ဆင်းရဲသား အားအနည်းဆုံးလူတွေရဲ့ မျက်နှာ
မောင်လူရေး၊ မတ် ၂၂၊ ၂၀၁၃
(လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၄)
ဆင်းရဲသားလယ်သမားယာသမားတွေအတွက် ရေရှည်တည်တံ့မဲ့အကျိုးအမြတ်ဘာမှမပါဘဲ သူတို့မှီတည် လုပ်ကိုင်စားသောက်နေထိုင်တဲ့မြေယာတွေကို နှစ် ၆၀ ငှားရမ်းလိုက်ကြတယ်။
အပေးအယူစာချုပ်တွေဟာ ဘာမှပွင့်လင်းမှုမရှိတဲ့အတွက် အိမ်ရှင်နိုင်ငံတော်နဲ့ ဒေသခံတွေဘဲ အများကြီး နစ်နာရတယ်။ မှောင်ရိပ်ခိုစာချုပ်တွေဆိုတော့ ဘယ်သူကမှလဲ မစောင့်ကြည့်နိုင်ဘူး။ အကျိုးအမြတ်တွေကို ဦးပိုင်နဲ့ ဝမ်ပေါင်က ယူသွားပြီး ဘေးထွက်ဆိုးကျိုးနဲ့ သယံဇာတဆုံးရှုံးမှု တွေကိုတော့ အိမ်ရှင်နိုင်ငံတော်နဲ့ ဒေသခံတွေကဘဲ ခံကြရတယ်။ နည်းပညာနဲ့ ဥပဒေမဲ့နေတော့ သယံဇာတပြုန်းတီးမှုဘဲ အဖတ်တင် ကျန်ရစ်ခဲ့တယ်။
နောက်ထပ်ဂုဏ်သိက္ခာပြုန်းတီးမှုရှိသေးတယ်။ ဒေသခံတွေကို နိုင်ငံတော်က အလေးအမြတ်မပြုတဲ့ အတွက် ဝမ်ဘောင်နဲ့ဦးပိုင်က လူစရင်းမသွင်းဘဲ ပြုမှုတာတွေ အများကြီးဖြစ်နေတယ်။ ဒေသခံတွေကို နှိပ်ကွပ်ဖို့ နိုင်ငံတော်ရဲတွေကိုတောင် ကြေးစားတွေလို ပြုမှုဆက်ဆံကြတယ်။ နေ့တွက်ပေးပြီး လုံခြုံ ရေးငှားတယ်။ ဥပဒေနဲ့ညီညီ မညီညီလုပ်ခိုင်းတယ်။ ကိုယ့်ယုံကြည်ကိုးကွယ်ရာ သာသနိကအဆောက် အဦတွေ ဖျက်ရာမှာပါ ဘေးကနေ ရပ်ရွာက လူတွေမဟန့်တားနိုင်အောင် ဝန်းရံပိတ်ဆို့ခိုင်းထားတယ်။ နောက်ဆုံး ကိုယ်ကိုးကွယ်ရာသံဃာတော်တွေကိုတောင် မီးလောင်တိုက်သွင်းခိုင်းတယ်။ ဒါဟာ ရဲတွေကိုပါလုပ်တဲ့ စိတ်ပိုင်းဆိုင်ရာညှင်းပမ်းမှု၊ ဂုဏ်သိက္ခာညှိုးနွမ်းမှုတွေပါ။ အဲသလိုဆိုတော့ ဆင်းရဲသားပြည်သူတွေကလဲ ရဲတွေကို မုန်းတီးရွံရှာကြတယ။်
ကော်မရှင်ပုံဖေါ်ကြည့်ထားတဲ့လက်ပံတောင်းဒေသကို ကြည့်ကြရအောင်။
ကျန်းမာရေးစောင့်ရှောက်မှုမရှိ။ မြေယာသိမ်းခံရလို့ အလုပ်အကိုင်ရှားပါး၊ ဆုံးရှုံးသွားတဲ့သောက်သုံးရေနဲ့ ရေအရင်းအမြစ်ရှားပါးမှု၊ အက်စစ်ပန်းလို့ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်သဘာဝပတ်ဝန်းကျင်ကြီး၊ ရေဆိုးရေညစ်များ၊ စိမ့်ယိုနေတဲ့ဓာတုအဆိပ်များ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ၊ အိမ်ဘေး ယာဘေးရောက်လာတဲ့ကျောက်ပုံကြီးများတဲ့။
ညှိုးငယ်နာကျင်မှု၊ အားကိုးရာမဲ့မှု၊ ဖိစီးမှု၊ ကြောက်ရွံထိတ်လန့်မှု၊ တုန်လှုပ်ချောက်ချားမှုတွေကလွဲရင် ဘာမှ ထွက်မလာနိုင်တော့တဲ့နေရာတွေပေါ့။
ပညာတတ်တွေထွက်ဖို့ဆိုတာတော့………… အင်း။
ကော်မရှင်က ဆက်ပြပါတယ်။
ဂေဟစနစ်။ ။ မြေအောက်ရေသည် သောက်သုံးရန်မသင့်လျော်။
လေထုညစ်ညမ်းမှုအခြေအနေ။ ။ ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စံချိန်စံညွန်းများထက် ပိုမို။
လူမှုပတ်ဝန်းကျင်ရှုထောင့်မှဆန်းစစ်ချက်။ ။ အိမ်များတည်ဆောက်ပေးရာတွင် အရည်အသွေး ညံ့သဖြင့် အိမ်အမျိုးအစားအလိုက် လျော်ကြေး ၄ သိန်းမှ ၁၀ သိန်းထပ်ပေး၊ မြေယာ သီးနှံလျော်ကြေးအဖြစ်တစ်ဧကလျှင် ၅၂၀,၀၀၀ ကျပ် မှ ၅၅၀,၀၀၀၊ ထန်းတပင်နှင့်သနပ်ခါးတပင်လျှင် ၁၀၀,၀၀ကျပ်၊ သရက်တစ်ပင် ၁၆,၀၀၀ကျပ် ဖြင့် လျော်။
စံပြကျေးရွာအဆင့်မီ တည်ဆောက်မထား။ လျော်ကြေးကိစ္စမှာ မပွင့်လင်း၊ မမြင်သာ။ ဒေသခံတွေကို စီမံကိန်းနှင့်ပတ်သက်၍ ဘာမှမရှင်းလင်း၊ အသိမပေး။ လျော်ကြေးပေးမည့်ဆင့်ခေါ်ကြော်ညာစာများတွင် မြေယာ/သီးနှံလျော်ကြေးများဟုရေးထားပြီး လျော်ကြေးရရှိကြောင်း လက်ဗွေ(သို့မဟုတ်)လက်မှတ်ထိုးရသော ဝန်ခံချက် စာရွက်တွင်မူ လျော်ကြေးငွေရရှိကြောင်းနှင့် မြေယာစွန့်လွတ်ကြောင်း ဝန်ခံချက်ဟုတွေ့။ မြေယာ/ သီးနှံလျော်ကြေး ပေးရာတွင် ယာမြေဖြင့် အသက်မွေးဝမ်းကျောင်းနေရသော ကျေးလက်နေ ရွာသူ/ရွာသားများအား ကာလတန်ဖိုး(Market Value)ဖြင့် လျော်ကြေးပေးမှုမရှိ။ စီမံကိန်းတွင် လူမှုရေး အကျိုးသက်ရောက်မှုအဆင့်မီအကဲဖြတ်ခြင်း SIA မရှိ။
ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျဆောင်ရွက်ခြင်းရှိ/မရှိ။ ။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲပြုထားသော ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်မရှိသေး။
ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ယေဘုယျအားဖြင့် ခန့်မှန်းထားပြီး ကျယ်ကျယ် ပြန့်ပြန့် အကဲဖြတ်ဆန်းစစ်ထားခြင်း မတွေ့၊ မည်သည့်နည်းစနစ်များကို အသုံးပြု၍ အကျိုးသက် ရောက်မှုများကို ခန့်မှန်းတွက်ချက်ထားသည်ကိုလည်း တိတိကျကျဖော်ပြထားခြင်း မရှိ၊ အကျိုးသက် ရောက်မှုတစ်ခုချင်းစီ၏ ဝိသေသလက္ခဏာ တိတိကျကျ ဖော်ပြထားခြင်းမရှိ၊
ကြေးနီစီမံကိန်း၏ အကြို ကာလ၊ တည်ဆောက်ရေးကာလ၊ လည်ပတ်ရေးကာလ၊ မိုင်းပိတ်သိမ်းရေး ကာလများအလိုက် အပိုင်း ခွဲခြားကာ သက်ရောက်မှုများကို ဆန်းစစ်ခြင်းပြုလုပ်ထားမှုမရှိ၊ လူမှုစီးပွားဆိုင်ရာသက်ရောက်မှု အကဲဖြတ်ဆန်းစစ်မှုကိုလည်း စာမျက်နှာ၂၆ မျက်နှာခန့်ဖြင့် ယေဘုယျသဘော ရေးသား ပြုစုထား သည်ကို တွေ့ရပြီး စနစ်တကျအချက်အလက်များကို ကောက်ယူကာ အကဲဖြတ်ဆန်းစစ်ထားခြင်းမျိုး မရှိ၊
ကြေးနီစီမံကိန်းကြောင့် ထိခိုက်နိုင်ဖွယ်ရှိသော ဒေသခံပြည်သူများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ စီမံကိန်းကို စိတ်ဝင်စားသူများထံသို့ ဖြန့်ဝေကာ တိုင်ပင်ဆွေးနွေးခြင်း၊ သဘောထား အမြင်များ တောင်းခံခြင်း၊ အကြံပြုချက်များ ရယူခြင်းတို့ကို ပြုလုပ်ခဲ့သည့် အထောက်အထားများ မတွေ့။
မြန်မာ – အိုင်ဗင်ဟိုကြေးနီကုမ္ပဏီလီမိတတ် ( Myanmar Ivanhoe Copper Company Limited – MICCL ) လက်ထက်က ပြုခဲ့သော အစီရင်ခံစာများသည် ၁၉၉၆ ခုနှစ်တွင် ပြုစုခဲ့ခြင်းကြောင့် မျက်မှောက်ကာလတွင် လက်ပံတောင်းတောင်နှင့်အနီးပတ်ဝန်းကျင်ဒေသ တစ်ဝိုက်၏ လူမှုစီးပွားရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကိုထင်ဟပ်နိုင်းစွမ်းမရှိ၊
ကနဦးအစီရင်ခံစာဖြစ်သည့်အားလျော် စွာ စီမံကိန်းတစ်ခုလုံး၏အစ၊ အလယ်နှင့်အဆုံး၍ ဖြစ်ပေါ်လာနိုင်သော ကောင်းကျိုးဆိုးကျိုးများကို အကဲဖြတ်ဆန်းစစ်မှုတွင် လိုအပ်ချက်များရှိ၊ လွန်ခဲ့သည့် ၁၆ နှစ်က ပြုစုခဲ့ခြင်းကြောင်း ကမ္ဘာဘဏ်၏ စံချိန်စံညွှန်းများနှင့်လည်းကောင်း လက်ရှိပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံချိန် စံညွှန်းများနှင့်လည်းကောင်း ကိုက်ညီမှုမရှိတော့။
လူမှုစီးပွားရေးဆိုင်ရာသက်ရောက်မှု အကဲဖြစ်ဆန်းစစ်ခြင်းနှင့် သက်ဆိုင်သော အခန်းကဏ္ဍမှာလည်း အားနည်းချက်များစွာရှိပြီး စစန်တကျ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်အကဲဖြတ်ထားခြင်းမရှိ၊ ဘာသာရေးနှင့် ယဉ်းကျေးမှုအမွေနှစ်ဆိုင်ရာ အကဲဖြတ်မှုအပိုင်းကဏ္ဍကိုလည်း ပြည့်ပြည့်စုံစုံ လေ့လာ တင်ပြထားခြင်းမရှိ။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိန်းသိမ်းခြင်းအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများကို အသုံးပြု၍ စနစ်တကျဆောင်ရွက်ခြင်းမရှိကြောင်း သို့မဟုတ် လွန်စွာအားနည်းလျက်ရှိကြောင်း။ မြန်မာ-အိုင်းဗင်ဟိုကြေးနီကုမ္ပဏိမီလိတတ် လက်ထက်က စတင် ပြုစုခဲ့ပြီး မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ဆက်လက်အသုံးပြုနေသော ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ချက် အစီရင်ခံစာများသည် လက်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် အသုံးပြုရန် အားနည်းချက်များ ရှိနေပါသောကြောင့် ပိုမိုပြည့်စုံပြီး နိုင်ငံတကာပြဋ္ဌာန်းချက်များ စံချိန်စံညွှန်ုးများကို ထင်ဟပ်စေနိုင်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရာက်မှု အကဲဖြတ် ဆန်းစစ်ခြင်းအစီရင်ခံစာ (and Social Impact Assessment – ESIA ) အသစ်ပြုစု ဆောင်ရွက်ရန်လို။
ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Environmental Management Plan – EMP ) နှင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ( Occpupational Health and Safet Assessment System – OHSA) များကို နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံချိန်းစံညွှန်းများနှင့် အညီ စနစ်တကျရေးဆွဲကာ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိ အမှတ်ပြုလက်မှတ်များ ရရှိထားသော အတွေ့အကြုံရင့်ကျက်သည့် ပြည်တွင်းပြည်ပ အကြံပေးပညာ ရှင်များ၊ ကျွမ်းကျင်သူများကို ငှားရမ်းကာ ဆောင့်ရွက်သင့်တဲ့ … ဗျား။
ဒေသကလူတွေ ဘယ်လိုခံနေရမယ်ဆိုတာ မြင်ရလောက်ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ကပညာရှင်တွေ အလွန်တာဝန်ကျေပါတယ်။ ဒီအပေါ်မှာ ဆုံးဖြတ်ချက် တွေလွှမ်းမိုးတာကတော့ သူတို့နဲ့ မဆိုင်လောက်ပါဘူး။
နိုင်ငံတော်အတွက်လို့ပြောပြီး ဒေသခံတွေမှာ လျှော်ကြေးလေးကာရာအိုကေတစ်ဝိုင်းစာလောက်၊ အလှစိုက်ပန်း တပင်ဖိုးလောက်နဲ့ ဘဝအရည်အသွေးတွေဟာ လုံလောက်နေပြီလား။
ကျန်းမာမှု၊ မိသားစုဘဝ၊ သင့်မျှတဲ့လူနေမှုဝန်းကျင်နဲ့ ရုပ်ဝတ္ထုပိုင်ဆိုင်မှု၊ တည်ငြိမ်မှုနဲ့ လုံခြုံမှု၊ ရာသီဥတုနဲ့ ပထဝီအနေအထား၊၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လွတ်လပ်မှုစတဲ့ ဘဝအရည်အသွေးတွေမရှိဘဲ လူစဉ်မှီပါအုံးမလား။
ကိုယ်နဲ့ဘာမှမဆိုင်တဲ့သူတွေ၊ ကိုယ်မမြင်ဘူးတဲ့သူတွေ၊ ကိုယ့်ဒေသနဲ့အဆက်အစပ်မရှိတဲ့သူတွေက ဖွံ့ဖြိုးရေးဆိုပြီး စီမံကိန်းတွေလုပ်ဆောင်ကြတာမှာ ရပ်ရွာရဲ့အေးချမ်းသိမ်မွေ့တဲ့၊ မေတ္တာလွှမ်းတဲ့၊ အပြန်အလှန်စောင့်ရှောက်တဲ့ နေ့စဉ်ဘဝရှင်သန်မှုပုံစံတွေ အပျက်ခံပေးသင့်ပါသလား။
ရှေးဘိုးဘေးဘီဘင်ထဲက ညင်ညင်သာသာစီးဆင်းလာတဲ့၊ လူ့အသိုက်အအုံကိုဖွဲ့စည်းပေးထားတဲ့ မြတ်နိုးဖွယ် ဓလေ့ထုံးတမ်းယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားစေသင့်ပါသလား။
အားလုံးအမျိုးတွေချည်းဘဲဆိုပြီး သဟဇာတရှိနေကြတဲ့ အသိုက်အမြုံလေး ဖျက်သိမ်း ပေးလိုက်ရမလား။
အဲဒီအသိုက်အမြုံရဲ့တည်မှီရာ ရေမြေတောတောင်တွေ ဖြိုလှဲပေးလိုက်ရမှာလား။
ရပ်ရွာရဲ့ကျန်းမာသန်စွမ်းမှုနဲ့ သာယာပျော်ရွှင်မှုတွေကို ရုပ်သိမ်းပေးလိုက်ရမှာလား။
ရပ်သူရွာသားများရဲ့ မြေယာနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုခွင့်ကို စွန့်လွတ်လိုက်ရမှာလား။
ရပ်သူရွာသားများဟာ အနာဂတ်အိပ်မက်တွေမက်ခွင့်မရှိရတော့ဘူးလား။
မျှော်လင့်ချက်တွေကိုရော ချိုးခြေပစ်လိုက်ရတော့မှာလား။
အခုအချိန်မှာ ကြေးနီထွက်ဒေသတစ်ခုလုံးကဆင်းရဲသားတွေဟာ ပြည်သူသားအဖြစ်က လျောကျလာတဲ့အတွက် ယဉ်ကျေးမှုကျဆင်းတဲ့ဒဏ်ကိုပါ အကြီးအကျယ်ခံနေရပါပြီ။
ဂန္ဓီကြီးကတော့
“ ကိုယ့်လုပ်ရပ်ကို သံသယရှိတဲ့အခါတိုင်းမှာ ဟောဒီစမ်းသပ်ချက်ကို လုပ်ပါလေ။ ပထမဆုံး ကိုယ့်လူ့အဖွဲ့အစည်းရဲ့ ဆင်းရဲသား အားအနည်းဆုံး လူတွေရဲ့ မျက်နှာကို မြင်ယောင်ပါ။ ပြီးတော့ သင်ရည်ရွယ်ထားတဲ့ လုပ်ငန်းဟာ ဒီလူတွေအတွက် အကျိုးဖြစ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုမေးပါ “ တဲ့။
မောင်လူရေး