ၀တီရဲခေါင်နဲ့ဆုံတယ်။ အယ်ဒီတာချုပ် ဦးဝင်းခက် ဘန်ကောက်ကိုပြန်လို့မရ အမေရိကန်မှာ သောင်တင်နေချိန် ထုတ်ဝေသူ ကိုတင်မောင်ဝင်းကို ၀င်ကူရင်း တွဲခဲ့ရတာပါ။ နောက်ပိုင်း သူသြစတြေးလျကိုရောက်သွား၊ ကျွန်တော်လည်း အလုပ်ရလို့ဝါရှင်တန်ရောက်လာခဲ့တယ်။

            အမေရိကန်ကို သူအလည်ရောက်ခိုက် မြန်မာသုံရုံးရှေ့ဆန္ဒပွဲမှာသတင်းယူရင်း ပြန်ဆုံလိုက်တယ်။အဲဒီအချိန်မှာ ကျွန်တော်တို့မိသားစုဝင် ၄ ယောက် ၃ နိုင်ငံမှာ ၆ နှစ်လောက်ကွဲနေကြရာကနေ ပြန်စုမိနေကြပြီမို့ သူ့ကိုထမင်းဖိတ် ကျွေးနိုင်ခဲ့တယ်။ သူခရီးဆက်တဲ့ ရစ်ချမွန်အထိလိုက်ပါသွားတယ်။ သူကွယ်လွန်ကြောင်း မိုးမမခထဲမှာ ဖတ်လိုက်ရတော့ သူ့နောက်ဆုံးခရီး လိုက်မပို့နိုင်တော့ပါ။

ဟံသာဝတီဦးဝင်းတင်မွေးနေ့

            ဒီတစ်သက် ဘယ်တော့မှ ပြန်မတွေ့ကြရတော့လို့ လက်လျှော့ထားသူ ဟံသာဝတီဦးဝင်းတင်နဲ့ ရန်ကုန်မှာပြန်ဆုံ လိုက်ရတာ ကြည်နူးဝမ်းသာလို့မဆုံး။ အားပါးတရစကားပြောကြအပြီး လာခဲ့ဦးဗျာလို့မှာလိုက်သေးတယ်။ သူ့မွေးနေ့ သတင်းမိုးမခထဲ ဖတ်ရတော့ ဘာလုပ်မလဲ။ ဖယောင်တိုင် ၈၃ တိုင်ထွန်း၊ကိတ်မုန့်ဓာနဲ့လှီးကာ Happy Birthday လို့ သီချင်းဆိုကာ သူကျင်းပတာ ကြုံဖူးကြားဖူးဖို့ဝေးလို့ စိတ်ကူးကြည့်လို့တောင်မရ။

            သူထောင်ထဲ တိုက်ပိတ်ခံရစဉ် Centrum အားဆေး ရောက်အောင်ပို့ပေးနိုင်ခဲ့တယ်။ထောင်ကလွတ်တဲ့နေ့က တစ်နာရိနီးပါး တယ်လီဖုန်းဆက်စကားပြောခဲ့တယ်။ ခုတော့ ဘယ်သူကဘာဘယ်လောက်ပေးပေး အကုန်လှူပစ်တယ်လို့ သူကိုယ်တိုင်ပြောပြတယ်။ သတိရပြီသူ့အတွက် မေးနေ့လက်ဆောင်။ အနှစ် ၅၀ လောက်ခင်မင်ရင်းနှီးလေးစားခဲ့ရသူကြီး အကြောင်း လူငယ်တွေသိအောင် ပြောပြရေးပြဖို့လေ။

ကာတွန်းစောငို

          မိုးမခမှာ သူ့လက်ရာကာတွန်းတွေ့တိုင်း မေ့မရနိုင်ဖြစ်ရပ်ခေါင်းထဲပေါ်လာတယ်။ ထိုင်းနိုင်ငံကိုရောက်လာပြီး မကြာခင် ABSDF  နဲ့အဆက်အသွယ်ဖြစ်ကာ ကျောင်းသားရဲဘော်တွေကို သတင်းယူတတ်ဖို့၊ ဘာသာပြန်တတ်ဖို့ သင်တန်းပေးဖြစ်တယ်။ သင်တန်းမှူး ကိုမင်းအောင်၊ ဒေါင်းအိုဝေစာစောင်တာဝန်ခံ မိဆူးပွင့်တို့နဲ့အတူ ကာတွန်းစောငို ကိုလည်းတွေ့ဆုံခင်မင်ခဲ့တယ်။

            ABSDF စခန်းမှာ တစ်နေ့အဘ (အငြိမ်းစား ဒုဗိုလ်မှူးကြီးအေးမြင့်) ကျောင်းသားတွေကို နန်းကြီးသုတ်လုပ်ကျွေး တာငြုတ်သီးလက်လွန်းသွားလို့ စောငိုမျက်ရည်မကျဘဲ နှာရည်တွေကျနေတာကိုကြည့်ကာ ပွဲကျနေတဲ့မြင်ကွင်းပါ။ ခုတော့ ဘယ်ဆီရောက်နေတယ်မသိ၊ ကာတွန်းစောငိုရဲ့လက်ရာတွေနဲ့တော့ မိုးမခမှာမကြာခဏဆုံရတယ်။

သစ်ပင်ပေါ်က ငှက်တစ်သောင်း

            မိုမခပင်ကောင်းတော့လည်း ငှက်ပေါင်းတစ်သောင်းမက နားကြခိုကြ အသိုက်အမြုံဖွဲ့ပေလိမ့်မယ်။ ငှက်ပေါင်းစုံ။ အသံပေါင်းစုံ။ ခွပ်ဒေါင်းရဲ့အိုဝေသံပါမယ်၊ ချိုးကလည်း ငြိမ်းချမ်းရေးသံကူမယ်၊ ဆက်ရက်တွေကလည်း တွတ်တွတ် ထိုးမယ်။ ကျီးကန်းတွေကလည်း အာကြမယ်။ ခိုညည်သံတွေလည်းကြားရမယ်။ တစ်တီတူးတွေကလည်း အခွင့်အရေးဝင်ယူကာ ကိုယ်ရည်သွေးကြမယ်။

 မသာအလောင်း လာမျှော်တဲ့ လင်းတတွေလည်းပါချင်ပါမယ်လေ။ အညစ်အကြေးစွန့်ကြမယ်။ ၀ိုင်းဖွဲ့ခွတ်ချင် ခွတ်ကြလိမ့်မယ်။ ငှက်တွေကိုး။

အရိပ်နေနေ အခက်ချိုးချိုး

မိုးမခပင်မှာ အရိပ်ခိုကြတာလူတွေလေ။ အရိပ်နေနေ အခက်ချိုးချိုးမလုပ်ဖို့ဆိုတာက လူတွေအတွက် သတိပေး စကား။ မိမိနဲ့အရောင်မတူ မျိုးနွယ်ကွဲပြားလည်း လူကိုလူလိုမြင် လူလိုဆက်ဆံတတ်ခြင်းဟာ လူသားဝါဒ (Humanism)ရဲ့ မရှိမဖြစ် အခြေခံလိုအပ်ချက်။

ဘောလုံးပွဲမှာ မြေပဲဆားလှော်ဝါးရင်း ချလိုက်ပါလား၊ ဆော်လေကွာလို့ အော်ဟစ်နေသူတွေဟာ အားကစား ၀ါသနာရှင်မဟုတ်၊ ဘောလုံးပွဲလာဖျက်သူတွေ။ မိုးမခမှာ အဆိပ်အတောက် ဖြစ်စေနိုင်တာတွေ ရေးမိပါက အခက်ချိုးရာ ကျပေလိမ့်မယ်။ စာရေးရင်း ကွယ်လွန်သူ ကေအန်ယူခေါင်းဆောင် ဗိုလ်ချုပ်မြပြောဖူးတာ ခေါင်းထဲဝင်လာလို့ ဝေငှပါရစေ။ ကိုယ့်လူမျိုးကိုယ်ချစ်ဖို့ တခြား လူမျိုးကို သွားမုန်းစရာမလိုဘူး၊ သူတစ်ပါးဘာသာကို သွားမပုတ်ခပ်ဘဲလည်း ကိုယ့်ဘာသာကိုယုံကြည်လို့ရပါတယ်ဆိုတာပါ။

မိုးမခပင်ကြီးကား အေးမြလှပါဘိ။ အရိပ်ခိုရင်း အခက်မချိုးမိဖို့ ဆင်ခြင်ရင်း ကျေးဇူးစကားဆိုလိုက်ရကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts